ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဆရာဝန်တွေ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကစလို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး လက်ထက်အထိ တပ်ချုပ်တွေဟာ သူတို့ ယုံကြည်စိတ်ချရသူတွေကိုပဲ ဆရာဝန်အဖြစ်ထားလေ့ရှိပြီး စစ်တပ်ရဲ့ ဆေးလောကမှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးနေရာကိုပါ ချီးမြှင့်လေ့ရှိကြပါတယ်။
အာဏာရှင်တွေနဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အာဏာသက်တမ်းကို တတ်နိုင်သမျှဆွဲဆန့်နိုင်ဖို့ ကျန်းမာရေးကို အထူးဂရုပြုလေ့ရှိပါတယ်။ သူတို့ရဲ့အတွင်းစည်းဆရာဝန်တွေက ဒီအချက်ကို ဖြည့်ဆည်းပေးရပါတယ်။
စစ်ခေါင်းဆောင်တွေရဲ့ ပြည်တွင်းပြည်ပခရီးစဥ်တွေတိုင်း ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးက လိုက်ရပါတယ်။
"အစားအသောက်တွေရဲ့ သန့်ရှင်းမှုကနေ အဆိပ်ခတ်လုပ်ကြံမှုတွေမရှိဖို့ပါ ကရတ က စစ်ရတယ်" လို့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးက အငြိမ်းစားအရာရှိတစ်ဦးက ပြောပါတယ်။
ကရတ ဆိုတာ ကျန်းမာရေးနှင့်ရောဂါနှိမ်နင်းရေးတပ်ရဲ့ အတိုကောက်ဖြစ်ပြီး ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးရဲ့ လက်အောက်ခံတပ်တစ်ခုဖြစ်ပါတယ်။
ဗေဒင်ဆရာ၊ ဆရာဝန်နဲ့ အင်ဂျင်နီယာ
စစ်ခေါင်းဆောင်တွေ အာဏာယူအုပ်ချုပ်တဲ့ မြန်မာ့နိုင်ငံရေးမှာ "ဗေဒင်ဆရာ၊ ဆရာဝန်နဲ့အင်ဂျင်နီယာ" ဆိုတဲ့ အမည်သုံးခုက အရေးကြီးတယ်လို့ စစ်ရုံးမှာ ပြောစမှတ်ရှိပါတယ်။
အဲဒီ ၃ မျိုးက အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ အတွင်းစည်းထဲကလူတွေဖြစ်ပြီး မိသားစုနဲ့အိမ်တော်တွေအထိ အဝင်အထွက်ရှိသူတွေဖြစ်ကြလို့ပါ။
ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်ချုပ်ဖြစ်လာပြီးတဲ့နောက် အရင်ဆုံးအပြောင်းအလဲလုပ်တဲ့ ရာထူးတွေထဲ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးလည်းပါဝင်ပြီး ဗိုလ်မှူးချုပ်ဇော်မျိုးဟန်ကို ခန့်အပ်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ဇော်မျိုးဟန်ဟာ သမ္မတဟောင်းဒေါက်တာမောင်မောင်နဲ့ ဆွေမျိုးတော်စပ်သူဖြစ်တယ်လို့ သူ့လက်အောက်မှာ အမှုထမ်းဖူးတဲ့ စစ်/ဆေး အရာရှိတစ်ဦးက ပြောပါတယ်။
"သူက စာအုပ်ကြီးသမား၊ Public Health (ပြည်သူ့ကျန်းမာရေး) အထူးပြု" လို့ အဲဒီ အရာရှိက ပြောပါတယ်။
လက်ရှိ တပ်ချုပ် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးလုပ်တုန်းက ဗိုလ်ချုပ်ဇော်မျိုးဟန်နဲ့ ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဇော်မျိုးဟန်ဟာ စစ်ဦးစီးအရာရှိတတိယတန်းကနေ ပထမတန်းအထိ စစ်ရုံးမှာပဲ နေခဲ့ရပါတယ်။
အဲဒီနောက် ဆေးဌာနမှူးဖြစ်ပြီး တပ်မတော်ဆေးတက္ကသိုလ်မှာ ဒုတိယပါမောက္ခချုပ်ဖြစ်ပါတယ်။
