တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာရဲ့ အကျပ်အတည်းတွေ အဆုံးသတ်ဖို့ ဆက်ကူမယ်ဆိုတဲ့ အမေရိကန်နဲ့ ယူကေရဲ့ သင်္ကြန်ဆုတောင်း

မကွေး၊ ထောက်ရှာပင်-ကမ်းနီရေနံမြေမှာ တရုတ်က ရေနံထုတ်မယ့်သတင်း၊မြန်မာလူထုနဲ့ အတူရှိနေကြောင်း အမေရိကန်နဲ့ ယူကေက သင်္ကြန်ဆုတောင်းပေးပို့ အပါအဝင် ဧပြီ ၁၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ခရစ်စတယ် မက်သာဖက်တမင်း ၄၈ ကီလိုဂရမ် ဖမ်းဆီးရမှုရဲ့နောက်ကွယ်က အဓိက ပတ်သက်သူနဲ့ မူးယစ်ဂိုဏ်းအဖွဲ့ဝင်အဖြစ် စွဲချက်တင်ခံထားရတဲ့ မြန်မာတစ်ဦးကို အိန္ဒိယဖမ်းဆီး
  • စစ်အင်အားလက်နက်သာလွန်တဲ့သူကသာ ပိုနေရာရနိုင်တယ်၊ ကိုယ့်လူမျိုးကိုကာကွယ်နိုင်တယ်၊ကိုယ့်တိုင်းပြည်ကို ကာကွယ်နိုင်တယ် - အေအေဒုစစ်ဦးစီးချုပ်
  • မြင်းခြံမြို့နယ်ထဲက ထိန်ပန်းနဲ့ ရွာသစ် ရွာ ၂ ရွာမှာ စစ်တပ်စစ်ကြောင်းထိုးချိန် ရွာလုံးကျွတ် နီးပါး မီးရှို့ခံခဲ့ရတယ်လို့ဆို
  • တိုင်းပြည်ယိုယွင်းမှု‌တွေဆက်ရှိနေပေမယ့် နိုင်ငံရဲ့ အကျပ်အတည်းတွေ အဆုံးသတ်ဖို့ အကူအညီပေးမယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုပြော၊ ယူကေကလည်း အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ တိုက်တွန်း
  • ပခုက္ကူမြို့နယ်ထဲက စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ မြောက်လူးကံရွာမှာ အိမ်ခြေ ၄၀၀‌ ကျော် မီးလောင်ကျွမ််းပျက်ဆီး
  • ပေါက်မြို့နယ်ထဲက ထောက်ရှာပင်-ကမ်းနီရေနံမြေမှာ ရေနံမြေတိုးထုတ်မယ့်စီမံကိန်းအတွက် တရုတ်နဲ့ စစ်ကော်မရှင်တို့ စာချုပ်ချုပ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တနင်္လာနေ့ကစလို့ အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့သွားမယ်

    အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ဝန်ကြီးများ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ဝန်ကြီးများ (ပုံဟောင်း)

    ဧပြီ ၁၃ ရက်၊ တနင်္လာနေ့ကစလို့ အီရန်ရဲ့ သင်္ဘောဆိပ်ကမ်းတွေကို ပိတ်ဆို့သွားမယ်လို့ အမေရိကန် စစ်တပ်က ပြောလာပါတယ်။ ဒါပေမဲ့ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းအသုံးပြုတဲ့ တခြားနိုင်ငံတွေကသင်္ဘောတွေကိုတော့ ဟန့်တားမှုတွေ လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    အမေရိကန်က အီရန်ဆိပ်ကမ်းတွေ ပိတ်ဆို့မယ့်နောက်ဆုံးအခြေအနေတွေကို ဒီစာမျက်နှာမှာတင်ဆက်ပေးနေမှာဖြစ်လို့ တစုတစည်းတည်းဖတ်ရှုနိုင်ပါပြီ။

  2. မူးယစ်မှောင်ခိုကွန်ရက်မှာပါဝင်ပတ်သက်သူဆိုတဲ့စွဲချက်နဲ့ မြန်မာတစ်ဦးကို အိန္ဒိယဖမ်းဆီး

    ဇန်နဝါရီလတုန်းက အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖမ်းမိးခဲ့တဲ့ မူးယစ်ဆေးဝါးတွေ

