ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတအိပ်မက်ပြည့်ဝ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတဖြစ်လာတဲ့သတင်းအပါအဝင် ဧပြီ ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ပေါက်မြို့နယ် တောင်ပိုင်းမှာရှိတဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး)အဖွဲ့ဝင်တွေ အထိုင်ချထားတဲ့ ရွာတွေကို ရိက္ခာပို့ဖို့ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေပါတယ်
  • ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတတင်မြှောက်ခံရပေမဲ့ ရာဇဝတ်မှုတွေအတွက် သံသယရှိခံထားရတဲ့အခြေအနေနဲ့ပတ်သက်ပြီး အပြောင်းအလဲရှိမှာမဟုတ်ဘူး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ကြေညာ
  • သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA က ဂုဏ်ပြုတဲ့ သဝဏ်လွှာပေးပို့
  • ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက်မဲခွဲသမ္မတရွေးချယ်တင်မြှောက်ပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မဲအများဆုံးနဲ့သမ္မတဖြစ်လာ
  • ပြည်တွင်း၊ ပြည်ပကို သွားရောက်မယ့် ခရီးသည်တွေထဲမှာ ပြေး ၄ ပြေးတွေ မပါဖို့ လေကြောင်းရဲက မှတ်ပုံတင်တွေ စိစစ်တော့မယ်လို့ဆို
  • ဖားကန့်က စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ တပ်စခန်းကုန်း ၅ ခုကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေ ဧပြီ ၂ ရက်က သိမ်းလိုက်ပါတယ်
  • ထိုင်း၊ ဘန်ကောက်မြို့မှာ အသက် ၇ နှစ်အရွယ် သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ပြီး ထွက်ပြေးသွားတဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာမိခင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိ
  • အငှားယာဉ်(Taxi)၊ သုံးဘီးနဲ့ ကုန်တင်ယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ပြီး စက်သုံးဆီရောင်းချပေးတော့မယ်လို့ စစ်ကော်မရှင်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဧပြီ ၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြန်မာအစိုးရသစ်ကို တရုတ်ထောက်ခံ

    မြန်မာနိုင်ငံမှာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းပြီး တိုးတက်ဖွံ့ဖြိုးရေးနဲ့ ကြွယ်ဝချမ်းသာရေးကိုဖော်ဆောင်နိုင်ဖို့မြန်မာအစိုးရသစ်ကို ထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကြံ့ခိုင်ရေးအမတ်တွေလွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်က သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ပြီးတဲ့နောက် တရုတ်က ထုတ်ပြန်လာတာပါ။

    ကမ္ဘာလုံးဆိုင်ရာဆိုပြုချက်လေးချက်ကိုအကောင်အထည်ဖော်ပြီး ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း - Belt and Road ကို ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်က ဆန္ဒရှိနေပါတယ်။

    မြန်မာကရွေးကောက်ပွဲဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကြားမှာ ထားရှိတဲ့သဘောတူညီမှုဖြစ်တယ်လို့တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းက ရွေးကောက်ပွဲကာလကနေပြည်တော်မှာ ပြောခဲ့သေးတာပါ။

    တရုတ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာတုန်းကလည်း အစောဆုံးထောက်ခံခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

    နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတတင်မြှောက်ခံရပေမဲ့ နိုင်ငံတကာဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတစ်ဦးအဖြစ် စွဲချက်တင်ခံထားရတဲ့အခြေအနေမှာဆက်ရှိနေမယ်လို့ ကြေညာပါတယ်။

  3. အီရန်စစ်မှာ တရုတ်ရဲ့ ကြားဝင်ကြိုးစားမှုက အလုပ်ဖြစ်မှာလား

    အရှေ့အလယ်ပိုင်းစစ်ပွဲက နောက်တစ်လကူးလာချိန်မှာပဲ ကမ္ဘာ့စွမ်းအင် အကျပ်ဆိုက်လာပြီး ရေနံစျေးတွေ ထိုးတက်လာသလို တရုတ်ကလည်း ငြိမ်းချမ်းရေး အကျိုးဆောင်နေရာဝင်ဖို့ ကြိုးစားလာပါတယ်။

    အီရန်မှာ အမေရိကန် စစ်ခင်းနေတာ နှစ်ပတ်ကနေ သုံးပတ်အတွင်း အပြီးသတ်နိုင်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောကြားလိုက်ပြီးနောက် တရုတ်ရဲ့ ကဏ္ဍ ပေါ်ထွက်လာတာပါ။ အမေရိကန်စစ်က ဘယ်လို ရပ်မှာလဲနဲ့ စစ်ပွဲရပ်ပြီးနောက် ဘာဆက်ဖြစ်မလဲ ဆိုတာကိုလည်း သေချာ မသိရသေးပါဘူး။

