အိမ်ဖြူတော်ပြောခွင့်ရ ကယ်ရိုလိုင်းလီဗစ် ရာထူးကနုတ်ထွက်မယ်
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလီဗစ် ဟာ ဒီလကုန်မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာပါတယ်။
လီဗစ် ဟာ သူ့ရဲ့ “အယုံကြည်ရဆုံး လက်ထောက်တွေထဲက တစ်ဦး” ဖြစ်တယ်လို့ ထရမ့် ကပြောပါတယ်။ သူဟာ ကလေးငယ်တွေနဲ့ မိသားစုအတွက် အချိန်ပေးဖို့ ရာထူးကနေ ထွက်မှာဖြစ်ပြီး “ကျွန်တော် ဒါကို လုံးဝနားလည်ပြီး လေးစားတဲ့ဆုံးဖြတ်ချက်” ဖြစ်တယ်လို့ ထရမ့် က သူ့ရဲ့ Truth လူမှုကွန်ရက်မှာ ရေးသားပါတယ်။
“ကယ်ရိုလိုင်းဟာ အခုကစပြီး ကျွန်တော့်ရဲ့ အဓိက ပြင်ပအကြံပေးတွေထဲက တစ်ဦးဖြစ်လာမှာဖြစ်သလို ရီပတ်ဘလစ်ကန်ပါတီအတွင်းမှာလည်း သြဇာရှိတဲ့အသံတစ်ခု ဖြစ်နေဦးမှာပါ” လို့ သူက ထပ်ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် ကယ်ရိုလိုင်း ဟာ ပြီးခဲ့တဲ့နှစ်မှာ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ရာထူးကို စတင်တာဝန်ယူခဲ့ပြီး အဲဒီရာထူးကို ထမ်းဆောင်ဖူးသူတွေထဲ အသက်အငယ်ဆုံးသူ ဖြစ်ခဲ့ပါတယ်။
သူ့နေရာမှာ ဘယ်သူ့ ကို အစားထိုးမယ်ဆိုတာတော့ လတ်တလော မသိရသေးပါဘူး။
လီဗစ်နဲ့ ခင်ပွန်းဖြစ်သူ နီကိုလပ်စ် ရစ်ချီယိုတို့ဟာ အခုနှစ် မေလမှာ ဒုတိယမြောက်ကလေးဖြစ်တဲ့ သမီးလေးကို မွေးဖွားခဲ့ပါတယ်။ သူ့ မှာ အသက် ၂ နှစ်အရွယ် သားတစ်ဦးလည်း ရှိပါတယ်။ ပြီးခဲ့တဲ့လက မီးဖွားခွင့်ကနေ အလုပ်ပြန်ဝင်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ ကြေညာချက်ထွက်လာပြီးနောက် X လူမှုကွန်ရက်မှာ လီဗစ်က သူ့ရဲ့ အလုပ်ဟာ “ဘဝတစ်လျှောက် အကြီးမားဆုံးဂုဏ်ယူစရာနဲ့ စွန့်စားခန်းတစ်ခု” ဖြစ်ခဲ့တယ်လို့ ရေးသားပါတယ်။
“ကမ္ဘာပေါ်မှာ အလုပ်တာဝန်အများဆုံး အလုပ်တွေထဲက တစ်ခုကို လုပ်ကိုင်နေရင်း မိခင်တစ်ယောက်ဖြစ်လာပြီး ကလေးတစ်ယောက်ကို ကြိုဆိုရတာဟာ ကျွန်မဘဝမှာ အကျေနပ်စရာအကောင်းဆုံး ဖြစ်သလို စိန်ခေါ်မှုအရှိဆုံးကာလလည်း ဖြစ်ခဲ့ပါတယ်” လို့ သူက ရေးသားပါတယ်။