အယ်လ်နီညိုအားကောင်းလာချိန် ရန်ကုန်မှာ သက်ကြီး ၁ ဦး အပူလျှပ်သေဆုံး

အယ်လ်နီညိုဖြစ်စဉ် အားကောင်းလာနေပြီး အပူချိန်တိုးမယ်လို့ ကမ္ဘာ့မိုးလေ၀သဌာန ခန့်မှန်းချိန် ရန်ကုန်မှာ သက်ကြီး ၁ ဦး အပူလျှပ် သေဆုံးမှုဖြစ်တဲ့သတင်းအပါအဝင် ‌အောက်တိုဘာ ၁၂ ရက်ကမ္ဘာနဲ့မြန်မာထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • အယ်လ်နီညိုဖြစ်စဉ်ဟာ လာမယ့် ဒီဇင်ဘာလဝန်းကျင်မှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်ပြီး ကမ္ဘာ့ဒေသအများအပြားမှာ အပူချိန်မြင့်တက်နိုင်
  • မြန်မာသပိတ်အဖွဲ့ GSCB နဲ့ တက်ကြွလှုပ်ရှားသူ သုံးဦးကို ချက်ခ် နိုင်ငံမှာကျင်းပတဲ့ Forum 2000 ဆု ပေးအပ်
  • ယူကရိန်းနဲ့ ရုရှားကြား 'စွမ်းအင်ကဏ္ဍအပစ်ရပ်'ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောပေမဲ့ ရုရှားဘက်က နှုတ်ဆိတ်နေ
  • နိုင်ငံပေါင်း ၁၉၀ ကျော်က ကိုယ်စားလှယ် ၁၅,၀၀၀ ကျော် တက်ရောက်မယ့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) နဲ့ ကမ္ဘာ့ဘဏ်(World Bank) အစည်းအ၀ေးပွဲအနီး ဆန္ဒမပြဖို့ ဘန်ကောက်ရဲတပ်ဖွဲ့ပြော
  • ဝက်လက်မြို့နယ်ထဲကို စစ်တပ်က ဗုံးအလုံးရေ ၃၀ ကျော်ကြဲချလို့ လူ ၄ ဦးသေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အောက်တိုဘာ ၁၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ရခိုင်ကို ပိတ်ဆို့တိုက်ခိုက်တဲ့စစ်တပ်ဗျူဟာ အောင်မြင်နိုင်မလား

    အေအေနဲ့ မြန်မာစစ်တပ် တပ်ဖွဲ့၀င်တွေ ပေါင်းစပ် ဓာတ်ပုံ

    စစ်ခေါင်းဆောင်ဟောင်း နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်က သူ သမ္မတ ဖြစ်လာတာနဲ့ အပစ်မရပ်ရသေးတဲ့အဖွဲ့တွေကို နေပြည်တော်က ဆွေးနွေးလိုကြောင်း ဖိတ်စာတွေ ပို့ခဲ့ပြီး အဲဒီထဲမှာ အေအေကိုတော့ ချန်ခဲ့ပါတယ်။

    စစ်တပ်ကိုယ်စားလှယ်တွေက ရခိုင်ပြည်နယ်ကို ၂၀၂၃ ခုနှစ်မတိုင်ခင် အခြေအနေဆီ ပြန်သွားချင်တယ်လို့ ပြောတဲ့အကြောင်း အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ပြောဆိုချက်အရ သိရပါတယ်။

    ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း တရုတ်၊ ဟိုင်ဂင်မှာ အေအေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ချိန်မှာ ပြောဆိုခဲ့တာလို့ သိရပါတယ်။

    အခုတော့ မြန်မာစစ်တပ်ဟာ ရခိုင်မှာ အေအေ သိမ်းထားတဲ့မြို့နယ်တွေကို ဦးတည်ပြီး ကြည်းရေလေ ထိုးစစ်အသွင် ထိုးဖောက်ဖို့ ကြိုးပမ်းနေပါတယ်​။

    ရခိုင်ကို စစ်တပ်ရဲ့ထိုးစစ် အောင်မြင်နိုင်မလား။ အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  3. အဆုတ်ပလိပ်ရောဂါ ကမ္ဘာတဝန်း ပျံ့နိုင်ခြေနည်းတာ ဘာကြောင့်လဲ