    အမေရိကန်နဲ့ အစ္စရေးတို့ အီရန်နဲ့ ခင်းတဲ့စစ်မှာ မထင်မှတ်ဘဲ ကြားဝင်ပေးသူ ဖြစ်လာတဲ့ ပါကစ္စတန်နဲ့ တရုတ် ပူးပေါင်းခဲ့ပါတယ်။ အပစ်ရပ်စဲရေးရပြီး ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေးအတွက် တရုတ်နဲ့ ပါကစ္စတန် အာဏာပိုင်တွေက အချက်ငါးချက်ပါတဲ့ အစီအစဉ်ကို တင်ပြခဲ့ပါတယ်။

    အမေရိကန်ရဲ့ မဟာမိတ်ဟောင်း ဖြစ်ခဲ့တဲ့ ပါကစ္စတန်က ဒီစစ်မှာ ကြားဝင်ပေးဖို့ ထရမ့်ကို နားချနိုင်ခဲ့ပုံ ရပါတယ်။ တရုတ်ကတော့ ဒီပွဲမှာ အမေရိကန်ရဲ့ ပြိုင်ဘက်အနေနဲ့ ဝင်လာပြီး မေလထဲမှာလည်း ရှီနဲ့ ထရမ့်ကြားမှာ အရေးကြီးတဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲ ရှိပါတယ်။

    ဒီအရေးမှာ တရုတ်ထောက်ခံမှုက အင်မတန် အရေးကြီးကြောင်း လန်ကျိုးတက္ကသိုလ် အာဖဂန်နစ္စတန်လေ့လာရေး ဌာန ညွှန်ကြားရေးမှူးနဲ့ အရှေ့အလယ်ပိုင်း ကျွမ်းကျင်သူ ချူယောင်ဗျောင်းက ပြောပါတယ်။

    " ပါကစ္စတန်က ပိုထင်ရှားတဲ့ ကဏ္ဍက လှုပ်ရှားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျင့်ဝတ်ပိုင်းအရရော၊ နိုင်ငံရေးနဲ့ သံတမန်ရေးအရပါ တရုတ်က ခြုံငုံမိတဲ့ ထောက်ခံမှုပေးနေတယ်" လို့လည်း ဆိုပါတယ်။

    စစ်ပွဲအကြောင်း မပြောဘဲ ရေငုံနေတဲ့ တရုတ်အတွက် အလှည့်အပြောင်းလည်း ဖြစ်ပါတယ်။ ဘာကြောင့် တရုတ်က အခုမှ ကြားဝင်လာတာလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. ပေါက်နဲ့ မြိုင်မှာ ဘာဆက်ဖြစ်နေလဲ

    မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းမှာရှိတဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး)အဖွဲ့ဝင်တွေ အထိုင်ချထားတဲ့ ရွာတွေကို ရိက္ခာပို့ဖို့ စစ်တပ်က ဧပြီ ၁ ရက်ကပြီး ဒီနေ့ ဧပြီ ၃ ရက်အထိ စစ်ကြောင်းဆက်ထိုးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။

    လက်ရှိမှာ စစ်တပ်က “ပင်တောင်ရွာကနေ သစ်ချိုကုန်းရွာအထွက်နားမှာရောက်နေတယ်။ မီးရှို့တာတော့မရှိသေးဘူး”လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    အင်အား ၂၅၀ ထက်မနည်းပါတဲ့ စစ်တပ် စစ်ကြောင်းတွေ ရောက်လာတာကြောင့် ပေါက်တောင်ပိုင်းက ကျေးရွာ ၁၄ ရွာက လူဦးရေ ၉,၀၀၀ ကျော်ဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ တောတောင်တွေကြားမှာ စစ်ဘေးရှောင်နေကြရတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ဆိုပါတယ်။

    တစ်ဖက် ပေါက်တောင်ပိုင်းမှာလည်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကာကွယ်ရေးတပ်တွေနဲ့ မကွေးဖက်ဒရယ်ယူနစ်လက်အောက်ခံတပ်တွေ အချင်းချင်း စစ်ရေးတင်းမာနေတယ်လို့ မြိုင်နဲ့ပေါက်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံတွေက အတည်ပြုထားပါတယ်။

    အဲဒီနေရာမှာရှိတဲ့ ရေနံမှော်နဲ့ ရေနံတွင်းလုပ်ကွက်တချို့ကို မကွေးယူနစ်ကြားကာလအစိုးရက ထိန်းချုပ်ထားတာဖြစ်ပြီး အခွန်ရန်ပုံငွေအများအပြားရနေတဲ့ နေရာလည်းဖြစ်ပါတယ်။

    NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ကြား ပေါက်-မြိုင်အစပ်က သရက်ကန်ရေနံမှော်ကို လွှဲပြောင်းပေးဖို့ တောင်းဆိုရာကနေ တော်လှန်ရေးနှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေကြတာဖြစ်တယ်လို့ မြိုင်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထုတ်ပြောပါတယ်။

