သီရိလင်္ကာရဲ့ ထန်းအရက်က စျေးကောင်းရ

A bottle of arrack with an arrack cocktail
ဓာတ်ပုံ ပုံစာ, သီရိလင်္ကာ အရက်ကို ထိပ်တန်းစျေးကွက် ဝင်ဖို့ ကြိုးစားနေ
ရေးသားခဲ့သည်။

ထန်းနို့က ချက်တဲ့ အရက်ကို သီရိလင်္ကာသားတွေ ကြိုက်တာ သမိုင်းနဲ့ချီနေပါပြီ။ ဒါပေမဲ့ ဒီအရက်ကို ချက်တဲ့သူတွေက ကမ္ဘာထိ ရောက်အောင် ဘယ်လို လုပ်ကြတယ် ဆိုတာကို ကိုလံဘိုက ဘီဘီစီ သတင်းထောက် အေရှာ ပဲရာက တင်ဆက်ပေးထားပါတယ်။

ဒီအရက်ကို လန်ဒန်မှာ အခု ခေတ်စားနေတဲ့ ဒစ်ရှ်ဟွမ်း၊ ဟော်ပါစ် စတဲ့ စားသောက်ဆိုင်တွေမှာ တင်နေပါပြီ။

ဒီအရက်သောက်ရတာဟာ ဘော်ဘွန်း ဝီစကီနဲ့ ရမ်နဲ့ ရောသောက်လိုပဲ၊ ဒါပေမဲ့ သူက ပိုပြင်းတယ်၊ မီးတောက်တယ်၊ ဆန်းကြယ်တယ်လို့ ခရီးသွားနဲ့ အစားအသောက် စာရေးဆရာ အန်ထော်နီ ဘော်ဒိန်းက ရေးခဲ့ပါတယ်။

သီရိလင်္ကာ အရက်ကို ထန်းရည်က ချက်တဲ့ ရမ်လို့ပဲ အရက်ချက်သူတွေက ပြောကြပါတယ်။ ဒါကလည်း နိုင်ငံတကာစျေးကွက်မှာ တန်းမဝင် ဖြစ်မှာ စိုးလို့ပါ။

နှစ်ပေါင်းများစွာ အရက်ကို အောက်တန်းစား ဆန်တယ် ဆိုပြီး ယူဆကြလို့ အရက်ကောင်း စာရင်းမှာ ထည့်ဖို့ တွန့်ဆုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ သီရိလင်္ကာ မြို့တော် ကိုလံဘိုက လူ့မလိုင်တွေကတောင် စကော့ ဝီစကီ၊ ဝိုင်နဲ့ ရမ်ကို သောက်မှ တန်းမီတယ် ထင်တာပါ။

A toddy tapper on a coconut tree in Sri Lanka
ဓာတ်ပုံ ပုံစာ, ထန်းနို့က ရတဲ့ ထန်းရည်ကနေ ချက်တဲ့ အရက်

သီရိလင်္ကာမှာ အရက်ချက်လုပ်ငန်းက အခွန်ရပေမယ့် လူတွေ အရက်သောက်တဲ့ ပြဿနာကြောင့် အစိုးရ အဆက်ဆက်က ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါကြောင့် အရက်ချက်သူတွေကို အခွန်တွေ အများကြီး ကောက်ပြီး အရက်ကြော်ငြာကို ပိတ်ပင်ထားပါတယ်။

အရက်ကို အရည်အသွေး ပိုကောင်းအောင်၊ ပြည်တွင်းပြည်ပမှာ ပေါက်အောင် ကြိုးစားသမျှကလည်း ဒီလိုနှိပ်ကွပ်မှုတွေကြောင့် အရာမထင် ဖြစ်ခဲ့ပါတယ်။

တကယ်က အရက်အကောင်းစားဆိုရင် သီရိလင်္ကာမှာရော တခြားနိုင်ငံတွေမှာပါ စျေးကောင်းကောင်း ရတာ တွေ့ရပါတယ်။ ဒီအတိုင်း မရောဘဲ သောက်လို့ကောင်းတဲ့ အဝင်ညက်တဲ့ အရက်အဖြစ်နဲ့ ကြက်မြီးပါတီပွဲတွေမှာ ဖျော်စပ်စရာ အဖြစ် ဒီအရက်ကို သုံးကြပါတယ်။

နိုင်ငံရဲ့ ရှေးအကျဆုံး ရော့လန်း အရက်ချက် လုပ်ငန်းက မန်နေဂျာ အမဲလ် ဒီဆီလ်ဗာ ဝီဂျာယုရက်တနာက ဒီအတွက် ရှေ့ဆုံးကနေ ကြိုးစားနေပါတယ်။

