ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ရာဇဝတ်သား ဘော့စနီးယား ဆာ့ဘ်ခေါင်းဆောင် မလားဒစ်ချ်ကွယ်လွန်
- ရေးသားသူ, ယာရိုစလက်ဗ် လူကစ်ဗ်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၂
စစ်ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဘော့စနီးယား ဆာ့ဘ် ခေါင်းဆောင် ရတ်ကို မလားဒစ်ချ် ဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်ခ်မြို့က ကုလသမဂ္ဂ အကျဉ်းထောင်မှာ အသက် ၈၄ နှစ်အရွယ်မှာ သြဂုတ်လ ၂၇ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။
သူဟာ အရင် ယူဂိုစလားဗီးယားနိုင်ငံထဲမှာ ၁၉၉၂ ကနေ ၁၉၉၅ အထိ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေအတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် ၂၀၁၇ မှာ တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
ဘော့စနီးယားစစ်ပွဲပြီးနောက် သူဟာ ၁၆ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးတဲ့နောက် ၂၀၁၁ မှာ ဆားဘီးယား ကျေးလက်ဒေသတစ်ခုမှာ နောက်ဆုံး ဖမ်းဆီးတွေ့ရှိခဲ့ပြီး နယ်သာလန် နိုင်ငံ သည်ဟိတ်ခ်မြို့မှာ တရားစွဲဆို စစ်ဆေးခံခဲ့ရပါတယ်။
"ဘော့စနီးယား သားသတ်သမား" လို့ လူသိများတဲ့ မလားဒစ်ချ် အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ၂၀၂၁ မှာ အယူခံတရားရုံးက အတည်ပြုခဲ့ပါတယ်။
သူဟာ ကုလသမဂ္ဂ ထိန်းသိမ်းရေးစခန်းက ဆေးရုံမှာ နာကျင်မှုသက်သာစေတဲ့ ကုသစောင့်ရှောက်မှု ခံယူနေတုန်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
သူသေဆုံးမှုသတင်းကို ဆားဘီးယား မီဒီယာတွေက ပထမဆုံး ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ ကုလသမဂ္ဂ အရာရှိတစ်ဦးက အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက သူ့ဘဝနောက်ဆုံး အချိန်နီးလာချိန်မှာ ထောင်ကနေ လွှတ်ပေးဖို့ တင်သွင်း လျှောက်ထားခဲ့ပေမဲ့ သည်ဟိတ်ခ်မြို့က ကုလသမဂ္ဂ တရားရုံးက ပယ်ချခဲ့ပါတယ်။
တရားသူကြီးက သူ့အခြေအနေ "တကယ့်ကို ဆိုးရွား" နေတာကို သဘောတူခဲ့ပေမဲ့ ထောင်ထဲမှာ "ပြည့်စုံပြီး လူသားချင်းစာနာထောက်ထားတဲ့ ကုသစောင့်ရှောက်မှု" ရနေတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကုလသမဂ္ဂ တရားရုံးကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့တဲ့ မလားဒစ်ချ် ကို ၂၀၁၁ ခုနှစ်က စပြီး သည်ဟိတ်ခ် ထိန်းသိမ်းရေးဌာနမှာ ထိန်းသိမ်းထားခဲ့ပါတယ်။
မလားဒစ်ချ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်း ဘော့စနီးယား ခရိုအက်နဲ့ ဘော့စနီယက် (ဘော့စနီးယား မွတ်စလင်) တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ ဘော့စနီးယား ဆာ့ဘ် တပ်ဖွဲ့တွေကို ကွပ်ကဲခဲ့သူပါ။
စစ်ပွဲကာလတုန်းက သူ့ တပ်ဖွဲ့တွေဟာ ဘော့စနီးယား-ဟာဇီဂိုဗီးနားမှာ "လူမျိုးစု ရှင်းလင်းဖယ်ရှားမှု" တွေ ကျူးလွန်ခဲ့ပါတယ်။ အဓိကမြို့တော် ဖြစ်တဲ့ ဆာရာယေဗိုကို ဝိုင်းရံပိတ်ဆို့တိုက်ခိုက်မှုကြောင့် လူပေါင်း အယောက် ၁၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဆရေဘက်နီဆာ မှာ အမျိုးသားတွေနဲ့ ယောက်ျားလေး အယောက် ၈,၀၀၀ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာပါ။
ဆရေဘက်နီဆာ ကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဟာဆန် ဟာဆန်နိုဗစ်ချ်က အဲဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ သူ့အဖေနဲ့ အမြွှာညီအစ်ကို တို့ကို ဆုံးရှုံးခဲ့ရပါတယ်။
မလားဒစ်ချ် သေဆုံးမှုဟာ ဆရေဘက်နီဆာ မှာ သတ်ဖြတ်ခံခဲ့ရသူတွေ ပြန်လည်အသက်ရှင်လာနိုင်ခြင်း မရှိတာကြောင့် စိတ်ဝမ်းကွဲမှုတွေကို ပြန်ပေါင်းစည်းလို့ မရနိုင်ပါဘူး" လို့ ဟာဆန်နိုဗစ်ချ်က BBC Newshour အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ဆရေဘက်နီဆာ က အောက်မေ့ဖွယ်ဌာနမှာ အလုပ်လုပ်နေတဲ့ ဟာဆန်နိုဗစ်ချ် က " မလာဒစ် သေဆုံးမှုဟာ သဘာဝအတိုင်း မလွှဲမရှောင်သာ ဖြစ်စဉ်တစ်ခုသာ ဖြစ်ပြီး၊ လူမျိုးတုံးသတ်ဖြတ်မှုကို ဖြစ်စေခဲ့တဲ့ နိုင်ငံရေးနဲ့ စစ်ရေးပြဿနာတွေကို အဆုံးသတ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒီနေ့မှာ ကျွန်တော်တို့ဟာ ကွဲပြားနေတဲ့ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုနေတာတွေရဲ့ အကျိုးဆက်တွေနဲ့ အတူ နေထိုင်နေကြရဆဲ ပါဘဲ" လို့ သူက ဆိုပါတယ်။
တစ်ဖက်မှာလည်း ဆားဘီးယားနိုင်ငံရဲ့ မြို့တော် ဘဲလ်ဂရိတ် မှာရှိတဲ့ သာမန်ဒေသခံ တချို့ရဲ့ တုံ့ပြန်မှုတွေမှာ သိသိသာသာ ကွဲပြားနေခဲ့ပါတယ်။
ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ မီလန်လို့ အမည်ရသူ တစ်ဦးက "သူဟာ ဆာ့ဘ်လူမျိုးတွေကို ကာကွယ်ခဲ့တယ်လို့ ကျွန်တော် အမှန်တကယ် ယုံကြည်ပါတယ်၊ ဘာလို့လည်းဆိုတော့ ဒီကိစ္စက သူ့တာဝန်ဖြစ်လို့ပါဘဲ" လို့ ပြောပါတယ်။
ဗာစလီ ဆိုတဲ့ တခြားအမျိုးသားတစ်ယောက်က "ဒါဟာ တကယ့်ကို ဝမ်းနည်းစရာ ကိစ္စတစ်ခုပါ။ တကယ်ပဲ ဖြစ်ပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အမြင်အရတော့ သူ့ကို သည်ဟိတ်ခ်ကို ပို့ဆောင်ခဲ့တာကိုက လုံးဝ မတရားမှုတစ်ခုလို့ ထင်ပါတယ်" လို့ ပြောပါတယ်။