    မနေ့ ဧပြီ ၂ ရက်ကတော့ ပေါက်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေ ရောက်နေချိန် ပေါက်မြောက်ပိုင်းမှာ အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG) က တာဝန်ရှိသူတွေနဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေကြား တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။

    လက်ရှိ အငြင်းပွားမှုတွေဖြစ်နေတဲ့ မြိုင်နဲ့ပေါက်မြို့နယ်တွင်းက စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

    တော်လှန်ရေးနှင့် ပြည်သူလူထုကို မထိခိုက်စေသော နည်းနာတွေနဲ့ အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ကြရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

    တော်လှန်ရေးမဟာမိတ်နှစ်ဖက်တွေ့ဆုံတဲ့ ဧပြီ ၂ ရက်မှာပဲ ပေါက်မြို့နယ် တည်ပင်လှရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

  5. လျှို့ဝှက်ချက်တွေ ကိုင်ထားတဲ့ ထောက်လှမ်းရေးမှူးချုပ်ဟောင်း တပ်ချုပ်

    ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ်တာဝန်ယူခဲ့တဲ့အတွက် တပ်နဲ့အစိုးရထိပ်တန်းခေါင်းဆောင်တွေရဲ့လျှို့ဝှက်ချက်နဲ့ အတွင်းရေးများစွာကို သိရှိခဲ့သူဖြစ်ပါတယ်။

    "ဗိုလ်ချုပ်ကြီးရဲဝင်းဦးကပန်ဒိုရာသေတ္တာကို ကိုင်ထားတဲ့သူ" လို့ ထောက်လှမ်းရေးအကြီးအကဲဟောင်းတစ်ဦးတပ်ချုပ်ဖြစ်လာတဲ့အကျိုးဆက်ကို အငြိမ်းစားတပ်အရာရှိတစ်ဦးကပြောပါတယ်။

    "ခြေလျင်ကတိုက်ရည်ခိုက်ရည်ကို အားကိုးတယ်။ ထောက်လှမ်းရေးကတော့ သတင်းအချက်အလက်ကို အားကိုးတယ်" လို့ ခြေလျင်ရောထောက်လှမ်းရေးပါ တာဝန်ထမ်းဆောင်ဖူးတဲ့ တပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။

    တပ်ချုပ်အသစ်ဖြစ်လာတဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်းအကြောင်းကို ဒီလင့်ခ် မှာ အပြည့်အစုံဖတ်နိုင်ပါတယ်။

  6. သမ္မတ ရာထူးကြောင့် တာဝန်ခံရမယ့်ကိစ္စတွေကနေ အကာအကွယ်လုံးဝမရစေရ - Amnesty International

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတတင်မြှောက်ခံရပေမဲ့နိုင်ငံတကာဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတစ်ဦးအဖြစ် စွဲချက်တင်ခံထားရတဲ့အခြေအနေမှာ ဆက်ရှိနေမယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ကြေညာလိုက်ပါတယ်။

    Amnesty ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနတာဝန်ခံ ဂျိုးဖရီးမန်းက “စစ်ဝတ်စုံကို လဲလှယ်နိုင်ပေမယ့် ရာဇဝတ်မှုတွေအတွက် သံသယရှိခံထားရတဲ့အခြေအနေနဲ့ပတ်သက်ပြီး အပြောင်းအလဲရှိမှာမဟုတ်ဘူး” လို့ ဆိုပါတယ်။

    ဘယ်လိုပဲ ရာထူးရပ်တည်ချက်ရှိရှိ နိုင်ငံတကာဥပဒေတွေအရ ရာဇဝတ်မှုတွေအတွက် တရားစွဲဆိုခံရခြင်းကနေ ကင်းလွတ်ခွင့်မရှိသင့်ဘူးလို့ သူက ဆက်ပြောပါတယ်။

    နိုင်ငံသားတွေအနေနဲ့ ဖိနှိပ်သူကို တရားစွဲဆိုရမယ့်အစား သမ္မတရာထူးအထိ တင်မြှောက်ခံရတာကို မြင်တွေ့ရတာကလည်း နာကျင်ဖွယ်အတိဖြစ်လိမ့်မယ်လို့ သူကဆိုပါတယ်။

    “နိုင်ငံတကာရဲ့ အပြစ်ပေးမှုတွေကနေ ကင်းလွတ်ခွင့် ခိုင်မာသွားမှာကို စိုးရိမ်နေကြရမှာပါ” လို့ သူက ထောက်ပြပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိတွေကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) ရဲ့ စုံစမ်းစစ်ဆေးမှုအောက်မှာ ဖမ်းဝရမ်းတွေ ထုတ်ပေးနိုင်ဖို့ ICC ကိုတိုက်တွန်းတယ်လို့ Amnesty က ပြောပါတယ်။

    သမ္မတ တင်မြှောက်ခံရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေ၊ စီးနင်းမှုတွေလုပ်ခဲ့တဲ့အပြင် ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် အရပ်သား ၇၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ Amnesty ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  7. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတ တင်မြှောက်ခံရတဲ့အပေါ် “ဝ”တပ်ဖွဲ့ ဂုဏ်ပြု