    ရုရှား စားသုံးသူရေးရာနဲ့ ကျန်းမာရေးစောင့်ကြည့်အဖွဲ့ Rospotrebnadzor ရှေ့ကနေ အောက်တိုဘာလ ၅ ရက် ၂၀၂၆ ခုနှစ်တုန်းက အမျိုးသမီး တစ်ဦး ဖြတ်လျှောက်သွားတဲ့မြင်ကွင်းနဲ့ နောက်မှာ အဲဒီအဖွဲ့ တံဆိပ်ရိုက်နှိပ်ထားတဲ့ သံတိုင်ကို မြင်တွေ့ရ

    ပလိပ်ရောဂါလို့ပြောလိုက်ရင် ကိုယ်ကြည့်ဖူး ဖတ်ဖူး မြင်ဖူးတဲ့ ရုပ်ရှင်တွေ စာပေတွေ သတင်းတွေကြောင့် စိုးတထိတ်ထိတ်ရင်းနှီးမှုမျိုးတော့ ဖြစ်နိုင်ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့မှာ ပလိပ်ရောဂါပိုးနဲ့ ထိတွေ့ခဲ့နိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ အကြောင်းရင်း "မသတ်မှတ်နိုင်သေးတဲ့" အဆုတ်ရောင်ရောဂါနဲ့ ဆိုက်ဘေးရီးယားမှာ သေဆုံးခဲ့ပါတယ်။

    လူ ၂၀၀ နီးပါးကို သီးခြားခွဲထားခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ စိုးရိမ်ပူပန်တာတွေ မြန်မြန်ငြိမ်သွားအောင် တာဝန်ရှိသူတွေ ကြိုးပမ်းခဲ့ပေမဲ့ အွန်လိုင်းပေါ်မှာတော့ ခန့်မှန်းပြောဆိုမှုတွေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ပျံ့နှံ့နေပါတယ်။

    အသက် ၂၈ နှစ်အရွယ် ဒါယာ ရှီပီလိုဗာဟာ ဆိုက်ဘေးရီးယားဒေသ အီယာကုစ်ခ် ပြည်နယ်က ပလိပ်ရောဂါ တိုက်ဖျက်ရေးသိပ္ပံဌာနမှာ အလုပ်လုပ်သူ ဖြစ်ပါတယ်။

    ဒါပေမဲ့ သေချာတဲ့အချက်တစ်ခု ရှိပါတယ်။

    ဒီဖြစ်ရပ်ကနေ ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့မှုတစ်ခု ဖြစ်လာဖို့ မဖြစ်နိုင်သလောက် နည်းပါးတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။​

  4. ရန်ကုန်မြို့လယ်မှာ သက်ကြီး အမျိုးသားတစ်ဦး အပူလျှပ်ပြီး သေဆုံး

    ကူညီကယ်ဆယ်ရေးလုပ်နေတဲ့မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ကူညီကယ်ဆယ်ရေးလုပ်နေတဲ့မြင်ကွင်း

    ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်က ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ သက်ကြီးပိုင်းအမျိုးသား ၁ ဦး ဒီနေ့မွန်းတည့်ခါနီးမှာ အပူလျှပ်ပြီး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။​

    သေဆုံးခဲ့သူဟာ တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် အငှားယာဥ်မောင်း အမျိုးသားဖြစ်ပါတယ်။​

    ဒီနေ့ မနက် ၁၁ နာရီခွဲခန့်မှာ သက်ကြီးပိုင်းအမျိုးသားတစ်ဦး အပူရှပ်ပြီး မူးလဲနေတယ်ဆိုတဲ့သတင်းရလို့ ကူညီဖို့အသွား မိနစ်ပိုင်းအတွင်း ရောက်ခဲ့ပေမဲ့ ကယ်ဆယ်ရေးအဖွဲ့ရောက်ချိန်မှာ အဲဒီအမျိုးသားကို သေဆုံးလျက်တွေ့ခဲ့ရတာလို့ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့က လူမှုကွန်ရက်ကနေ သတင်းထုတ်ပါတယ်။