    ဓာတ်ပုံ ရင်းမြစ်, NCB

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလတုန်းက အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖမ်းမိးခဲ့တဲ့ မူးယစ်ဆေးဝါးတွေ

    အိန္ဒိယ-မြန်မာနယ်စပ်တကြောက မူးယစ် မှောင်ခိုရောင်းကားဖောက်ကားမှုကွန်ရက်တစ်ခုထဲမှာ ထဲထဲဝင်ဝင်လုပ်နေတယ်လို့ သံသယရှိခံထားရတဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို(NCB) က သတင်းထုတ်ပါတယ်။

    Lalhmingsanga လို့အမည်ရတဲ့ မြန်မာနိုင်ငံသားဆိုသူကို မီဇိုရမ်ပြည်နယ်အခြေစိုက် NCB ရုံးကနေ အစဉ်တစိုက် စောင့်ကြည့်တာတွေလုပ်ခဲ့ပြီး ထောက်လှမ်းရေးအချက်အလက်တွေအရ ဧပြီ ၁၂ ရက်မှာ ဖမ်းမိခဲ့တာလို့ NCB က ဆိုပါတယ်။

    ဖမ်းဆီးခံရသူဟာ ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်တုန်းက ခရစ်စတယ် မက်သာဖက်တမင်း ၄၈ ကီလိုဂရမ် ဖမ်းဆီးရမှုရဲ့နောက်ကွယ်က အဓိက ပတ်သက်သူအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

    ဖမ်းဆီးခံ ပါဝင်နေတဲ့မူးယစ်ကွန်ရက်ဟာ မြန်မာကနေ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ကနေ မြို့တော်ဒေလီ စတဲ့အထိ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ဖောက်ကားလှုပ်ရှားနေတဲ့ ကွန်ရက်တစ်ခုဖြစ်တယ်လို့ NCB ရဲ့ ဖော်ထုတ်ချက်မှာ ပြောထားပါတယ်။

    စုံစမ်းစစ်ဆေးမှုတွေအရ ဖမ်းဆီးခံရသူဟာ သူတို့ရဲ့ မူးယစ်မှောင်ခို ကွန်ရက်ထဲက တခြားအဖွဲ့ဝင်တွေနဲ့ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ခဲ့တယ်လို့ NCB က ပြောပါတယ်။

    အဲဒီထဲမှာ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရာမှာ သုံးတဲ့ ယာဉ်တွေ ဝယ်ယူတာတွေအပြင် ပို့ဆောင်ရေးလမ်းကြောင်းကို အထောက်အပံ့ပေးတဲ့ ကဏ္ဍတွေအတွက် ငွေကြေးသုံးစွဲခဲ့တာတွေကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

    လက်ရှိဖမ်းဆီးခံရသူဟာ အိန္ဒိယမူးယစ်ဗျူရိုက ဖော်ထုတ်ခဲ့တဲ့ မူးယစ်ကွန်ရက်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ ၆ ဦးမြောက်ဖြစ်တယ်လို့ NCB က ဆိုပါတယ်။ အဲဒီမူးယစ်ကွန်ရက်မှာ အဓိက ပါဝင်နေသူ Joseph Lalhmangaihzuala၊ Munlamtuanga နဲ့ အရောင်းအဝယ် ညှိနှိုင်းရေးအလုပ်လုပ်တဲ့ Zatinthluaii တို့အပါအဝင် အခြားမူးယစ်ဆေးဝါးဖြန့်ချိသူ ၅ ဦးကိုလည်း ပြီးခဲ့တဲ့လတွေအတွင်းက ဖမ်းမိထားပြီးဖြစ်ပါတယ်။

  3. စစ်ဘက်ဆိုင်ရာပြင်ဆင်စုဖွဲ့မှုတွေကို အားကောင်းအောင်လုပ်ကြရမယ် - အေအေ ဒုစစ်ဦးစီးချုပ်

    အာရက္ခတပ်တော်(အေအေ) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, အာရက္ခတပ်တော်(အေအေ) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်

    စစ်အင်အားသာလွန်မှုကသာ အဆုံးအဖြတ်အဖြေဖြစ်လို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ဘက်ဆိုင်ရာပြင်ဆင်စုဖွဲ့မှုတွေကို ခိုင်မာအားကောင်းအောင်လုပ်ကြဖို့ဆိုပြီး အာရက္ခတပ်တော်(အေအေ) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားလိုက်ပါတယ်။