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေအငြိမ်းစားယူပြီး သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA က ဂုဏ်ပြုတဲ့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တိုင်းမှူးဘဝက ရှမ်းအရှေ့၊ တြိဂံတိုင်းစစ်ဌာနချုပ်မှာ တာဝန်ကျခဲ့ပြီး စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်တုန်းကလည်း ရှမ်းပြည်ကို ကိုင်ခဲ့ရဖူးလို့ တပ်ချုပ်မဖြစ်ခင်ကတည်းက ဝ ခေါင်းဆောင်တွေနဲ့ အဆက်အသွယ်ရှိခဲ့သူဖြစ်ပါတယ်။

    ဒီကနေ့ ဧပြီ ၃ ရက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲရွေးချယ်တင်မြှောက်ပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မဲအများဆုံးနဲ့သမ္မတဖြစ်လာပါတယ်။

    မဲရလဒ်တွေအရ ဦးညိုစောက ဒုသမ္မတ ၁ ဖြစ်ပြီး ဒေါ်နန်းနီနီအေးက ဒုသမ္မတ ၂ ဖြစ်လာတာပါ။

    “ဝ”က ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ကို တပ်ချုပ်ရာထူးထမ်းဆောင်စဉ် ကာလမှာလည်း တာဝန်ကျေပွန်အောင်ဆောင်ရွက်ပြီးး နိုင်ငံအေးချမ်းသာယာအောင် ကာကွယ်တဲ့လုပ်ငန်းတွေနဲ့ လူမှုစီးပွားတိုးတက်အောင် အားထုတ်မှုတွေလုပ်ခဲ့ပြီး အောင်မြင်မှုတွေလည်း ရခဲ့တယ်လို့ “ဝ”ရဲ့စာထဲမှာ ဖော်ပြပါတယ်။

    အလားတူ “ဝ”အနေနဲ့ နိုင်ငံထဲက ခွဲထွက်ခြင်းနဲ့ သီခြားလွတ်လပ်ရေးကြေညာတာတွေ မရှိစေဖို့ အခိုင်အမာရပ်တည်ထားတဲ့အကြောင်း စာထဲမှာ ရေးသားထားပါတယ်။

    မတ် ၃၀ ရက်တုန်းကလည်း တပ်ချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုလည်း “ဝ”ဘက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

  8. အီရန်စစ်ပွဲကြာလာရင် လေယာဥ်ခရီးစဥ်တွေ ဘယ်လိုပြောင်းလဲသွားမလဲ

    ဟိုးအတိတ်မှာ ဗြိတိန်ကနေ ကမ္ဘာ့အရှေ့ခြမ်း သူ့အင်ပါယာထဲက အိန္ဒိယတို့ သြစတြေးလျတို့ဆီ လေကြောင်းခရီးနဲ့ သွားကြမယ်ဆိုရင် ရေပြင်ပေါ် ရပ်နားလို့ ရတဲ့ လေယာဥ် (flying boat)တွေနဲ့ တတ်နိုင်သူ လူချမ်းသာတွေက သွားကြပြီး သဲဖုန် ထူထူနဲ့ ဒီအရပ်က ခရီးစဥ်အတွင်း ညအိပ် ရပ်နားစရာနေရာပါ။ ၁၉၆၀ နှစ်တွေထဲ ရောက်လာတဲ့အခါမှာတော့ ဒီအရပ်မှာ ကန္တာရက သဲတွေနဲ့ လုပ်ထားတဲ့လေယာဥ်ပြေးလမ်း ရှိလာပြီး ခရီးသွားလေယာဥ်တွေ ကမ္ဘာအနှံ့ကို ခရီးဆက်ကြဖို့ အဲဒီမှာ တထောက် ဆင်းကာ လောင်စာဆီ ဖြည့်ကြပါတယ်။

    ဒီနေ့ကာလမှာတော့ ဒူဘိုင်းဟာ ကမ္ဘာ့လေကြောင်းခရီးသွားလုပ်ငန်းရဲ့ပင်မအချက်အချာတွေထဲက တစ်ခုဖြစ်လာပြီး ဒူဘိုင်းနိုင်ငံတကာလေဆိပ်က သူ့ရဲ့နှလုံးသားပါ။ ကြမ်းခင်း အီတလီကျောက်ပြားတွေနဲ့ ခမ်းနားလှတဲ့ စင်္ကြန်လမ်းတွေ၊ လင်းလက်နေတဲ့ကုန်တိုက်တွေ စတဲ့ တောက်ပမှု အစုံစုံပြည့်နေတဲ့ ဒီလေဆိပ်မှာ ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ၉၂ သန်းကျော် ဖြတ်သန်းသွားခဲ့ကြပါတယ်။