ထန်းရည်နဲ့ ရေရောပြီး ချက်တာကနေ အရက်အကောင်းစားတွေ ရကြောင်းလည်း သူက တခုံမင်မင်နဲ့ ပြောပါတယ်။

သူ့အတွက် အရက်က သွေးထဲကပါလာတာပါ။

freshly tapped toddy
ဓာတ်ပုံ ပုံစာ, ပုဇွန်ဆိတ်ခုန် နေတဲ့ အပင်က ချခါစ ထန်းရည်

သူ့ရဲ့ အဘေးတော်စပ်သူ ဂျေဘီအမ် ပဲရာက ၁၉၂၄ မှာ အရက်ကို စီးပွားဖြစ် စပြီးချက်ဖို့ ဗြိတိသျှ အစိုးရဆီက ကန်ထရိုက်ရခဲ့ပါတယ်။ တောအရက် ချက်အရက်ဘဝကနေ အရက်ကောင်း အရက်သန့် ဖြစ်အောင် စပြီး အသွင်ပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။

ပြင်သစ်ကနေ အရက်ပေါင်းခံစက် မှာပြီး အရက်ကြမ်းဘဝကနေ ပိုပြီး အဝင်ချောတဲ့ အရက်ကောင်းဖြစ်အောင် အသွင်ပြောင်းခဲ့ပါတယ်။

ဒီလို တီထွင်ဖန်တီးနိုင်တဲ့ အမွေကို ဆက်ခံဖို့ ကြိုးစားနေတယ်လို့ ဝီဂျာယုရက်တနာက ဆိုပါတယ်။

စည်နဲ့ အကြာကြီး စိမ်ထားတဲ့ သီဟိုဠ်အရက်ကို စျေးကောင်းကောင်း ရဖို့ သူက ကြံစည်ပါတယ်။ ဒါမှ ကမ္ဘာတဝှမ်းက ယမကာသမားတွေကို စွဲဆောင်နိုင်မယ်လို့ သူက ယူဆပါတယ်။

တကယ်ပဲ အရက်က ကမ္ဘာ့စျေးကွက်ကို ထူးထူးခြားခြား ထိုးဖောက်လာနိုင်ပါတယ်။

၂ဝဝ၂ ကတည်းက ဗြိတိန်မှာ ပြန်ပြီး ဝင်လာပါတယ်။ ဗြိတိသျှ စျေးကွက်ဟာ ကမ္ဘာပေါ်မှာ ထိုးဖောက်ရအခက်ဆုံးလို့လည်း ဝီဂျာယုရက်တနာက ဆိုပါတယ်။ အခုဆိုရင် သီရိလင်္ကာမှာထက် ဗြိတိန်မှာ ရော့လန်း သီဟိုဠ်အရက်ကို ပိုရောင်းနေရတယ် လို့လည်း ပြောပါတယ်။

ဒီအရက်တံဆိပ်ကို စင်္ကာပူ၊ ဂျာမနီနဲ့ ဂျပန်ကိုလည်း တင်ပို့နေရပါပြီ။ ဒီနှစ်ထဲ အိန္ဒိယကို ပို့ဖို့လည်း စီစဉ်နေပါတယ်။

A toddy tapper in Sri Lanka
ဓာတ်ပုံ ပုံစာ, အမြင့်ကြောက်သူတွေ လုပ်လို့မရတဲ့ ထန်းတက်သမားဘဝ

စင်္ကာပူက နေးတစ်ဆိုတဲ့ ဘားတခုမှာဆိုရင် သီဟိုဠ်အရက်နဲ့ စပ်တဲ့ ကြက်မြီးအရက်ပွဲတွေက ရောင်းအကောင်းဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

"အရက်က အင်မတန်ကောင်းတယ်၊ အရသာကလည်း တအားလတ်ဆတ်တယ်၊ သန့်တယ်။ နှစ်ချို့ အရက်တွေဟာ အရောင်ရင့်ရင့် အရက်သေစာကို သောက်သူတွေ အတွက် အသင့်တော်ဆုံး ပါပဲ"

သီရိလင်္ကာမှာ အရက်ကို သောက်သုံးလာတာ ဘယ်လောက် ရှည်ကြာနေပြီလဲ ဆိုတာ မသိနိုင်ပေမယ့် ကမ္ဘာပေါ်မှာ ရှေးအကျဆုံး အရက်သေစာတွေထဲက တခု ဖြစ်နိုင်ပါတယ်။