    ဒီကနေ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာကျရောက်တဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တည်ထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနားကိုအေအေ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်စားတက်ရောက်ချိန်မှာ ဒေါက်တာညိုထွန်းအောင်က အဲဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။

    '' စစ်အင်အားလက်နက်သာလွန်တဲ့သူကသာ ပိုနေရာရနိုင်တယ်၊ကိုယ့်လူမျိုးကိုကာကွယ်နိုင်တယ်၊ကိုယ့်တိုင်းပြည်ကို ကာကွယ်နိုင်တယ်ဆိုတာ မျက်ဝါးထင်ထင် မြင်နေရပြီဖြစ်လို့ ကိုယ့်ဒေသ ကိုယ့်ပြည်သူကို ကာကွယ်ဖို့ ပိုအားကောင်းတဲ့ စစ်ဘက်ဆိုင်ရာ ပြင်ဆင်မှုတွေ စုဖွဲ့မှုတွေ စနစ်ကျတဲ့ အဖွဲ့အစည်းတွေဖြစ်ဖို့အတွက် ကြိုးစားကြဖို့လည်း အသိပေးလိုပါတယ်'' လို့ ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

    စစ်ဘက်ဆိုင်ရာတာဝန်ထမ်းဆောင်နေသူတစ်ဦးအနေနဲ့ ချင်းကာကွယ်ရေးတပ်တွေ အပါအဝင် အခြားတော်လှန်‌ရေးအင်အားစုတွေကို ဒီလိုအကြံပြုတိုက်တွန်းတာလို့ သူကဆိုပါတယ်။

    ဒါ့အပြင် စစ်အာဏာသိမ်းမှုကြောင့်ပေါ် ပေါက်လာတဲ့ နွေဦးတော်လှန်ရေးကို အခွင့်အ‌ရေးအနေနဲ့ အသုံးချပြီး စစ်အာဏာရှင်ကို ဆက်တော်လှန်ကြဖို့လည်း သူကထည့်ပြောပါတယ်။

    စစ်အာဏာသိမ်းလိုက်ခြင်းက တိုင်းရင်းသားလက်နက်ကိုင်များအတွက် အခွင့်အရေးဖြစ်ခဲ့တယ်လို့ သူက ဆိုပြီး အားလုံးရဲ့ မျှော်မှန်းချက်ရရှိရေး ဆက်လက်ကြိုးစားကြဖို့လည်း ပြောပါတယ်။

    လက်ရှိရနေတဲ့ အခွင့်အရေးဟာ နည်းသမျှနည်းလာတဲ့အတွက်ကြောင့် ရတဲ့အချိန်ကာလမှာ အင်တိုက်အားတိုက်နဲ့ နေ့မအား၊ ညမအား အဆတိုးကြိုးစားပြီး ကိုယ့်ရဲ့အားနည်းချက်တွေကို အချိန်မီ ပြုပြင်နိုင်ဖို့အတွက် ခွန်အားအပြည့်နဲ့ ကြိုးစားကြပါလို့လည်း သူကပြောပါတယ်။

    '' လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ ကျွန်တော်တို့အားလုံး ဝိုင်းပြီးလုပ်လို့ရတဲ့အလုပ်တွေကိုဝိုင်းဝန်းလုပ်ကြသလို တစ်ယောက်ချင်းစီ တစ်ဖွဲ့ချင်းစီက လုပ်လို့ရတာတွေကိုလည်း ဆက်လုပ်ကြပါလို့အားပေးစကားပြောကြားလိုပါတယ်။

    '' ဒါအပြင် ရှမ်းမြောက်စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးနဲ့အတူပေါ်လာတဲ့ အခွင့်အရေးကို EROs တွေအနေနဲ့ အမိအရအခွင့်အရေးယူနိုင်ခဲ့တာကြောင့် တော်လှန်‌ရေးအောင်ပွဲရဲ့ အသီးအပွင့်တွေကို တစ်ဖွဲ့ချင်းသာမက သူနဲ့သက်ဆိုင်တဲ့ ဆက်စပ်တဲ့အဖွဲ့တွေမှာလည်း သူ့အတိုင်းအတာနဲ့သူ အောင်မြင်မှုရရှိခဲ့တယ်လို့ ထည့်ပြောပါတယ်။