    ဒါကြောင့် ဒူဘိုင်းနိုင်ငံတကာ လေဆိပ်ဟာ တစ်နှစ်ကို ခရီးသွား ၈၃ သန်း နီးပါးလောက် သုံးကြတဲ့ လန်ဒန် ဟီသရိုး လေဆိပ်ကို ကျော်တက်ပြီး ကမ္ဘာ့ လူအစည်ဆုံး လေဆိပ်အဖြစ် ရှိနေတာပါ။ ပင်လယ်ကွေ့မှာ ဒူဘိုင်းဟာ တစ်ခုတည်းသော ဆုံရပ်မဟုတ်ပါဘူး။ ယူအေအီး (အာရပ်စော်ဘွားများနိုင်ငံ)ရဲ့ မြို့တော်က အဘူဒါဘီလေဆိပ်နဲ့ ကာတာမြို့တော်က ဒိုဟာလေဆိပ်တို့ကလည်း ဒူဘိုင်းလေဆိပ်လောက်သာ မစည်ကားပေမဲ့ သူတို့ကလည်း တနှစ် တနှစ် ခရီးသည် စုစုပေါင်း ၈၇ သန်းကို ဝန်ဆောင်ပေးနေကြတာပါ။

    ပုံမှန်အခြေအနေမှာဆိုရင် ဒီ ပင်လယ်ကွေ့ လေဆိပ် ၃ ခုကနေ နေ့စဥ် လေကြောင်း ခရီးစဥ် ၃,၀၀၀ ကျော်ရှိပြီး အများစုက ဒေသတွင်းက လေကြောင်းလိုင်းတွေဖြစ်တဲ့ အမ်မရိတ်စ်( Emirates)၊ အက်တီဟက် (Etihad)၊ ကာတာ (Qatar)စတဲ့လေကြောင်းကုမ္ပဏီက ပြေးဆွဲနေတဲ့ ခရီးစဥ်တွေပါ။

    ဒါပေမဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခက ကမ္ဘာ့လေကြောင်း ခရီးသွားလာမှုတွေကို ရုတ်တရက်နဲ့ အကြီးအမား ထိခိုက်သွားစေပါတယ်။ ပထမဆုံးဖြစ်လာတာက ကမ္ဘာ့လူသုံးအများဆုံး လေကြောင်းလမ်းတွေမှာ ပျံသန်းကြတဲ့ လေယာဥ်ခရီးစဥ်တွေ အကြောသေသလို ဖြစ်သွားပြီး လေယာဥ်တွေလည်း လေဆိပ်တွေမှာ ရပ်နားထားရသလို သိန်းနဲ့ချီတဲ့ ခရီးသည်တွေလည်း သောင်တင်သွားခဲ့ပါတယ်။ အခုချိန်ထိ အဲဒီ ဒေသမှာ လေကြောင်းသွားလာမှုက အကြီးအမား သက်ရောက်မှု ခံနေရဆဲပါ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  9. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတဖြစ်လာ

    ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက်မဲခွဲသမ္မတရွေးချယ်တင်မြှောက်ပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မဲအများဆုံးနဲ့သမ္မတဖြစ်လာပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၅၈၆ ဦးအနက် ၅၈၄ ဦးတက်ရောက်ခဲ့ပါတယ်။

    ဒုသမ္မတသုံးဦးအနက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ထောက်ခံမဲ ၄၂၉ ၊ ဦးညိုစောက ၁၂၆ နဲ့ဒေါ်နန်းနီနီအေးက ၂၉ မဲရခဲ့ပါတယ်။

    ဒါကြောင့် ဦးညိုစောက ဒုသမ္မတ ၁ ဖြစ်ပြီး ဒေါ်နန်းနီနီအေးက ဒုသမ္မတ ၂ ဖြစ်လာပါတယ်။

    မြန်မာမှာသမ္မတ ၁၀ ဦးရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၁၁ ဦးမြောက်သမ္မတ ဖြစ်လာပါတယ်။

    သူ့ရဲ့တပ်ရာထူး ဗိုလ်ချုပ်မှူးကြီး အဖြစ် ဆက်ရှိနေမှာလား၊ မရှိတော့ဘူးလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    သူ့ရဲ့ရာထူးကိုတော့နိုင်ငံပိုင်သတင်းစာတွေကယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီး လို့ ဖော်ပြနေဆဲဖြစ်ပါတယ်။

    ဒီကနေ့သမ္မတရွေးပွဲမှာပြည်ထောင်စုလွှတ်တော်နာယက၊အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကအရင်ဆုံး မဲပေးခဲ့ပါတယ်။

    သူပြီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက မဲပေးခဲ့တာဖြစ်ပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ သမ္မတရွေးပွဲ လေးကြိမ်ပြုလုပ်ပြီးခဲ့တာဖြစ်ပြီး သမ္မတဦးသိန်းစိန်၊ သမ္မတဦးထင်ကျော်၊ သမ္မတဦးဝင်းမြင့်နဲ့ လက်ရှိသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ဖြစ်ကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမ္မတအဖြစ်ကျမ်းကျိန်ပြီးတဲ့နောက်မှ ဗိုလ်ချုပ်မှူးကြီးရာထူးကိုစွန့်လွှတ်ဖွယ်ရှိတယ်လို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။