    ဒါဟာ အပူရှိန်ကြောင့် လူသေဆုံးတဲ့အထိဖြစ်လာတာဖြစ်ပေမဲ့ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ကတော့ အခုသီတင်းတစ်ပတ်အတွင်း အပူရှပ်လို့ ဆေးရုံဆေးခန်း ပို့ရတဲ့ အသက် ၄၀ ကနေ ၆၅ နှစ်ကျော်ကြား အမျိုးသားအမျိုးသမီး ၅ ဦးအထိရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။​

    ''ရန်ကုန်မှာ အပူချိန်က အတွင်းထဲက လှိုက်ပြီးတော့ကို ပူနေတာမျိုး ခံစားနေရတာ တစ်ပတ်လောက်ရှိပါပြီ'' လို့ ရန်ကုန်မြို့လယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။​

    နိုင်ငံတကာ မိုးလေ၀ စောင့်ကြည့်ရေးစာမျက်နှာတွေမှာတော့ ရန်ကုန်ရဲ့အပူချိန်ဟာ ၃၂ ဒီဂရီဆဲဆီးယက်စ် ရှိတယ်လို့ ပြောပေမဲ့ လူတွေ အမှန်တကယ်ခံစားရတဲ့အပူချိန်ဟာ ၄၀ ဒီဂရီဆဲစီးယက်စ်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။​

    မိုးလေ၀သ စောင့်ကြည့်ရေးစာမျက်နှာ အချို့မှာတော့ ရန်ကုန်မှာ နေ့အပူချိန်ဟာ အပူလွန်ကဲတဲ့အခြေအနေလို့ ဖော်ပြနေပါတယ်။

    ဒီအခြေအနေဟာ အိမ်တွင်း အိမ်ပြင်အပူချိန်ဟာ လူ့ခန္ဓာကိုယ်အတွက် သူ့ဘာသာ ကိုယ်အေးအောင် မလုပ်နိုင်တော့တာကြောင့် နေမကောင်းတာနဲ့ အသက်ဆုံးပါးနိုင်တဲ့အန္တရာယ်အထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။​

  5. မြန်မာကို ATR လေယာဉ်သစ်ရောင်းချမှုအပေါ် အီတလီအရပ်ဘက်အဖွဲ့က လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကိုမေးခွန်းထုတ်

    စက်တင်ဘာ ၃၀ ရက်က နိုင်ငံပိုင်သတင်းစာမှာဖော်ပြခဲတဲ့ မြန်မာ MAI ကဝယ်တဲ့ ATR လေယာဉ်သစ်
    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၃၀ ရက်က နိုင်ငံပိုင်သတင်းစာမှာဖော်ပြခဲတဲ့ မြန်မာ MAI ကဝယ်တဲ့ ATR လေယာဉ်သစ်

    မြန်မာကို ATR-72-600 လေယာဉ်သစ်တစ်စင်း ရောင်းချခဲ့မှုနှင့်ပတ်သက်ပြီး စစ်တပ်က အသုံးပြုနိုင်ခြေ ရှိ မရှိ ရှင်းလင်းပေးဖို့ အီတလီလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Leonardo ကို အီတလီနိုင်ငံအခြေစိုက် Italia-Birmania Insieme အရပ်ဘက်အဖွဲ့က တောင်းဆိုကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

    အောက်တိုဘာ ၉ ရက်စွဲနဲ့ထုတ်ပြန်ချက်မှာ တောင်းဆိုချက်မှာ အရပ်ဘက်အသုံးပြုဖို့သာ ရည်ရွယ်ထားတဲ့လေယာဉ်ကို စစ်တပ်ကြား ဆက်နွှယ်မှုတွေ ရှိတယ်ဆိုတဲ့အချက်အလက်တွေအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

    Italia-Birmania Insieme ဟာ အီတလီနိုင်ငံအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အာဏာမြှင့်တင်ရေးတို့ကို ပံ့ပိုးကူညီနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

