တိုက်ရိုက်ထုတ်လွှင့်မှု, ထိုင်းဦးဆောင်ပြီး ဖိလစ်ပိုင်အပါ အာဆီယံဝန်ကြီးတချို့နဲ့နေပြည်တော်ဝန်ကြီးတို့ ပတ္တရားမှာ အလွတ်သဘောတွေ့မယ်

ဇူလိုင် ၁၂ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်၊ လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အပါအဝင် အာဆီယံနိုင်ငံတချို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ပတ္တရားမှာ တွေ့ဆုံဖို့ရှိတဲ့သတင်းအပါအဝင် ဇူလိုင် ၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရန်ကုန်မြစ်မှာ ဇူလိုင်လလယ်ပိုင်းအတွင်း ဒီရေတက်နိုင်၊ ဘားအံမြို့က သံလွင်မြစ်ရေစိုးရိမ်ရေမှတ်နား ကပ်လာ
  • အာဇာနည်နေ့အခမ်းအနားကို ဒရုန်းယူလာတာ၊ လွှတ်တင်တာနဲ့ ဖုန်းအပါအဝင် ပစ္စည်း ၁၀ မျိုးယူလာခွင့်မပြု
  • ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်၊ ဖိလစ်ပိုင်အပါ အာဆီယံနိုင်ငံတချို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ပတ္တရားမှာ တွေ့ဆုံဖို့ရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထိုင်းနဲ့ NUG၊ EROs တွေ သီးခြားအလွတ်သဘောတွေ့ဆုံဖို့ရှိနေ

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကော်မတီ ကိုယ်စားလှယ်အဖွဲ့(SCEF) ကို ပြီးခဲ့တဲ့လပိုင်းက KIO၊ KNU၊ CNF၊ ကရင်နီ၊ CRPH၊ NUG တို့နဲ့ဖွဲ့စည်းခဲ့ပြီး လူထုတွေ့ဆုံပွဲတွေပြုလုပ်နေ

    ဓာတ်ပုံ ရင်းမြစ်, SCEF

    ဓာတ်ပုံ ပုံစာ, ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကော်မတီ ကိုယ်စားလှယ်အဖွဲ့(SCEF) ကို ပြီးခဲ့တဲ့လပိုင်းက KIO၊ KNU၊ CNF၊ ကရင်နီ၊ CRPH၊ NUG တို့နဲ့ဖွဲ့စည်းခဲ့ပြီး လူထုတွေ့ဆုံပွဲတွေပြုလုပ်နေ

    လာမယ့် ဇူလိုင် ၁၃ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက K2C အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် EROs အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ကို သီးခြားစီအလွတ်သဘော တွေ့ဆုံဖို့ရှိတယ်လို့ ချင်းမိုင်အခြေစိုက် သံတမန်သတင်းရင်းမြစ်က ပြောပါတယ်။

    K2C အနေနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ ပါဝင်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဘက်က ပြောပါတယ်။

    ထိုင်းနိုင်ငံခြားရေးသတင်းရင်းမြစ်ကတော့ ဒီအစည်းအဝေးကို အတည်မပြုနိုင်သေးကြောင်း ဘီဘီစီကို တုံ့ပြန်ပါတယ်။

    အဲဒီတ‌‌နေ့တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့လည်း အလွတ်သဘောသီးခြားထပ်မံတွေ့ဆုံမယ်လို့ သိထားရကြောင်း သံတမန်ရင်းမြစ်နဲ့ NUG နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    EROs၊ NUG တို့နဲ့ နှစ်ဖွဲ့ ခွဲပြီး သီးခြားတွေ့ဆုံမှုမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ပဲတွေ့ဆုံမှာဖြစ်ပြီး တခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မပါဘူးလို့ NUG နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒီအစည်းအဝေးတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ ဘီဘီစီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