  10. လေဆိပ်မှာ ပြေး ၄ ပြေးကို လေကြောင်းရဲ စိစစ်မယ်လို့ဆို

    ပြည်တွင်း၊ ပြည်ပကို သွားရောက်မယ့် ခရီးသည်တွေထဲမှာ ပြေး ၄ ပြေးတွေ မပါဖို့ ခရီးသည်တွေရဲ့ မှတ်ပုံတင်ပါအချက်အလက်တွေကို စိစစ်ဆောင်ရွက်မှုတွေ စလုပ်ဖို့ လေဆိပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီကနေ ပြင်ဆင်နေတယ်လို့ ကော်မတီနဲ့နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

    “စစ်ပြေး၊ ရဲပြေး၊ တပ်ပြေး၊ ထောင်ပြေးတွေကို ကန့်သတ်လိုက်တာပေါ့။ CDM လုပ်ထားတဲ့သူတွေနဲ့ တခြားနိုင်ငံရေးနဲ့ဆက်နွှယ်တဲ့ ပြဿနာရှိသူတွေဆိုလည်း မှတ်ပုံတင်ကို သေချာစစ်လိုက်ရင် ပေါ်မှာပဲပေါ့” လို့ သူကဆိုပါတယ်။

    ပြည်တွင်း၊ ပြည်ပထွက်ခွာတဲ့ လက်မှတ်စစ်ကောင်တာတွေနဲ့ ပြည်ပဆိုက်ရောက် လေကြောင်းရဲတပ်ဖွဲ့ကောင်တာတွေမှာ မှတ်ပုံတင်စိစစ်တာတွေကို မကြာခင် စ လုပ်တော့မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

    ဒီလိုစိစစ်မယ့် စနစ်ကြောင့် သာမန်ပြည်သူတွေ လေယာဉ်လက်မှတ်ဝယ်ယူတဲ့အခါတွေမှာလည်း “အရင်က နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)နဲ့ ဝယ်ယူလို့ရတယ်။ မှတ်ပုံတင်ပါပြပြီးဝယ်ယူရတဲ့ စနစ်ဖြစ်လာနိုင်တယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒါပေမဲ့ ရန်ကုန်လေဆိပ်မှာတော့ ဒီနေ့ (ဧပြီ ၃ ရက်)မနက်ပိုင်းအထိ ဘာအပြောင်းအလဲမှမရှိသေးဘူးလို့ လေဆိပ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    “ကောင်တာတွေက အရင်ပုံစံအတိုင်းပါပဲ”လို့ သူကဆိုပါတယ်။

  11. ဖားကန့်က စစ်တပ်စခန်းကုန်း ၅ ခုကို KIA/ PDF တပ်တွေသိမ်း

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ တပ်စခန်းကုန်း ၅ ခုကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေက မနေ့ ဧပြီ ၂ ရက်မှာ သိမ်းနိုင်ခဲ့တယ်လို့ ဘီဘီစီရဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    “မော်ဝမ်းလေးမှာက ၃ ကုန်း၊ မော်ဝမ်းကြီးမှာက ၂ ကုန်း ၅ ကုန်းသိမ်းလိုက်တာ” လို့ သူက ဆိုပါတယ်။

    KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးမှူးနော်ဘူကတော့ “သင်္ချိုင်းကုန်းထဲမှာ စစ်ကော်မရှင်ထိုင်ထားတဲ့ ခြေကုပ်စခန်း ၃ ခုကို‌တော့ ရထားတယ်လို့သိရတယ်”လို့ ဘီဘီစီကို ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းမှာ ဖြေကြားပါတယ်။

    စစ်တပ်က စခန်းကုန်းနေရာကို လက်လွှတ်ရပြီးတဲ့နောက် မနေ့ ညနေပိုင်းကတည်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ သူကဆိုပါတယ်။

    စစ်တပ်က လက်လွှတ်ထားရတဲ့ စခန်းကုန်းနေရာတွေကို ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

    ဒါ့အပြင် မြို့အတွင်းက မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ မှော်ဆီဆာ၊ ဖားပြင်၊ ယူမာကျေးရွာနဲ့ မရှိကထောင် ရပ်ကွက်တွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သူကဆကက်ပြောပါတယ်။

    တိုက်ပွဲကြောင့် ဖားကန့်၊ မြစ်ကြီးနားလမ်း၊ လုံးခင်းအဝင်ဂိတ်ကို စစ်တပ်က ပိတ်ဆို့ခဲ့ပြီး မနေ့ ညနေပိုင်းလောက်မှ ပြန်ဖွင့်ပေးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    ဖေဖော်ဝါရီ နဲ့ မတ်လတွေတုန်းကလည်း ဖားကန့်မြို့မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ခေတ္တငြိမ်သက်သွားပေမဲ့ ဧပြီ ၂ ရက်ကစတင်ပြီး KIA/ PDF တပ်တွေက ထိုးစစ်ပြန်ဖော်ပြီး စခန်းကုန်း ၅ ခုကို သိမ်းယူထားပါတယ်။