    လေယာဉ်ရဲ့ အမှတ်စဉ်မှာ MSN 1827 ဖြစ်ပြီး မှတ်ပုံတင်အမှတ်က XY-ANE ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ATR လေယာဉ်တွေကို Airbus နဲ့ Leonardo ကုမ္ပဏီတို့ ပူးတွဲပိုင်ဆိုင်တဲ့ လုပ်ငန်းက ထုတ်လုပ်တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က Global New Light of Myanmar သတင်းစာရဲ့ဖော်ပြချက် အရ ပြင်သစ်နိုင်ငံ တူးလူးစ်မြို့ကနေ ထုတ်လုပ်ပြီးစီးတဲ့ ATR လေယာဉ်တစ်စင်းဟာ ရန်ကုန်မြို့ကို ရောက်ရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့ ‌ဖော်ပြပါတယ်။

    အဲဒီ XY-ANE အမျိုးအစားလေယာဉ်ကို “နေပြည်တော်” လို့ အမည်ပေးထားပြီး နောက်ဆုံးပေါ် PW127XT အင်ဂျင်တပ်ဆင်ထားတဲ့ ပထမဆုံး ATR 72-600 လေယာဉ်ဖြစ်တယ်လို့လေယာဥ်ဝယ်တဲ့ MAI လေကြောင်းလိုင်းက ပြောထားပါတယ်။

    လာမယ့်လတွေအတွင်း ATR လေယာဉ်တွေ ထပ်မံဝယ်ယူဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်‌ပေါ်‌နေတာကြောင့် အခုလေယာဉ်ရောင်းချမှုနဲ့ပတ်သက်ပြီး Leonardo ကုမ္ပဏီရဲ့အကြီးတန်းတာဝန်ရှိသူတွေနဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနအောက်က လက်နက်တင်ပို့မှု လိုင်စင်ဆိုင်ရာအာဏာပိုင်အဖွဲ့ (UAMA)ထံ ရှင်းလင်းချက်တောင်းခံထားတယ်လို့ Italia-Birmania Insieme က ပြောပါတယ်။

    အဲဒီတောင်းဆိုချက်မှာ လေယာဉ်ဝယ်ယူသူတွေနဲ့ အကျိုးခံစားခွင့်ရှိသူတွေအပေါ် ဘယ်လိုစိစစ်မှုတွေ လုပ်ဆောင်ခဲ့သလဲ၊ လေယာဉ်ကို စစ်ဘက်အသုံးပြုမှုအတွက် လွှဲပြောင်းပေးတာ ဒါမှမဟုတ် ငှားရမ်းတာတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မှုတွေ ထားရှိထားသလဲဆိုတာ ပါဝင်ပါတယ်။

    ဒါ့အပြင် လေယာဉ်ကို ဘယ်သူက အမှန်တကယ် ပိုင်ဆိုင်ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ အသုံးပြုမှာလဲ၊ အခုဝယ်ယူမှုဟာ တစ်ကြိမ်တည်းလား ဒါမှမဟုတ် မြန်မာလေကြောင်းလိုင်းနဲ့ ပိုမိုကျယ်ပြန့်တဲ့ရောင်းချရေးသဘောတူညီချက်ရဲ့အစိတ်အပိုင်းလားဆိုတာကိုလည်း သိရှိလိုကြောင်း အဖွဲ့အစည်းက ပြောပါတယ်။

    Justice For Myanmar က ၂၀၂၄ ခုနှစ်မှာလည်း မြန်မာစစ်တပ်ဟာ ATR လေယာဉ်တွေကို တပ်ဖွဲ့ဝင်တွေ၊ လက်နက်တွေနဲ့ စစ်ရေးထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ အသုံးပြုခဲ့တယ်လို့ မှတ်တမ်းတင်ထားကြောင်း အဖွဲ့အစည်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဒါကြောင့် အရပ်ဘက်အသုံးပြုဖို့ ရည်ရွယ်ထားတဲ့လေယာဉ်တွေကို စစ်ဘက်က အသုံးပြုလာနိုင်ခြေကို ဘယ်လိုအကဲဖြတ်ခဲ့ပြီး တားဆီးနိုင်မယ့်အစီအမံတွေ ရှိ မရှိ ရှင်းလင်းဖို့ လိုအပ်တယ်လို့ Italia-Birmania Insieme က ဆိုပါတယ်။