ဘုရားသခင်က အချဉ်ဖောက်ပေးဖို့ တာဝန်ယူ ထားတာလို့ ဝီဂျာယုရက်တနာက ပြောပါတယ်။

ထန်းရည်မှာ သဘာဝ သကြားနဲ့ တစေးပါတဲ့အတွက် သူ့ဘာသာ အချဉ်ပေါက်နိုင်တာကို ပြောချင်တာပါ။

An early Rockland arrack shop
ဓာတ်ပုံ ပုံစာ, သီရိလင်္ကာရဲ့ ရှေးအကျဆုံး ထန်းအရက်လုပ်ငန်း

အပင်ပေါ်က ချချချင်း ထန်းရည်က ချိုပြီး အရောင်က ဖြူပါတယ်။ ဒါပေမဲ့ နေကျော်ပြီး အချဉ်ပေါက်သွားရင်တော့ အရက် ပါဝင်မှုက နာရီပိုင်းအတွင်းမှာတင် ၆ ရာခိုင်နှုန်းထိ တက်သွားနိုင်ပါတယ်။

ဝီစကီ၊ ဘရန်ဒီတို့လို အရက်အဆင့်ရောက်အောင် ထပ်ပြီး ပေါင်းခံသန့်စင်လိုက်ရင်တော့ ၆ဝ ရာခိုင်နှုန်းကျော်သွားပြီး ရေထပ်ရောမှ ၄ဝ ရာခိုင်နှုန်းထိ ပြန်ကျသွားတာပ်။

line

ဒါပေမဲ့ အသည်းငယ်သူတွေအတွက် ထန်းပင်ပေါ်တက်ပြီး ထန်းရည်ယူရတာက မလွယ်ပါဘူး။

တရက်ကို နှစ်ကြိမ် ပေ ၂ဝဝ လောက်မြင့်တဲ့ ထန်းပင်တွေကို တက်ပြီး ထန်းရည်ခံရတဲ့ ထန်းတက်သမားတွေဘဝလည်း ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း ပြောင်းမယ့်ပုံ မရှိပါဘူး။

သီရိလင်္ကာမှာ အရက်ကို အဓိက ထုတ်တဲ့ ကုမ္ပဏီကြီး လေးခုက ထန်းတက်သမားတွေ ရာနဲ့ချီပြီး သူတို့ ထန်းတောတွေမှာ ခန့်ထားပါတယ်။

ထန်းသမားတယောက်ကို သူ့ထန်းပင်စုနဲ့သူ တာဝန်ပေးထားတာပါ။ ထန်းပင်ပေါ်မှာ နာရီနဲ့ချီနေရသလို ကြိုးတံတားတွေနဲ့ ထန်းပင်တွေကြား ကူးသန်းနေရတာပါ။

ဒီကုမ္ပဏီ လေးခုကနေ တနှစ်ကို အရက် လီတာ သန်း ၆ဝ လောက် ထုတ်ပါတယ်။ အမျိုးအစားနဲ့ ရောစပ်ပုံတွေတော့ ကွာပါတယ်။

Arrack on the beach
ဓာတ်ပုံ ပုံစာ, ပြည်တွင်းပြည်ပမှာ လူကြိုက်များနေတဲ့ သီရိလင်္ကာ အရက်

ဒီထဲမှာ ထန်းရည်ပါဝင်မှု ရာနှုန်း အပေါ် မူတည်ပြီး အရက် စျေးနှုန်းနဲ့ အရည်အသွေးလည်း ကွာသွားပါတယ်။

ထိပ်တန်း အရက်တွေမှာ ထန်းရည် ပါဝင်မှု ရာနှုန်းပြည့်အထိ ရှိပြီး စျေးပေါတဲ့ အရက်တွေကတော့ သကာရည် တင်လဲရည်လို ဟာတွေကနေ ချက်တာပါ။

တချို့ အရက်တွေဆိုရင် ထန်းရည်က ၃ ရာခိုင်နှုန်းလောက်ပဲ ပါပါတယ်။

သီရိလင်္ကာရဲ့ အရက် ရောင်းချမှု ၇ဝ ရာခိုင်နှုန်းကို ဒီလို အရက်အညံ့စားတွေက ယူထားပေမယ့် ထိပ်တန်းအရက်တွေကို သောက်ရတာကိုလည်း သီရိလင်္ကာသားတွေက ဂုဏ်ယူကြပါတယ်။

သီရိလင်္ကာက စီးပွားရေးသမားကြီးတွေက ပြည်ပသွားရင် လက်ဆောင်ပေးဖို့ အရက်ပုလင်း မပါဘဲ မသွားတတ်ကြောင်းလည်း ဝီဂျာယုရက်တနာက ပြောပါတယ်။