ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ
ကင်အဲရစ်က နေပြည်တော်မှာ ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ သူ့ မိခင်
သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာ ရှိနေသေးကြောင်း သက်သေပြဖို့
တောင်းဆိုလိုက်ပါတယ်။
အသက် ၈၁
နှစ်ထဲ ဝင်လာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ
သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတာကို အာဏာပိုင်တွေကို လူမှုကွန်ရက်တွေပေါ်ကနေသာမက နိုင်ငံတကာကပါ
တောင်းဆိုကြဖို့ တိုက်တွန်းတဲ့ ‘’Proof Of Life’’ ဆိုတဲ့လှုပ်ရှားမှုတစ်ခုကို
စတင်လိုက်ပြီလို့ All In One Piece Movement က ကြေညာပါတယ်။
ပြီးခဲ့တဲ့
ဧပြီ ၁၇ ရက်မှာ သမ္မတ ဦးဝင်းမြင့်ဟာ ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်နဲ့
နေအိမ်ပြန်ရောက်လာခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နေပြည်တော်ဘက်က
တရားဝင်ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဦးဝင်းမြင့်လည်း
ဧပြီ ၁၇ ရက် လွတ်ငြိမ်းကြောင့် နေအိမ်ပြန်ရောက်တဲ့အခါ
ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို အရင်ဆုံးမေးမြန်းခဲ့တယ်လို့ အဲဒီနေ့က
ဦးဝင်းမြင့်ကို သတင်းသွားမေးခဲ့သူက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ
တရားရုံးချိန်းတွေပြီးသွားတဲ့နောက်ပိုင်းကတည်းက တွေ့ဆုံခြင်း မရှိတော့သလို
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းအချက်အလက်ကိုလည်း မသိရဘူးလို့ ဦးဝင်းမြင့်က
ပြောကြောင်း သူက ပြန်ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ
အမှုပေါင်း ၁၉ မှု နဲ့ စွပ်စွဲခံခဲ့ရပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရတာပါ။ အာဏာသိမ်းတဲ့
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်
ဖမ်းဆီးထိန်းသိမ်း ခံထားရတာ လက်ရှိမှာ ရက်ပေါင်း ၁၉၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။
လွတ်ငြိမ်းမှာမပါခဲ့တဲ့
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံး အမြန်ဆုံးလွှတ်ပေးဖို့
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတားရက်စ်တို့က
တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကလည်း ဦးဝင်းမြင့်အပါအဝင်
နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းခွင့်ပေးတာကို ကြိုဆိုပေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါပေမဲ့
နေပြည်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းကို တစုံတရာ မထုတ်ပြန်ဘဲ
အမှောင်ချထားဆဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကနေ
စစ်ကော်မရှင်အဖြစ် အသွင်ပြောင်းခဲ့တဲ့ နေပြည်တော်က စစ်ဘက်ခေါင်းဆောင်တွေကတော့
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနေရသူဖြစ်လို့ နိုင်ငံတကာနဲ့တွေ့ဆုံခွင့်
မပေးနိုင်ဘူးလို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက ပြောနေပါတယ်။
ဒါပေမဲ့
၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကတော့ မြန်မာစစ်ကောင်စီဟာ နေပြည်တော်ကိုလာတဲ့
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ခွင့်ပေးခဲ့ပါတယ်။ ဒီလိုတွေ့ခွင့်ပေးတာကို စစ်ကောင်စီဘက်က သတင်းမထုတ်ပါဘူး။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက
သူ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရတယ်ဆိုတဲ့အကြောင်းကို အာဆီယံ
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ပြောမှ ကမ္ဘာက သိခွင့်ရတာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကို စစ်တပ်ရဲ့ထုတ်သမျှနဲ့သာ အများပြည်သူ
သိခွင့်ရတာဖြစ်ပါတယ်။
တရုတ်နဲ့နီးစပ်တဲ့
သတင်းရင်းမြစ်တွေကတော့ တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့
နေပြည်တော်ကို တောင်းဆိုနေတာကြာပြီလို့ ဆိုပါတယ်။
အခုတော့
နေပြည်တော်မှာ စစ်ခေါင်းဆောင်က သမ္မတ တာဝန်ယူပြီး
အရပ်သားအုပ်ချုပ်မှုအသွင်ပြောင်းလိုက်ချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်း
အခုသီတင်းပတ်ကုန်ပိုင်းအတွင်းမှာ နေပြည်တော်ကို လာရောက်ဖို့ ရှိနေတာကြောင့်
ဦးမင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့
တွေ့ဆုံခွင့် ပေးမလား ဆိုတဲ့ခန့်မှန်းသုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။