    လက်ရှိမှာ အေအေဟာ သူတို့ သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၅ ခုအတွင်း မှာ အုပ်ချုပ်ရေး၊ တရား‌ရေး၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊ အခွန်ဌာနတွေက ပုံမှန်လည်ပတ်နေပြီဖြစ်ပါတယ်။ တဖက်မှာလည်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

    ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကစလို့ အေအေဟာ ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်ထဲက ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့တို့ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒါကြောင့် ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်မှာသာ စစ်ကော်မရှင်တပ်တွေ ကျန်ရှိပါတော့တယ်။

  4. မန္တလေး၊ မြင်းခြံမှာ စစ်ကြောင်းထိုးချိန် ရွာတချို့ မီးရှို့ခံရ

    မြင်းခြံမြို့အဝင် ဆိုင်းဘုတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္န္တလေး၊ မြင်းခြံမြို့နယ်ထဲက ထိန်ပန်းနဲ့ ရွာသစ် ရွာ ၂ ရွာဟာ ဧပြီ ၁၂ ရက် စစ်တပ် စစ်ကြောင်းထိုးချိန်မှာ မီးရှို့ခံခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

    “ထိန်ပန်းရွာ ရော ရွာသစ်ရွာ ၂ ရွာပေါင်းရင် အိမ်ခြေ ၁,၀၀၀ လောက်ရှိတယ်။ ရွာလုံးကျွတ်နီးပါမီးရှို့ခံရတာ” လို့ သူက ဆိုပါတယ်။

    စစ်တပ်ရဲ့ စစ်ကြောင်းကနေ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချခဲ့သလို ဟောင်ဝစ်ဇာအမြောက်တွေနဲ့ ပစ်ခတ်ရာကနေ ရွာတွေထဲဗုံးကျည်တွေကျပေါက်ကွဲပြီး မီးလောင်ခဲ့တာလို့ သူက ရှင်းပြပါတယ်။

    လက်ရှိမှာ စစ်တပ်က မြင်းခြံမြောက်ဘက်နဲ့ အရှေ့ဘက်က ရွာတွေထဲ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေ လုပ်နေပြီး မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်တချို့နဲ့ ထိတွေ့မှုတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    “မြို့နယ်ရဲ့ တချို့နေရာက တော်လှန်ရေးတပ်တွေကတော့ စိုးမိုးနယ်မြေတွေကနေ ဆုတ်ခွာပေးနေရတယ်” လို့ သူက ဖြည့်ပြောပါတယ်။

    ဧပြီလထဲမှာလည်း စစ်တပ်က မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်လို့ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ၁၁ ယောက်သေဆုံးပြီး နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

    ကျီးပင်ကန်ရွာ၊ ဆိတ်ကုန်းနဲ့ ယုံထိုးစွယ်ရွာ စတဲ့ ရွာတွေမှာလည်း မီးလောင်မှုတွေဖြစ်နေပေမယ့် ဆုံးရှုံးမှုအခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ မြေပြင်အခြေအနေ သိသူတစ်ဦးက ပြောပါတယ်။

    ထိန်ပန်းနဲ့ ရွာသစ်ရွာက ဒေသခံတချို့ဟာ စစ်တပ်စစ်ကြောင်းထိုးချိန် ဖမ်းဆီးခံလိုက်ရတာတွေရှိတယ်လို့ သတင်းရင်းမြစ်က ပြောပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်‌။

    စစ်ကြောင်းထိုး၊ မီးရှို့ခံနေရတဲ့ ရွာတွေဟာ မြင်းခြံမြို့အရှေ့မြောက်ဘက်မှာရှိပြီး မြို့ကနေ ၁၂ မိုင်ကျော်ဝေးတဲ့ ရွာတွေဖြစ်ပါတယ်။ စစ်တပ်ကတော့ မြင်းခြံရွာတချို့ မီလောင်ပျက်စီးခဲ့တဲ့အခြေအနေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

  5. သင်္ကြန်အကြိုနေ့- မြန်မာက အကျပ်အတည်းတွေ အဆုံးသတ်ဖို့ ဆက်ကူမယ်လို့ အမေရိကန်ပြော, ယူကေကလည်း အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တာတွေရပ်ဖို့ တောင်းဆို