    ဘန်ကောက်အခြေစိုက် သံတမန်သတင်းရင်းမြစ်ကတော့ ''တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အသံတွေနဲ့ NUG နဲ့ SCEF ရဲ့အခြေအနေတွေကို ထိုင်းအစိုးရဘက်ကသိချင်တဲ့ သဘောပါ'' လို့ သူ့အမြင်ကို ပြောပါတယ်။

    အာဆီယံအဖွဲ့ အတွင်းက ထွက်ပေါ် လာတဲ့သတင်းတွေအရ မြန်မာ့အရေးဖြေရှင်းဖို့ Special Envoy for Myanmar Affairs မြန်မာ့အရေးအထူးသံတမန်ကို သီးခြားခန့်သင့်ကြောင်း အဆိုပြုချက်တွေရှိပါတယ်။ ဒီပြောဆိုဆွေးနွေးချက်တွေကို ၂၀၂၆ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ကလည်း ထည့်သွင်းစဥ်းစားနေတယ်လို့ သံတမန်သတင်းရင်းမြစ်တချို့က အစောပိုင်းမှာ ပြောထားပါတယ်။

    မြန်မာ့အရေးအထူးသံတမန်ကို ထိုင်းက ယူနိုင်ပြီး သူရဲ့တက်ကြွမှုဟာ သူ့နိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေး၊ လုံခြုံရေးစဥ်းစားချက်တွေနဲ့လည်း ချိတ်ဆက်နေသလို တစ်ချိန်တည်းမှာ မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်တဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ်လည်း ပုံဖော်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

  2. ထိုင်းဦးဆောင်ပြီး ဖိလစ်ပိုင်အပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့နဲ့နေပြည်တော်ဝန်ကြီးပတ္တရားမှာ အလွတ်သဘောတွေ့မယ်

    ၂၀၂၆ ဧပြီ ၂၂ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ဧပြီ ၂၂ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက်(ပုံဟောင်း)

    လာမယ့် ဇူလိုင် ၁၂ ရက် မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်၊ လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အပါအဝင် အာဆီယံနိုင်ငံတချို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ထိုင်းနိုင်ငံ၊ ပတ္တရားမှာ တွေ့ဆုံဖို့ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်ဆီက သိရှိရပါတယ်။

    ''ဟုတ်ပါတယ်။ မြန်မာက နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ဘာကြောင့်တွေ့မယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး'' လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောပါတယ်။

    နေပြည်တော်မှာ ဦးမင်းအောင်လှိုင်က သမ္မတရာထူးမယူခင် အာဏာသိမ်းစစ်ခေါင်းဆောင် အချိန်ကလည်း သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်တို့ ပတ္တရားမှာ အလွတ်သဘောတွေ့ဆုံမှုတွေရှိခဲ့ပါတယ်။

    ဒီအစည်းအဝေးတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ ဘီဘီစီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင်ဆက်သွယ်မေးမြန်းထားပါတယ်။

    ဒီအစည်းအဝေးပွဲအကြောင်းသိထားတဲ့ ဘန်ကောက်အခြေစိုက်သံတမန်ရင်းမြစ်တစ်ဦးကတော့ '' ထိုင်းရဲ့ ခြေလှမ်းက မြန်မာမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်လာဖို့ ရည်ရွယ်ပြီး တဖွဲ့ချင်းစီကိုသီးခြားတွေ့နေသလို အာဆီယံနဲ့ နေပြည်တော်ကြားပေါင်းကူးပေးနေတာ'' လို့ သူ့အမြင်ကိုပြောပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် အကျပ်အတည်းဆိုက်နေတဲ့ မြန်မာ့အရေးမှာ ထိုင်းဘက်ကလည်း ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ဖူးပါတယ်။

    ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံရဲ့အရေးကို အာဆီယံလမ်းကြောင်းအောက်ကပဲ ချဥ်းကပ်ဖြေရှင်းဖို့ဆိုတဲ့မူကို ထိုင်းဘက်က ကျော်လွှားဖို့ ခက်ခဲခဲ့ပါတယ်။

