တခါသုံး ပလတ်စတစ် ပစ္စည်းတွေ ပိတ်ပင်ဖို့ အီးယူ အဆိုပြု

တခါသုံး ပလတ်စတစ် ပစ္စည်းတွေ ပိတ်ပင်ဖို့ ဥရောပသမဂ္ဂ(အီးယူ)က အဆိုပြု လိုက်ပါတယ်။

ဒီလို ပိတ်ပင်မယ့်အထဲမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေ သောက်သုံး တဲ့ ပိုက်၊ နှာဖါချေးကလော်ရာမှာ အသုံးပြုတဲ့ ဂွမ်းတံ၊ ပန်းကန်ပြားနဲ့ ဇွန်းခရင်းတွေ ပါဝင်နေပါတယ်။

ပင်လယ် သမုဒ္ဒရာထဲ ပလတ်စတစ် ပစ္စည်းတွေကို အများအပြားရောက်နေတာကို လျှော့ချလိုတာကြောင့် အခုလို ပိတ်ပင်ဖို့ အဆိုပြုတာ ဖြစ်ပါတယ်။

ဥရောပ ကော်မရှင်ရဲ့ ကောင်းမွန်တဲ့ စည်းစနစ် ဆိုင်ရာ အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ Frans Timmermansက ကမ္ဘာ့သမုဒ္ဒရာကြီးတွေကို ပလတ်စတစ်တွေနဲ့ ဆို့နင့်နေစေပြီး ရှင်သန်လို့ မရအောင် လုပ်တဲ့ အနေအထား ရောက်နေသလို ဒီပလတ်စတစ်တွေ ဟာ အစားအသောက်တွေထဲ ရောပါ စိမ့်ဝင်နေလို့ လူသားတွေရဲ့ ကျန်းမာရေးကိုပါ တန်ပြန် ထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

အခု အဆိုပြုတဲ့ ပိတ်ပင်ဖို့ဟာ ပလတ်စတစ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် တွေကို ပျောက်သွားစေဖို့ မဟုတ်ဘဲ တခြားပစ္စည်းတွေနဲ့ ဒီအသုံး အဆောင်တွေကို အစားထိုး လုပ်ဖို့လို့ သူက ပြောပါတယ်။

ဒါပေမယ့် နှစ်ပိုင်း၊ လပိုင်းအရ ပလတ်စတစ် သုံးစွဲမှုကို ဘယ်တော့ ပိတ်ပင်မယ် ဆိုတာ မသတ်မှတ်သေးပါဘူး။ ဒီအဆိုပြုချက်ကို ဥရောပ ပါလီမန်နဲ့ အဖွဲ့ဝင်နိုင်ငံ တွေက အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ပလတ်စတစ်ထုတ်လုပ်သူများဆိုင်ရာ အဖွဲ့ PlasticsEuropeကတော့ ဥရောပ ခေါင်းဆောင်တွေက ဖြတ်လမ်းနည်းတွေကို ရှောင်ရှားသင့်ပြီး စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

ပလတ်စတစ် ထုတ်လုပ်သူတွေ အနေနဲ့လည်း ထိခိုက်မှုမရှိအောင် အစားထိုး ပစ္စည်းတွေ ထုတ်လုပ်နိုင်ရေး၊ သုံးပြီး ပလပ်စတစ်တွေ သိမ်းယူတဲ့ အပိုင်းနဲ့ စွန့်ပစ်တဲ့ အပိုင်းမှာပါ အကူအညီပေးမယ်လို့ လည်း ဥရောပကော်မရှင် က ပြောပါတယ်။

ကမ္ဘာ့သမုဒ္ဒရာကြီးတွေဟာ လူသားတွေ ပလတ်စတစ်ကို အလွယ်တကူ မဆင်မခြင် သုံးစွဲမှုတွေကြောင့် ညစ်နွမ်းရတဲ့ အနေအထား ရောက်ရှိနေ ပါတယ်။

လေ့လာတွေ့ရှိမှု တရပ်ကဆိုရင် လာမယ့် ၂၀၅၀ ခုနှစ် ရောက်ရင် သမုဒ္ဒရာ တွေထဲမှာ ရေနေသတ္တဝါငါးတွေ ထက် ပလပ်စတစ်တွေ ပိုများလာ ဖွယ်ရှိကြောင်း ဖော်ပြထားပါတယ်။

ယူရိုဘာရိုမီတာ တိုင်းထွာချက်အရ ပတ်ဝန်းကျင်မှာ ပလတ်စတစ်ကြောင့် ညစ်နွမ်းမှု ဒဏ်ဟာ ၈၇ ရာခိုင်နှုန်းရှိနေလို့ စိုးရိမ်စရာ သက်ရောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။