    မတ်လကုန်ပိုင်း အိမ်ဖြူတော်မှာ လုပ်တဲ့ အစည်းအဝေးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွဲမြင်ရတဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို(ဝဲ)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မတ်လကုန်ပိုင်း အိမ်ဖြူတော်မှာ လုပ်တဲ့ အစည်းအဝေးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွဲမြင်ရတဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို(ဝဲ)

    မြန်မာမှာ ပဋိပက္ခတွေ‌‌ကြောင့် တိုင်းပြည်ယိုယွင်းမှု‌တွေဆက်ရှိနေပေမယ့် နိုင်ငံရဲ့ အကျပ်အတည်းတွေ အဆုံးသတ်ဖို့ အကူအညီပေးမယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မြန်မာ့နှစ်သစ်ကူးကာလ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်မှာ မြန်မာက လူထုတွေကို အားပေးစကားပြောကြားကြောင်းထုတ်ပြန်ပါတယ်။

    မြန်မာပြည်သူတွေအနေနဲ့ ဆက်တိုက်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကြားမှာ ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို ထပ်တလဲလဲ ပြသခဲ့ကြတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာယူကေသံရုံးအကြီးအကဲ အန်ဒရူး ဂျက်ဆန်ကလည်း နိုင်ငံတွင်းနဲ့ နေရာအနှံ့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အေးချမ်းတဲ့သင်္ကြန်ဖြစ်ဖို့ ဆုတောင်းပေးတယ်လို့ ဧပြီ ၁၂ ရက်မှာ ရုပ်သံနဲ့ထုတ်ပြန်ပါတယ်။

    အဲဒီရုပ်သံဖိုင်ထဲမှာပဲ မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဆိုပြီး တောင်းဆိုလိုက်ပါတယ်။

    ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့လိုတယ်လို့ ယူကေသံရုံးအကြီးအကဲက မှတ်ချက်ပြုပါတယ်။ စစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက တရားမျှတမှုမရှိဘူးဆိုတဲ့ အချက်ကိုလည်း သံရုံးအကြီးအကဲက ထည့်ပြောပါတယ်။

    ဒါ့အပြင် လူသားချင်းစာနာအကူအညီလိုအပ်နေတဲ့ မြန်မာက လူထုတွေဆီ အကူအညီတွေ အတားအဆီး မရှိရောက်ရေးကိုလည်း ဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။ အလားတူ စစ်မှန်ပြီးအားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

  6. စစ်တပ်အထိုင်ချထားတဲ့ ပခုက္ကူ၊ မြောက်လူးကန်ရွာမှာ အိမ်ခြေရာချီမီးလောင်ခဲ့

    ဧပြီ ၁၂ ရက်က မီးလောင်ကျွမ်းနေတဲ့ ပခုက္ကူက မြောက်လူးကန်ရွာမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, ဧပြီ ၁၂ ရက်က မီးလောင်ကျွမ်းနေတဲ့ ပခုက္ကူက မြောက်လူးကန်ရွာမြင်ကွင်း

    သင်္ကြန်အကြိုနေ့ မရောက်ခင်တစ်ရက်အလို ဧပြီ ၁၂ ရက်မှာ မကွေး၊ ပခုက္ကူမြို့နယ်ထဲက စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ မြောက်လူးကန်ရွာမှာ အိမ်ခြေ ၄၀၀‌ ကျော်မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦး နဲ့ ဒေသခံ ၂ ဦး က ပြောပါတယ်။

    အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ မြောက်လူးကန်ရွာမီးလောင်မှုမှာ ရွာလုံးကျွတ်နီးပါး ပျက်ဆီးဆုံးရှုံးခဲ့ပြီး စစ်တပ်တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တချို့ပဲ ကျန်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