    ပြီးခဲ့တဲ့ အာဆီယံဥက္ကဋ္ဌ ၄ နိုင်ငံဆက်တိုက်တင်မက ၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်အထိ မဖြေရှင်းနိုင်သေးတဲ့ မြန်မာ့ပြဿနာကို ပြေလည်ဖို့ ကြားဝင်နိုင်ငံအဖြစ် ထိုင်းက တာဝန်ယူလာနိုင်တယ်ဆိုတဲ့သတင်းတွေက သံတမန်အသိုင်းအဝိုင်းမှာ ထွက်ပေါ်နေပါတယ်။

  3. ရန်ကုန်၊ အာဇာနည်နေ့ ဗိမာန်၊ဗိုလ်ချုပ်ပြတိုက်နဲ့ ဝန်ကြီးများရုံးဝင်ခွင့်အတွက် ပစ္စည်း ၁၀မျိုးကန့်သတ်ထား, အာဇာနည်နေ့အခမ်းအနား ဒရုန်းပျံခွင့်ပါပိတ်ထား

    ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဦးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဦးမင်းအောင်လှိုင်(ပုံဟောင်း)

    ဒီနှစ် ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာပြုလုပ်မယ့် အာဇာနည်နေ့အခမ်းအနားကို ဒရုန်းယူလာတာ၊ လွှတ်တင်တာကို ကန့်သတ်ထားပါတယ်။

    ဒါ့အပြင် ဗိမာန်ထဲ ဝင်ရောက်ချိန်မှာ ဖုန်းအပါအဝင် ကန့်သတ်ပစ္စည်း ၁၀ မျိုးယူလာခွင့်မပြုဘူးလို့ နိုင်ငံပိုင်သတင်းစာက ဇူလိုင် ၉ ရက်မှာကြေညာပါတယ်။

    ဖုန်း၊ ကင်မရာ၊ အလံ၊ အလံကိုင်ဖို့သုံးတဲ့ တုတ်နဲ့ ပိုက်တွေ၊ ဗီနိုင်း၊ ပန်းခွေ/ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ပုလင်း/ဗူးအမျိုးမျိုး၊ လက်ကိုင်အိတ်၊ မီးခြစ်နဲ ‌ဘောလ်ပင်တို့ ကိုကန့်သတ်ထားတာပါ။

    ဒီပစ္စည်းတွေကို အာဇာနည်ဗိမာန်အပြင် ဝန်ကြီးများရုံးနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လာရောက်မယ့်သူတွေကိုပါ ယူလာရင် ဝင်ခွင့်မပြုဘူးလို့ ကြေညာထားတာ ဖြစ်ပါတယ်။

    အာဇာနည်နေ့မှာ ပြည်သူလူထုသွားရောက်လေ့ရှိတဲ့ ဒီနေရာ ၃ ခုကို ဝင်ရောက်ခွင့်ရဖို့အတွက် နာမည်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာနဲ့ ဖုန်းနံပါတ်စတဲ့ ကိုယ်ရေးအချက်အလက်တွေ ‌ပေးရမယ်လို့ လည်းဆိုပါတယ်။

    ဝင်ခွင့်အတွက် အထောက်အထားကတ်ပြားတစ်ခုခုယူဆောင်လာဖို့လည်း ပြောထားပါတယ်။

    ဒီလိုကန့်သတ်ချက်တွေရှိနေတာကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဇာနည် ၉ ဦးနဲ့ ပတ်သက်တဲ့နေရာတွေကို သွားရောက်လေ့လာသူတွေ လျော့ကျလာပါတယ်။

    ဦးမင်းအောင်လှိုင်တက်ရောက်တဲ့ ပြီးခဲ့တဲ့နှစ်အာဇာနည်နေ့ အခမ်းအနားတုန်းကလည်း ပစ္စည်း ၁၀ မျိုးယူဆောင်ခွင့်နဲ့ ဒရုန်းပျံသန်းခွင့်ကို ကန့်သတ်ခဲ့ပါ‌သေးတယ်။

    ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကလည်း ၂၀၂၅ ခုနှစ် အာဇာနည်နေ့မတိုင်ခင် ဇူလိုင် ၁၃ ရက်ကတည်းက မြို့နယ်တွေနဲ့ မြို့ဝင်မြို့ထွက်တွေမှာ ယာဥ်အမျိုးမျိုးကို တားဆီးစစ်ဆေးတာ လုပ်ခဲ့ပါတယ်။

  4. ရန်ကုန်မြစ်နဲ့ ဘားအံမြို့မှာ ရေကြီးနိုင်လို့ မြစ်ကမ်းဘေးနေသူတွေ ကြိုပြင်ဆင်ဖို့သတိပေး

    တောင်တန်းနောက်ခံနဲ့ မြစ်တစ်စင်းရေတက်နေတဲ့အခြေအနေမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Saw Chaint Phaung

    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ဇူလိုင် ၈ ရက်မှာတွေ့ရတဲ့ ဘားအံမြို့က သံလွင်မြစ်ရေအခြေအနေ

    ရန်ကုန်မြို့၊ ရန်ကုန်မြစ်ထဲမှာ သာမန်ထက်ထူးကဲတဲ့ ဒီရေမြင့်လာနိုင်လို့ မြစ်ကမ်းဘေးနားကနေအိမ်တွေ ရေဝင်နိုင်တာကြောင့် ကြိုပြင်ဆင်ဖို့ဆိုပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဒီနေ့ သတိပေးချက်ထုတ်ပြန်ပါတယ်။ ထူးကဲ ဒီရေဟာ ဇူလိုင် ၁၄ ရက်နေ ၁၈ ရက်အတွင်းမှာတက်လာနိုင်လို့ အခုလိုသတိပေးချက်ကြိုထုတ်တာလို့ ဆိုပါတယ်။

    အဲဒီရက်ပိုင်းအတွင်း ဒီရေမြင့်တက်လာတဲ့အခါ ရန်ကုန်မြစ်ရဲ့ဒီရေအမြင့်စံ သတ်မှတ်ချက်ထက် ပေ ၂၀ ကျော်အထိမြင့်နိုင်တယ်လို့ ဆိပ်ကမ်းအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

    ဒီနေ့မနက်ပိုင်းအထိ မြစ်ရေဆက်တိုးနေတဲ့ ကရင်ပြည်နယ်က သံလွင်မြစ်ရေကတော့ နောက်နှစ်ရက်အတွင်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဘားအံမြို့နယ်ထဲက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ ကြိုတင်သတိပြုမိဖို့၊ မြစ်ရေတက်လာရင် အချိန်မီရှောင်ရှားဖို့ သတိပေးလာတာဖြစ်ပါတယ်။

    “မြို့ခံတွေကတော့ ကမ်းနားလမ်းနဲ့ အမှတ် ၂ ရပ်ကွက်ဘက်ကို စောင့်ကြည့်ကြတယ်။ အဲ့ဒီနေရာတွေ ရေကျော်ရင် မြို့ရေကြီးပြီဆိုတော့လေ။ အခုထိတော့ လမ်းပေါ်ရေမတက်လာသေးဘူး” လို့ ဘားအံမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မိုးဇလရဲ့ ဒီနေ့မနက်ပိုင်းတိုင်းတာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲကို ရောက်နေပါတယ်။ ဒီမနက် ၈ နာရီအချိန်တိုင်းတာချက်အရလည်း ဒီနေ့ကနေ ဇူလိုင် ၁၇ ရက်အထိ ရန်ကုန်နဲ့ ကရင်ပြည်နယ်မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

    ဒါ့အပြင် တခြားတိုင်းနဲ့ ပြည်နယ် ၉ ခုမှာလည်း မိုးကြီးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနဲ့ မြစ်ချောင်းအနီးနေသူတွေကို သတိပြုနေထိုင်ဖို့ ပြောထားပါတယ်။

  5. မင်္ဂလာပါ။ ဇူလိုင် ၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။