တိုက်ရိုက်ထုတ်လွှင့်မှု, နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် ထိုင်းအစိုးရစည်းမျဉ်းသစ် ဒီနေ့ အသက်ဝင်

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုအပါအဝင် ပြစ်မှု ၅ မျိုး ကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို နိုင်ငံပြင်ပနှင်ထုတ်နိုင်တဲ့ ဝန်ကြီးချုပ်ရုံးစည်းမျဥ်းဒီနေ့အသက်ဝင်တဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ပြစ်မှု ၅ မျိုးကျူးလွန်သူနဲ့ ကူညီသူ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် ထိုင်းအစိုးရစည်းမျဥ်းသစ် ဒီနေ့စတင်အသက်ဝင်
  • ရုတ်တရက်ရေကြီးမှုကြောင့် နီပေါမှာ သေဆုံးသူ ၄၆၉ ဦးအထိ မြင့်တက်လာပြီး နီပေါနဲ့ တိဗက်နယ်စပ် ဟိမဝန္တာဒေသမှာ ဒုတိယအကြိမ် ရေကြီးမှု ထပ်မံဖြစ်ပေါ်လာနိုင်
  • လိင်တူချင်းချစ်ကြိုက်တဲ့ စာအုပ်ရောင်းချနေတာကို ပြန်ကြားရေးဝန်ကြီးဌာနက စောင့်ကြည့်နေပြီး စာမျက်နှာ ၉ ခုကို တရားမဝင်အဖြစ် ဒီမနက် ကြေညာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လိင်တူချစ်သူစာအုပ်တွေရောင်းချမှု တရားစွဲမယ်လို့ ပြန်ကြားရေးသတိပေး

    ပြန်ကြားရေးက တရားမဝင် စာအုပ်ဆိုင်အဖြစ်ကြေညာလာတဲ့ Chi စာပေရဲ့ Facebook page

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, ပြန်ကြားရေးက တရားမဝင် စာအုပ်ဆိုင်အဖြစ်ကြေညာလာတဲ့ Chi စာပေရဲ့ Facebook page

    Facebook၊ TikTok နဲ့ Telegram ကနေ လိင်တူချင်းချစ်ကြိုက်တဲ့ စာအုပ်ရောင်းချနေတာကို ပြန်ကြားရေးဝန်ကြီးဌာနက စောင့်ကြည့်နေပြီး စာမျက်နှာ ၉ ခုကို တရားမဝင်အဖြစ် ဒီမနက် ကြေညာပါတယ်။

    ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chiစာပေ၊ ဘဝထက်စာပေ၊ ဧရိပ်-A Yeik၊ Alora Eleven Book House၊ Libra Book Shop(Chuu Sein)၊ နွေဦးကံ့ကော်စာအုပ်ဆိုင်နဲ့ Z For Zodiac တို့ဖြစ်ပါတယ်။

    Chi စာပေကတော့ သူတို့ရဲ့ နောက်ဆုံးထုတ်ဝေတဲ့ BL စာအုပ်ကို ပုံနှိပ်စက်က ဆက်လက်မရိုက်နှိပ်ပေးတော့ဘူးလို့ ပြောဆိုလာတာရှိတယ်လို့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။

    ဒီစာမျက်နှာတွေဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ စာအုပ်တွေကို မှတ်ပုံတင်ဖို့နဲ့ မူပိုင်ခွင့်အတွက် ဝန်ကြီးဌာနကို ပေးပို့တာ၊ ပုံနှိပ်ထုတ်ဝေဖို့ အသိအမှတ်ပြုလက်မှတ်ရယူထားတာ မရှိဘဲ ဥပဒေကို ဖောက်ဖျက်ကျူးလွန်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကဆိုပါတယ်။

    ပြန်ကြားရေးက ကြေညာတဲ့ စာမျက်နှာ ၉ ခုက ရောင်းချတဲ့ လိင်တူချင်း ချစ်ကြိုက်တဲ့ စာအုပ်တွေကို မြန်မာ့ယဥ်ကျေးမှုနဲ့ ကိုက်ညီတာမရှိဘဲ လူငယ်တွေ တွေးခေါ်မြော်မြင်တာနဲ့ ခံစားနားလည်တာကို လွဲမှားစေနိုင်တဲ့ စာအုပ်တွေလို့ ဆိုထားပါတယ်။

    ဒီနေ့ ထုတ်ပြန်တဲ့စာရင်းထဲက စာအုပ်ရောင်းချနေတဲ့ တရားမဝင်စာအုပ်ဆိုင်နဲ့ စာမျက်နှာတွေကို ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လိုက်နာဖို့နဲ့ စည်းကမ်းဖောက်ဖျက်ရင် တရားစွဲမယ်လို့ ပြန်ကြားရေးက ပြောပါတယ်။