    မြေပြင်သတင်းရင်းမြစ်ရဲ့ အပြောအရ မီးလောင်နေချိန် ဒေသခံတွေက ပခုက္ကူမီးသတ်ဦးစီးဌာနကို ဖုန်းဆက်အကြောင်းကြားခဲ့ပေမယ့် ခွင့်ပြုချက်မရလို့ လာငြှိမ်းသတ်ပေးလို့မရကြောင်း မီးသတ်ဝန်ထမ်းတစ်ဦးက တုံ့ပြန်ဖြေကြားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဒီလိုအခြေအနေတွေကြောင့် ဒေသခံအများစုအနေနဲ့ ရွာမှာအထိုင်ချထားတဲ့စစ်တပ်က ရွာကိုမီးရှို့ခဲ့တာလို့ ယူဆနေကြကြောင်း မြေပြင်သတင်းရင်းမြစ်က သူ့ရရှိထားတဲ့အချက်အလက်တွေကို ကိုးကားပြီးဖြေဆိုပါတယ်။

    “ကျွန်တော်တို့ ပိုင်ဆိုင်မှုတွေ အကုန်ကုန်ပါပြီ။ တစ်ရွာလုံး ဘာမှကို မကျန်တော့ပါဘူး၊ ဘာမှလည်းယူချိန်မရလိုက်ဘူး” လို့ မြောက်လူးကံရွာရဲ့ ဒေသခံတစ်ဦး ပြောပါတယ်။ မနက်၈ နာရီကျော်ကနေ မီးစလောင်ပြီး နေ့လယ် ၂ နာရီဝန်းကျင်မှာမှ မီးငြိမ်းသွားခဲ့တာလို့ သူကဆိုပါတယ်။

    မြောက်လူးကန်ရွာဟာ စစ်တပ် တပ်စွဲထားတဲ့ ပခုက္ကူလေဆိပ်နဲ့ ၈ မိုင်ဝန်းကျင်သာဝေးပြီး လေဆိပ်က ရွာအရှေ့ဘက်မှာရှိပါတယ်။

    ရွာခံအများစုကတော့ စစ်တပ်တပ်စွဲထားတဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေကတည်းက ရွာထဲက အိမ်ထဲမှာ မနေရဲကြတော့ဘဲ ရွာအနီးက တောနဲ့ တဲတွေထဲမှာပဲပြောင်းရွှေ့ နေထိုင်နေကြတယ်လို့ သိရပါတယ်။

    ထပ်မံဖြည့်စွက်ချက် - ပခုက္ကူမြို့နယ်မီးသတ်ဦးစီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မီးသတ်ဝန်ထမ်းတစ်ဦးက “အဲဒါတွေက ပြောလို့အဆင်မပြေဘူး” လို့ဖြေကြားခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးစီးအရာရှိရဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ဖို့ပြောခဲ့ပါတယ်။

    ဘီဘီစီက ဦးစီးအရာရှိရဲ့ ဖုန်းကိုထပ်မံဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

    စစ်တပ်ကတော့ ပခုက္ကူ၊မြောက်လူးကန်ရွာမီးလောင်ပျက်စီးခဲ့တဲ့အခြေအနေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။ ဘီဘီစီအနေနဲ့ မြောက်လူးကန်ရွာမီး‌လောင်မှုနဲ့ပတ်သက်လို့ နေပြည်တော်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  7. IMEI မှတ်ပုံတင်စနစ်ကြောင့် မိုဘိုင်းဖုန်းဈေး ဘယ်လောက်မြင့်သွားမလဲ

    အခွန် ၁၂ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်းအထိ ကောက်မယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အခွန် ၁၂ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်းအထိ ကောက်မယ်

    ဖုန်းဆင်းကတ် ဈေးတွေ မြန်မာကျပ် ၂ သောင်းကျော်လောက်အထိ ဈေးပေါက်နေချိန်မှာ မိုဘိုင်းဖုန်းတွေကိုလည်း အခွန် ၁၂ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်းအထိ ကောက်မှာဖြစ်လို့ မိုဘိုင်းဖုန်းဈေးတွေဟာ ပုံမှန်ထက်ကို ဈေးကြီးပေးဝယ်ရတော့မယ့် အခြေအနေဖြစ်လာပါတယ်။

    လူတွေရဲ့နေ့စဉ်ဘဝနဲ့ ခွဲမရဖြစ်လာတဲ့ ဒီမိုဘိုင်းဖုန်းတွေ ဈေးတက်လာမယ်ဆိုရင် ငွေကြေး ဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ခံနေရတဲ့ မြန်မာ့လူထုအတွက် ဖုန်းတစ်လုံးကိုင်နိုင်ဖို့အရေး အကျပ်တွေ့လာနိုင်တယ်လို့ ပြည်တွင်းက ဖုန်းအသုံးပြုသူတွေ၊ နည်းပညာသမားတွေနဲ့ ဖုန်းအရောင်းဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။​

