တိုက်ရိုက်ထုတ်လွှင့်မှု, ဘန်ကောက်က စားသောက်ဆိုင်မီးလောင်မှု သေဆုံးသူ ၂၇ ဦးအထိရှိ

ဘန်ကောက်က စားသောက်ဆိုင်(ဘား) မီးလောင်မှုမှာ သေဆုံးသူ ၂၇ ဦးအထိရှိလာတဲ့သတင်းအပါအဝင် ဇူလိုင် ၂၃ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ဇူလိုင် ၁၃ ရက် မနက် ၃ နာရီ ၄၅ မိနစ်အထိ အတည်ပြုအချက်အလက်အရ စားသောက်ဆိုင် မီးလောင်မှုကြောင့် သေဆုံးသူ ၂၇ ဦး ရှိ။
  • သေဆုံးသူတွေထဲ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၈ ဦး ပါဝင်ပြီး အမျိုးသမီးအများဆုံးဖြစ်။
  • ထိခိုက်ဒဏ်ရာရသူ ၁၈ ဦး ရှိ၊ စိုးရိမ်ရသူ ၈ ဦး၊ ဒဏ်ရာရသူ ၇ ဦး (စောင့်ကြည့်အဆင့်) နဲ့ ဒဏ်ရာအနည်းငယ်ရသူ ၃ ဦး ရှိပြီး ဆေးရုံတွေကို ပို့ဆောင်ကုသပေးမှုပေးထား။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘားဆိုင်မီးလောင်ပြီးနောက် ဘန်ကောက်မြို့တော်ဝန်ရဲ့ပြောကြားချက်များ

    • ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA)ရဲ့ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့၊ မှုခင်းဆေးပညာရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အခင်းဖြစ်ပွားတဲ့ နေရာကို စစ်ဆေးနေ၊ သေဆုံး‌သူတွေနဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါကို အတည်ပြုဖော်ထုတ်‌နေ
    • ကနဦးစစ်ဆေးချက်များအရ သေဆုံးသူအချို့ကို အဆောက်အအုံရဲ့ ဘယ်ဘက်အရေးပေါ်ထွက်ပေါက်အနီး မှာ တွေ့ရှိခဲ့ကြောင်း၊ ထွက်ပေါက်ပိတ်ဆို့မှုရှိခဲ့နိုင်ပေမဲ့ အတည်ပြုနိုင်ဖို့ အသေးစိတ်စုံစမ်းစစ်ဆေးရမယ်လို့ဆို
    • ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဘန်ကောက်က အရက်၊ဘီယာနဲ့ ဘားဆိုင်တွေရဲ့ စီးပွားရေးလိုင်စင်နဲ့ ဘေးကင်းလုံခြုံရေးစံနှုန်းတွေကို စစ်ဆေးသွားမယ်လို့ဆို
    • အထူးသဖြင့် မီးဘေးအရေးပေါ်ထွက်ပေါက် အရေအတွက်နဲ့ အခြေအနေ၊ အရေးပေါ်ထွက်ပေါက် အမှတ်အသားတွေမြင်သာမှုနဲ့လမ်းကြောင်းများမှာ ပိတ်ဆို့မှု ရှိ၊ မရှိ တို့ကို စစ်ဆေးမယ်လို့ဆို
  2. ဘန်ကောက်က ဘားဆိုင်မီးလောင်မှု လူ ၂၇ ဦးသေဆုံး

    ဘားဆိုင်မီးလောင်ပြီးနောက် ကယ်ဆယ်ရေး မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, BBC Thai

    ဓာတ်ပုံ ပုံစာ, ဘားဆိုင်မီးလောင်ပြီးနောက် ကယ်ဆယ်ရေး မြင်ကွင်း

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘီယာနဲ့ အရက်ရောင်းချတဲ့ဘားဆိုင်တစ်ဆိုင် မနေ့ ဇူလိုင် ၁၁ ရက် ည ၁၁ နာရီ ၅၇ မိနစ် က မီးလောင်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲ အမျိုးသမီး အများဆုံးပါဝင်ပြီး အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၈ ဦးအထိရှိခဲ့ပါတယ်။

    မျက်မြင်သက်သေတချို့ရဲ့ ပြောကြားချက်အရ ဘားဆိုင်မှာရှိတဲ့ သီချင်းဆိုဖျော်ဖြေတဲ့ စင်မြင့်အနီးကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသလို အဲဒီနောက်မှာ မီး ကူးစက်မှုမြန်လွန်းကာ အခန်းတစ်ခုလုံးကို မီးခိုးတွေနဲ့ ဖုံးသွားတယ်လို့ ဆိုပါတယ်။

    လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ ဆိုင်ထွက်ပေါက်ကနေ မီးတောက်ကြီးတွေ အရှိန်ပြင်းစွာ ထွက်ပေါ်နေပြီး ဆိုင်ထဲက လူတွေက ထိတ်လန့်တကြား အပြင်ကို ထွက်ပြေးနေကြပါတယ်။ အချို့ဆိုရင် အင်္ကျီမှာ မီးစွဲတဲ့အထိ ဖြစ်လာပြီးထွက်ပြေးလာတာတွေ့ရပါတယ်။

    မီးသတ်သမားတွေက မီးကို အချိန်တိုအတွင်း ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ သေဆုံးသူအများစုရဲ့ ရုပ်အလောင်းတွေကို သန့်စင်ခန်း အတွင်း တွေ့ရှိခဲ့ပြီးအများစုက အဲဒီမှာ မီး လွတ်မယ်လို့ယူဆပြီး နေခဲ့ကြဟန်တူတယ်လို့ ကနဦးကောက်ချက်ချထားကြပါတယ်။

    ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖြစ်စဉ်အသေးစိတ် စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောထားပါတယ်။

    မီလောင်မှုဖြစ်တဲ့နေရာကို ထိုင်းဝန်ကြီးချုပ်အနုတင် သွား‌ရောက်ခဲ့ပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ မီး‌လောင်မှုဖြစ်တဲ့ ဘားဆိုင်ဟာ ဘီယာဘားလို့လူသိများပြီး ဘန်ကောက်မြို့က လူသိများတဲ့ ချက်တူချက်အရပ်က လပ်ဖရောင်းမှာရှိတာဖြစ်ပါတယ်။

    မီး‌လောင်တဲ့နေရာကို ဝန်ကြီးချုပ်အနုတင်သွားရောက်ကြည့်ရှု

    ဓာတ်ပုံ ရင်းမြစ်, BBC Thai

    ဓာတ်ပုံ ပုံစာ, မီး‌လောင်တဲ့နေရာကို ဝန်ကြီးချုပ်အနုတင်သွားရောက်ကြည့်ရှု

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အခုလို ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လေးနှစ်ကလည်း ဘန်ကောက်မြို့တောင်ဘက်က မြို့ တခုမှာ ဘားဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ်ကလည်း ဘန်ကောက်ရှိ နိုက်ကလပ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၆၆ ဦး သေဆုံးခဲ့ပါတယ်။

  3. မင်္ဂလာပါ။ ဇူလိုင် ၁၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။