  12. ရန်ကုန်ရင်ဆိုင်နေရတဲ့အသံတိတ်လူသတ်သမား

    မြန်မာမှာ လူဦးရေနဲ့ ယာဉ်၊ စက်ရုံအသုံးပြုမှု အများဆုံးရှိတဲ့ ရန်ကုန်မြို့က လေထုအရည်အသွေးက မြို့နေလူဦးရေ ၇ သန်းကျော်အတွက် အန္တရာယ်ရှိနိုင်တဲ့အဆင့်ကို အကြိမ်ကြိမ် ရောက်ခဲ့ပါတယ်။

    လေထုအရည်အသွေးတိုင်းတာချက်ကို ထုတ်ပြန်ပေးတဲ့ IQAir ရဲ့မှတ်တမ်းအရ ၂၀၂၆ မတ်လနောက်ဆုံးသီတင်းပတ်မှာ ရန်ကုန်လေထုအရည်အသွေးဟာ အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်ကို ၄ ရက်ဆက်တိုက် ရောက်ခဲ့ပါတယ်။

    ဒါပေမယ့် တိုင်းတာချက်တွေမှာတော့ ကွဲပြားမှုတွေရှိနေပါတယ်။ စစ်ကော်မရှင်ရဲ့ မိုးလေဝသဌာနကတော့ မတ်လအတွင်း အနီရောင်အဆင့်ကို တစ်ရက်တည်းသာ ရောက်ခဲ့ပြီး အများစုမှာ လိမ္မော်ရောင်အဆင့်ပဲ ရှိခဲ့တယ်လို့ ပြောပါတယ်။

    "မတ်လ တစ်လလုံးမှာ (လေထုအရည်အသွေးဟာ) အသင့်အတင့်ကနေ ခံနိုင်ရည်နည်းပါးအုပ်စု ကျန်းမာရေး ထိခိုက်တဲ့အဆင့်ထိပဲ ရှိပါတယ်။ မတ် ၄ ရက် တစ်ရက်တည်းပဲ အနီရောင်အဆင့် ရောက်တာပါ" လို့ မိုးဇလ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြူကြူစိန်က ဘီဘီစီကို ပြောပါတယ်။

    အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ရန်ကုန်လေအရည်အသွေးကို တိုင်းတာနေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကတော့ IQAir က အနီရောင်သတ်မှတ်တဲ့ ၄ ရက်စလုံးဟာ အစိမ်းရောင်အဆင့်သာရှိတယ်လို့ ဆိုပြန်ပါတယ်။

    ဒါပေမယ့် ဘီဘီစီက မေးမြန်းခဲ့တဲ့ မြို့ခံ ၅ ဦးကတော့ ရန်ကုန်မှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ရောဂါလက္ခဏာတွေ ခံစားနေရတယ်လို့ ပြောနေကြပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  13. သမီးကို သတ်ပြီးထွက်ပြေးတဲ့ မြန်မာမိခင် ပြန်ဖမ်းမိ

    ဧပြီ ၁ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အသက် ၇ နှစ်အရွယ် သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ပြီး ထွက်ပြေးသွားတဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာမိခင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိပြီလို့ ထိုင်းသတင်းတွေမှာဖော်ပြလာကြပါတယ်။

    အဲဒီအမျိုးသမီးကို ပတ္တရားကမ်းခြေအနီး၊ ချွန်ဘူရီပြည်နယ် ဘန်လမွန်ခရိုင် ကိုလန်ကျွန်းပေါ်က ဟိုတယ်တစ်ခုမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူဟာ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတာဖြစ်ပါတယ်။

    ဧပြီ ၁ ရက်နေ့တုန်းက နေအိမ်မှာ သေဆုံးသွားတဲ့ မိန်းကလေးငယ်ရဲ့ အဘွားဖြစ်သူဟာ မြေးဖြစ်သူရဲ့ ရုပ်အလောင်းကို ထိုင်း၊ စီရီရွတ်ဆေးရုံကို သယ်ဆောင်သွားခဲ့ပြီး သေဆုံးရတဲ့အကြောင်းရင်းကိုတော့ မသိဘူးလို့ ဖြေဆိုခဲ့တဲ့အကြောင်း သိရပါတယ်။

    ဆရာဝန်ရဲ့ စစ်ချက်အရ ကလေးငယ်ဟာ လည်ပင်းညှစ်သတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ကိုက်ညီတဲ့ အခြေအနေအတိုင်း တွေ့ရပြီး ရင်ခွဲစစ်ဆေးပြီးတဲ့နောက် မိန်းကလေးငယ်ဟာ လေပြတ်မှုကြောင့် သေဆုံးတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