    မိုဘိုင်းဖုန်းဈေး ဘယ်လောက်မြင့်သွားမလဲတွက်ချက်ပြထားတဲ့ ဒီဆောင်းပါးလင်ခ့် ကိုနှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။

  8. မကွေး၊ ထောက်ရှာပင်-ကမ်းနီရေနံမြေမှာ တရုတ်က ရေနံထုတ်မယ်

    တရုတ်ကုမ္ပဏီနဲ့ စစ်ကော်မရှင်ရဲ့လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိသူတွေ စာချုပ်ချုပ်နေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန

    ဓာတ်ပုံ ပုံစာ, တရုတ်ကုမ္ပဏီနဲ့ စစ်ကော်မရှင်ရဲ့လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိသူတွေ စာချုပ်ချုပ်နေတဲ့မြင်ကွင်း

    မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ထောက်ရှာပင်-ကမ်းနီရေနံမြေမှာ ရေနံ တိုးမြှင့်ထုတ်လုပ်ဖို့အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေး စာချုပ်ကို နေပြည်တော်နဲ့ တရုတ်တို့ကြား လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဧပြီ ၁၁ ရက်က စာချုပ်သစ်ချုပ်ဆိုတဲ့ အဲဒီထောက်ရှာပင်စီမံကိန်းကို တရုတ်နိုင်ငံ North Petro-Chem Corporation (Myanmar) Limited ကလုပ်ကိုင်မယ်လို့ သိရပါတယ်။

    နေပြည်တော်ဘက်ကတော့ စာချုပ်ရဲ့ အကျိုးခံစားခွင့်တွေ၊စီမံကိန်းရဲ့ နှစ်သက်တမ်းသတ်မှတ်ချက်တွေနဲ့ ဘယ်လိုခွဲဝေရယူမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ တိတိကျကျထုတ်ပြောတာမရှိပါဘူး။

    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ကတော့ ထောက်ရှာပင်-ကမ်းနီ ရေနံမြေရဲ့ သက်တမ်းက နှစ် ၅၀ ခန့်ရှိပြီး ရေနံအထွက်တိုးအောင်လုပ်ဖို့ ခေတ်မီနည်းပညာတွေ လိုအပ်နေတယ်လို့ ပြောဆိုထားပါတယ်။

    ဒါအပြင် တရုတ်ကုမ္ပဏီကို လူ့စွမ်းအားအရင်းအမြစ်အပြင် အရင်းအနှီး စိုက်ထုတ်နိုင်မှု၊ အတွေ့အကြုံရှိမှု ဆိုတဲ့ လိုအပ်ချက်တွေအလိုက် စိစစ်စာချုပ်ချုပ်ဆိုခဲ့တာလို့ အဲဒီစာချုပ်ချုပ်တဲ့နေ့က ပြောဆိုထားပါတယ်။

    စစ်ခေါင်းဆောင်ဟောင်းက သမ္မတအဖြစ်ကျမ်းကျိန်ပြီး နောက်တစ်နေ့မှာပဲ တရုတ်ရဲ့ ရေနံတိုးထုတ်မယ့်ရင်းနှီးမြှုပ်နှံမယ့်စီမံကိန်း စာချုပ်ချုပ်ဆိုမှု ထွက်ပေါ်လာတာပါ။

    ဦးမင်းအောင်လှိုင် သမ္မတရာထူးမယူခင်ရက်ပိုင်းကလည်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စမာကျားနဲ့ နေပြည်တော်မှာသီးခြားတွေ့ဆုံထားပါတယ်။

    ၂၀၂၂ ခုနှစ်တုန်းကတော့ ပုသိမ်-မုံရွာကားလမ်းပေါ်မှာရှိတဲ့ ထောက်ရှာကပင်ရွာကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။ လက်ရှိအချိန်ထိ ထောက်ရှာပင်ရွာက နေအိမ်အများစုဟာ အိမ်အသစ်ပြန်မဆောက်နိုင်ကြသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

  9. မင်္ဂလာပါ။ ဧပြီ ၁၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။