    မြန်မာမှာ လိင်တူချင်း လက်ထပ်ခွင့်မရှိဘူးလို့ တားမြစ်ထားတဲ့ ဥပဒေမရှိပေမဲ့ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုကို တားမြစ်တဲ့ ဥပဒေရှိပါတယ်။

    ရာဇသတ်ကြီး ဥပဒေရဲ့ ရာဇသတ်ကြီး ဥပဒေရဲ့ ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှုများ ခေါင်းစဉ်အောက်က ပုဒ်မ ၃၇၇ မှာ အခုလို ဖော်ပြထားပါတယ်။

    "ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို၊ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင်၊ ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။"

    ဒီဥပဒေဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ပြဋ္ဌာန်းထားတာဖြစ်လို့ လိင်တူချင်းချစ်ကြိုက်ခွင့်နဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ ခေတ်စနစ်အပြောင်းအလဲမှာ အငြင်းပွားဖွယ်ဖြစ်နေတာပါ။

    အာဏာမသိမ်းခင်ကာလတွေတုန်းက LGBT အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပုဒ်မ ၃၇၇ ကိုပယ်ဖျက်ဖို့ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။

  2. နီပေါရေဘေး သေဆုံးသူ ၄၆၉ ဦးအထိ မြင့်တက်, ဒုတိယအကြိမ် ရေကြီးနိုင်ခြေသတိပေးချက်ကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ စိုးရိမ်နေ

    အဆိုးဆုံးရေကြီးမှုဖြစ်ခဲ့တဲ့ နီပေါ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အဆိုးဆုံးရေကြီးမှုဖြစ်ခဲ့တဲ့ နီပေါ

    နီပေါမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးမှုကြောင့် သေဆုံးသူ ၄၆၉ ဦးအထိ မြင့်တက်လာတယ်လို့ နီပေါရဲတပ်ဖွဲ့က ပြောပါတယ်။

    ဒါအပြင် နီပေါနဲ့ တိဗက်နယ်စပ် ဟိမဝန္တာဒေသမှာ ဒုတိယအကြိမ် ရေကြီးမှု ထပ်မံဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အထူးသတိထားနေရတယ် လို့ ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

    တရုတ်-နီပေါ နယ်စပ်အနီးမှာ ရေတွေ မြင့်တက်လာပြီး ရေအိုင်ကြီးတစ်ခု ဖြစ်ပေါ်နေတဲ့အတွက် ကန်ကျိုးပေါက်ပြီး ရေလုံးကြီး ထပ်မံစီးဆင်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

    ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးမှုကြောင့် နီပေါနိုင်ငံမှာ လူပေါင်း ၉၀၀ ကျော် ပျောက်ဆုံးနေပြီး အနည်းဆုံး ၄၆၉ ဦး သေဆုံးထားပါတယ်။ တိဗက်မှာတော့ လူသုံးဦး သေဆုံးပြီး ၅၅၀ ကျော် ပျောက်ဆုံးနေပါတယ်။

    နှစ်ဖက်ဒေသက ပျောက်ဆုံးသူစာရင်းတွေ ထပ်နေခြင်း ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

    ဒေသခံအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ရေခဲမြစ်ပြိုကျမှုကြောင့် အင်အားအလွန်ပြင်းတဲ့ ရေလှိုင်းကြီး ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ရေလှိုင်းဟာ အိမ်တွေနဲ့ လမ်းတွေကို ဖြတ်ကျော်ဖျက်ဆီးခဲ့ပြီး နီပေါနဲ့ တိဗက်ကြားက အရေးပါတဲ့ နယ်စပ်ဖြတ်ကျော်လမ်းလည်း ပျက်စီးသွားပါတယ်။

    ဒီဒေသကို နှစ်စဉ် ခရီးသွားဧည့်သည် သောင်းနဲ့ချီ လာရောက်ကြတာ ဖြစ်ပြီး အခု ရေဘေးအတွင်း ပျောက်ဆုံးနေသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်နေပါတယ်။

    ရေဘေးထဲ ပျောက်ဆုံးနေတဲ့ သူတို့ မိဘနှစ်ဦးကို စောင့်ဆိုင်းနေတဲ့ အမေရိကန် ညီအစ်မနှစ်ဦးကတော့ “ကျွန်မတို့ သူတို့ကို အရမ်းချစ်တယ်။ သူတို့ အိမ်ပြန်လာစေချင်တယ်” လို့ ဘီဘီစီ ကို ပြောပါတယ်။