    လက်ရှိမှာတော့ မိခင်ဖြစ်သူဟာ စွဲချက်တွေကို ဝန်ခံခဲ့ပြီး ကိုယ်ရေးကိုယ်တာ ပြဿနာတွေကြောင့် အခုလိုဖြစ်ခဲ့ရတာလို့ ထွက်ဆိုချက်ပေးထားပါတယ်။

    သမီးဖြစ်သူနဲ့ အတူသေကြောင်းကြံစည်ဖို့ ကြံရွယ်ထားပေမယ့် သမီးဖြစ်သူကို ကြံစည်ပြီးတဲ့နောက်မှာတော့ ကိုယ်ကို့ကိုယ်သေကြောင်းကြံမယ့်အစီအစဉ် မရဲတော့ဘဲ တွန့်ဆုတ်သွားရာကနေ ထွက်ပြေးသွားခဲ့တာဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

  14. တက္ကစီတွေကို စက်သုံးဆီရောင်းချမယ့်စနစ်သစ် စစ်ကော်မရှင်ထပ်ပြောင်း

    ဒီနေ့ကစပြီး အငှားယာဉ်(Taxi)၊ သုံးဘီးနဲ့ ကုန်တင်ယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ပြီး စက်သုံးဆီရောင်းချပေးတော့မယ်လို့ စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနကအသိပေးကြေညာပါတယ်။

    လက်ရှိမှာ စစ်ကော်မရှင်က အဲဒီယာဉ်တွေကို စက်အင်ဂျင်ပါဝါပေါ်မူတည်ပြီး တစ်ပတ်ကို ၃ ရက် ဆီကို အကန့်အသတ်နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီအခြေအနေအပေါ် အခွင့်ကောင်းယူပြီး မသမာမှုတွေ ပြုလုပ်နေတာကြောင့် အခုလိုမောင်းနှင်တဲ့ အကွာအဝေးတိုင်းသာ ဆီရောင်းပေးမယ့်စနစ်ကို လုပ်တာဖြစ်တယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။

    တစ်ဖက်မှာလည်း အိမ်စီးကားတွေကို စစ်ကော်မရှင်က ယာဉ် နံပါတ်တွေအလိုက် စုံ၊ မ ရက်ခွဲပြီး ဆီရောင်းချနေတာပါ။

    “ပထမလာထည့်တဲ့ ရက်မှာ ဆီဆိုင်က ကီလိုကို မှတ်ထား၊ နောက်ရက်ကျ ကီလိုကိုပြန်တိုက်စစ်တာတို့ လုပ်မှာလား၊ အဲဒီလိုဆိုရင်တော့ တွေ့တဲ့ဆီဆိုင်တိုင်း ဝင်ထည့်လို့မရတော့ဘူး။ ကီလိုကိုဘယ်လိုကြည့်မလဲ ရှင်းရှင်းလင်းလင်းပြောသင့်တယ်” လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

    အလားတူ စက်သုံးဆီဈေးကလည်း နိုင်တီတူး(92) အမျိုးအစား တစ်လီတာဈေးဟာ မနေ့ ဧပြီ ၂ ရက်မှာ ကျပ် ၄,၄၅၀ ရှိရာက ဒီနေ့ ဧပြီ ၃ ရက်မှာ တစ်လီတာကို ကျပ် ၄,၆၂၅ အထိ ရှိလာတာကြောင့် ကျပ် ၂၀၀ နီးပါး ဈေးထက်တက်လာပါတယ်။

    နိုင်တီဖိုက်(95) ဆီအမျိုးအစားကတော့ တစ်လီတာ ငွေကျပ် ငွေကျပ် ၄,၇၈၀ ကျပ်ဖြစ်နေပြီး မနေ့ကဈေးထက် ကျပ် ၂၀၀ နီးပါး ဈေးလျော့နေပါတယ်။ ဒီဇယ်ဆီကတော့ စံချိန်တင် ဈေးဆက်တက်နေပြီး စျေးနှုန်းအများဆုံးဖြစ်နေပါတယ်။

    ဧပြီလ ၂ ရက်မှာ ရိုးရိုးဒီဇယ် တစ်လီတာကို ကျပ် ၅,၄၅၀ ကျပ်ရှိရာကနေ ဒီကနေ့ ဧပြီလ ၃ ရက်မှာ ကျပ် ၅,၆၈၀ အထိမြင့်တက်လာတာကြောင့် ကျပ် ၂၀၀ ကျော် ဈေးတက်နေပါတယ်။

    ဒါပေမဲ့ ကုန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် ဒီဇယ်ဆီတင်သွင်းမှုအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို‌တော့ ဧပြီလကုန်အထိ တစ်လကင်းလွတ်ခွင့်ပေးတယ်လို့ စစ်ကော်မရှင်ရဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

  15. မင်္ဂလာပါ။ ဧပြီ ၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။