တပ်မတော်အသည်းဆေးရုံ (မင်္ဂလာဒုံ)နဲ့ ရန်ကုန်မှာရှိတဲ့ အမှတ်(၂) စစ်ဆေးရုံ (ကုတင်-၅၀၀) တို့မှာ တပ်မှူးအဖြစ် အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါကာလကို ဖြတ်သန်းရပါတယ်။
အခုတော့ စစ်ဆေးရုံတွေနဲ့ စစ်မြေပြင်ဆေးတပ်ရင်းတွေအပါအဝင် ဆေးတပ်ပေါင်း ၆၀ ဝန်းကျင်ကို ဦးစီးရတဲ့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးဖြစ်လာပါတယ်။
အတွင်းစည်းက ဆရာဝန်တွေ
အာဏာရှင်တွေနဲ့ စစ်ခေါင်းဆောင်တွေရဲ့ ဆရာဝန်တွေက ဘာကြောင့်အရေးပါလဲဆိုတဲ့အချက်ကို တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းရဲ့ ဆရာဝန် ဒေါက်တာ လီကျိစုအိ (Li Zhisui) ရေးခဲ့တဲ့ "The Private Life of Chairman Mao" စာအုပ်က ဖော်ပြပါတယ်။
ဥက္ကဋ္ဌ မော်ရဲ့ ဆရာဝန်အဖြစ် ၂၂ နှစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာလီက ခေါင်းဆောင်ကြီးကွယ်လွန်ပြီး ၁၈ နှစ်ကြာမှ ထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ထွက်ခွာလာပြီးမှ အတွင်းရေးတွေကိုရေးပြခဲ့တဲ့ ကမ္ဘာသိ စာအုပ်ပါ။
နိုင်ငံရေးသိပ္ပံရှုထောင့်အရလည်း အာဏာရှင်တွေနဲ့ စစ်ခေါင်းဆောင်တွေက သူတို့ခွန်အားကြီးတဲ့အကြောင်းကိုသာ ရန်သူတွေနဲ့ နောက်လိုက်တွေကို အမြဲပုံဖော်ချင်တဲ့ အခြေခံစိတ်ရှိကြပါတယ်။
"သူတို့(ဆရာဝန်တွေ)က တပ်ချုပ်တွေမှာ ဘာရောဂါရှိလို့ ဘာဆေးသောက်ရတယ် ဆိုတာတွေက အစ အသေးစိတ်သိကြတာလေ။ လူကြီးတွေက ဒါတွေကို အပြင်ကိုလုံးဝပေးမသိချင်ကြဘူး" လို့ စစ်/ဆေး အရာရှိတစ်ဦးက ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေထဲမှာ အသိုသိပ်ဆုံးနေထိုင်သူလို့သိကြတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ဆေးမှူးတစ်ဦးတည်းကိုပဲ ဆယ်စုနှစ်နဲ့ချီကြာအောင် ထားခဲ့ဖူးပြီး ဗိုလ်ချုပ်သန်းအောင် ဖြစ်ပါတယ်။
ဗိုလ်ချုပ်သန်းအောင်ဟာ ကလောက စစ်ဦးစီးတက္ကသိုလ်မှာ စစ်တက္ကသိုလ်အပတ်စဥ် ၂၂ ဆင်းတွေဖြစ်တဲ့ ဒုချုပ်ဟောင်းဦးစိုးဝင်း၊ လက်ရှိပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းတို့နဲ့ တစ်နှစ်တည်းတက်ခဲ့သူ ဖြစ်ပါတယ်။
တပ်မတော်ဆေးတက္ကသိုလ် (DSMA)ကို ၁၉၉၂ ခုနှစ်မှစဖွင့်တဲ့အတွက် လက်ရှိအချိန်အထိ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးတွေဟာ DSMA ဆင်းတွေ မဟုတ်ကြပါဘူး။ ဆရာဝန်ဖြစ်ပြီးမှ တပ်ထဲဝင်လာကြသူတွေ ဖြစ်ပါတယ်။
အဲဒီကာလတုန်းက မှော်ဘီမှာ အရာရှိငယ်သင်တန်း ၃ လတက်ပြီးမှ စစ်ဆရာဝန်အဖြစ် နှစ်ပွင့်တင်ပေးတယ်လို့ အငြိမ်းစားဆေးတပ်အရာရှိတစ်ဦးကပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာတပ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်မှာတော့ သူ့ရဲ့ သက်တမ်း ၁၅ နှစ်အတွင်းမှာ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး သုံးဦး အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်မျိုးမြင့်သိန်း၊ ဗိုလ်ချုပ်စိုးဝင်းနဲ့ ဗိုလ်ချုပ်ကိုကိုလွင်တို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မျိုးမြင့်သိန်းနဲ့ ဗိုလ်ချုပ်စိုးဝင်းက ပြင်ဦးလွင် ကုတင် ၇၀၀ ဆေးရုံရဲ့တပ်မှူးတွေ ဖြစ်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြင်ဦးလွင်ကို မကြာခဏသွားလေ့ရှိတာကြောင့် ပြင်ဦးလွင် ကုတင် ၇၀၀ ဆေးရုံရဲ့တပ်မှူးတွေနဲ့ ပိုပြီးထိတွေ့မှုရှိတယ် လို့ အငြိမ်းစားဆေးတပ်အရာရှိတစ်ဦးက ပြောပါတယ်။
ဗိုလ်ချုပ်ကိုကိုလွင်ကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ဆေးမှူးပါ လုပ်ဖူးပါတယ်။
ဝန်ကြီးဖြစ်ကြတဲ့ ဆေးမှူးတွေ
စစ်ခေါင်းဆောင်တွေရဲ့ အတွင်းလူတွေဖြစ်တဲ့ စစ်ဗိုလ်ဆရာဝန်တွေဟာ တပ်ရာထူးက အနားယူချိန်မှာတောင် ဝန်ကြီးရာထူးတွေ ဆက်ရကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဆေးမှူး ဗိုလ်ချုပ်စိုးဝင်း တပ်ကနားတဲ့အခါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာပြီး လက်ရှိနေပြည်တော်အစိုးရသစ်အထိ ပြန်ပါလာပါတယ်။
ဗိုလ်ချုပ်စိုးဝင်းနေရာကို ဆက်ခံတဲ့ ဗိုလ်ချုပ်ကိုကိုလွင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်က အနားယူပြီးတဲ့နောက် ဆေးဝန်ထမ်းညွှန်မှူးနေရာကနေ နားပါတယ်။
သူ့ကို ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမှုဆောင်ရာထူးတစ်ခုဖန်တီးပေးဖို့ စီစဥ်နေတယ်လို့ စစ်/ဆေးက အရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဦးသန်းရွှေရဲ့ဆရာဝန် ဗိုလ်ချုပ်သန်းအောင်ဆိုလည်း တပ်ကနားပြီးတဲ့နောက် ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်။
"ချီးမြှောက်တာဖြစ်သလို နှုတ်ပိတ်တာလည်းဖြစ်ပါတယ်" လို့ ဝန်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။
ဦးမင်းအောင်လှိုင်က အတွင်းရေးတွေကို ဖွင့်ချတဲ့ လုပ်ရပ်တွေကို မကြိုက်ဘဲ သူ့တပည့်တစ်ယောက်ကို 'စာအုပ်မရေးစေနဲ့' ဆိုပြီးကို ထုတ်ပြောဖူးတယ်လို့ သမ္မတအိမ်တော်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဥက္ကဋ္ဌကြီးမော် ကလည်း "ဒီအဝန်းအဝိုင်းထဲမှာ ဖြစ်နေတာတွေကို အပြင်မှာလျှောက်မပြောနဲ့" လို့ ဒေါက်တာလီကို မှာခဲ့ဖူးပါတယ်။
ဒါပေမဲ့ ကူမင်တန်နဲ့အချိတ်အဆက်အနည်းငယ်ရှိခဲ့ဖူးပြီး အမေရိကန်ပညာရေးနောက်ခံကလာသူ ဒေါက်တာလီဟာ ဥက္ကဋ္ဌမော် သေဆုံးပြီး အမေရိကန်ရောက်မှ သူ ၂၂ နှစ်အတွင်းမြင်တွေ့ခဲ့တဲ့ အကြောင်းတွေကို ပြန်ရေးခဲ့ပါတယ်။
မြန်မာပြည်မှာတော့ စစ်တပ်ဆိုတဲ့ ဘက်တစ်ဘက်တည်းမှာပဲရှိကြပြီး အကျိုးစီးပွားလည်း တူတဲ့အတွက် စစ်ဗိုလ်ဆရာဝန်တွေရေးတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အတွင်း ရေးတွေကို ဖတ်ရဖို့အခွင့်အရေး နည်းနေသေးပါတယ်။
"ဒီလူတွေက တကယ်လည်းနှုတ်လုံကြပါတယ်" လို့ အငြိမ်းစားတပ်အရာရှိတစ်ဦးက ပြောပါတယ်။