  3. နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် ထိုင်းအစိုးရစည်းမျဉ်းသစ် ဒီနေ့ အသက်ဝင်

    ၂၀၂၄ ခုနှစ် သြဂုတ်လတုန်းက ထိုင်းနိင်ငံရနောင်းမြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသားတွေ

    ဓာတ်ပုံ ရင်းမြစ်, Ranong Immigration

    ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် သြဂုတ်လတုန်းက ထိုင်းနိင်ငံရနောင်းမြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသားတွေ (ပုံဟောင်း)

    ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုအပါအဝင် ပြစ်မှု ၅ မျိုး ကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို နိုင်ငံပြင်ပနှင်ထုတ်နိုင်တဲ့ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံးစည်းမျဥ်းဟာ သြဂုတ် ၂၈ ရက် ဒီနေ့မှာအသက်ဝင်မှာ ဖြစ်ပါတယ်။ ဒီစည်းမျဥ်းကို မနေ့တုန်းက ထိုင်းနိုင်ငံတော်ပြန်တမ်းမှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

    လူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်တာ နေထိုင်တာ၊ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးဌာနရဲ့ ဥပဒေကို ဆန့်ကျင်လုပ်ကိုင်တာ၊ နိုင်ငံခြားသားစီးပွားရေးလုပ်ကိုင်ခွင့်ဥပဒေနဲ့ မကိုက်ညီတဲ့ စီးပွားရေးလုပ်ဆောင်တာတွေကို ပြည်နှင်ဒဏ်ပေးမှာဖြစ်ပါတယ်။ ဒါအပြင် တရားဝင်အထောက်အထား စာရွက်စာတမ်းတွေကို အတုပြုလုပ်တာ၊ ထောင်ဒဏ် ၅ နှစ်နဲ့ အထက်ချမှတ်နိုင်တဲ့ ပြစ်မှုကျူးလွန်သူတွေလည်း ပြည်နှင်ဒဏ်ပေးမယ့် စည်းမျဥ်းထဲ ထည့်သွင်းထားပါတယ်။

    နောက်ဆုံးတစ်ချက်ကတော့ အပေါ်မှာ ပြောခဲ့တဲ့ ပြစ်မှုအမျိုးအစား ၅ ခုကို အဓိကကျူးလွန်သူတွေကိုသာမက ကူညီသူတွေပါ ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပါတယ်။ ဒီနေ့အသက်ဝင်မယ့် ထိုင်းအစိုးရရဲ့ စည်းမျဥ်းအရ ပြစ်မှုကျူးလွန်သူတွေဟာ တရားရုံးကချမှတ်တဲ့ ထောင်ဒဏ်အပြည့်ကျခံပြီးရင် ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပါတယ်။

    ဒီအမိန့်ထဲမှာ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့်မရှိတဲ့ ကာလကိုပါ သတ်မှတ်နိုင်တယ်လို့ ထည့်သွင်းထားပါတယ်။ နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းက သံတမန်ရေးအရ ထိုင်းကနေ ပြည်နှင်ဒဏ်ပေးခံရမယ့်သူကို မိခင်နိုင်ငံမဟုတ်ဘဲ တတိယနိုင်ငံကိုပို့ဆောင်ပေးဖို့ ပြည်နှင်ဒဏ်အမိန့်ထုတ်ပြီး ၇ ရက်အတွင်း တောင်းဆိုနိုင်တယ်လို့လည်းဖော်ပြပါတယ်။

    မြန်မာနိုင်ငံသားတွေကတော့ ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်လမ်းကြောင်းကနေ ဝင်ရောက်လို့ ဖမ်းဆီးခံရတဲ့သတင်းကို ထိုင်းအာဏာပိုင်တွေက နေ့စဥ်ထုတ်ပြန်နေတာပါ။ ဒါအပြင်အထောက်အထားမရှိဘဲ အလုပ်လုပ်တာ၊ အခြေခံအလုပ်သမား အလုပ်လုပ်ကိုင်ခွင့်ထက် ကျော်လွန်လုပ်တာတွေကြောင့်လည်း ဖမ်းဆီးခံနေရပါတယ်။ ဒီလိုဖမ်းဆီးခံရသူတွေဟာ အခုပြဋ္ဌာန်းလိုက်တဲ့ စည်းမျဥ်းအရ ထောင်ဒဏ်၊ ငွေဒဏ်ကျခံရပြီးရင် မြန်မာကို ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပါတယ်။

  4. မင်္ဂလာပါ။ ဩဂုတ် ၂၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။