    အခုလေယာဉ်ရောင်းချမှုဟာ တရားဝင်မှုရှိမရှိကို ကြိုတင်ဆုံးဖြတ်ပြောဆိုတာ မဟုတ်ဘဲ လုပ်ဆောင်ခဲ့တဲ့စိစစ်မှုတွေနဲ့ ကာကွယ်ရေးအစီအမံတွေအကြောင်း ပွင့်လင်းမြင်သာမှုရှိဖို့ တောင်းဆိုတာဖြစ်ကြောင်းလည်း အဖွဲ့အစည်းက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြင်းထန်နေချိန်မှာ ကုမ္ပဏီတွေရဲ့ တာဝန်ယူမှုနဲ့ ဝယ်ယူသူအပေါ် သေချာစိစစ်မှုတွေဟာ အထူးအရေးကြီးတယ်လို့ Italia-Birmania Insieme က ထောက်ပြထားပါတယ်။

    Leonardo ကုမ္ပဏီနဲ့ သက်ဆိုင်ရာအီတလီအာဏာပိုင်တွေဆီက အသေးစိတ်တုံ့ပြန်ချက်ကို စောင့်မျှော်နေကြောင်းလည်း အဖွဲ့အစည်းက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

  6. ခေါက်ဆန်လမ်းမှာ ထူးခြားဖြစ်စဥ်မရှိဘူးလို့ သတင်းပို့ခဲ့တဲ့ ဘန်ကောက်ရဲ ၅ ဦး ရာထူးရွှေ့ခံရ

    စီးနင်းရှာဖွေမှုလုပ်ခဲ့တဲ့ပူးပေါင်းအဖွဲ့တွေထဲမှာ ပြည်ထဲရေး ဒု၀န်ကြီးပါ ပါ၀င်
    ဓာတ်ပုံ ပုံစာ, စီးနင်းရှာဖွေမှုလုပ်ခဲ့တဲ့ပူးပေါင်းအဖွဲ့တွေထဲမှာ ပြည်ထဲရေး ဒု၀န်ကြီးပါ ပါ၀င်

    ဘားနဲ့ ဖျော်ဖြေရေးဆိုင်တွေအပြင် ညဥ့်နက်ပိုင်းအထိ ဆိုင်တွေဖွင့်လို့ ခရီးသွားတွေကြား နာမည်ကြီးတဲ့ ဘန်ကောက်မြို့၊ ခေါက်ဆန်လမ်းက အခြေအနေကို စစ်ဆေးခဲ့သူ ရဲအရာရှိ ၅ ဦး တာ၀န်ပြောင်းရွှေ့ခံ လိုက်ရတယ်လို့ ထိုင်းသတင်းတွေက ရေးပါတယ်။

    တာ၀န်ကျ ရဲတွေဟာ ခေါက်ဆန်လမ်းကို မနက် ၁ နာရီမှာ သွားစစ်ပြီးချိန် ထူးခြားဖြစ်စဥ် မရှိခဲ့ဘူးလို့ သတင်းပို့ခဲ့တယ်လို့ ရဲမင်းကြီးတစ်ဦးက ပြောပါတယ်။

    နောက် နာရီပိုင်းအကြာ မနက် ၃ နာရီခန့်မှာ ပြည်ထဲရေးဒုတိယ၀န်ကြီးပါ ပါ၀င်တဲ့ပူးပေါင်းအဖွဲ့က လမ်းထဲက ဘားတစ်ခုကို ၀င်စီးချိန် သေနတ်အပြင် မူးယစ်ဆေးနဲ့ အသက်မပြည့်သေးသူတွေပါ ဘားထဲမှာ တွေ့ခဲ့တဲ့ဖြစ်ရပ်ကြောင့် ရဲတွေ တာ၀န်ပြောင်းရွှေ့ခံရတာဖြစ်ပါတယ်။

    ခေါက်ဆန်လမ်းအနီးမှာ ချာနာ ဆောင်ခရမ် ရဲစခန်းရှိပြီး တာ၀န်ရွှေ့ပြောင်းခံရသူတွေဟာ အဲဒီရဲစခန်းက ရဲအရာရှိတွေဖြစ်ပါတယ်။

    စီးနင်းခံရတဲ့ ဘားဟာ ခေါက်ဆန်လမ်းထဲက အိုကေဆိုတဲ့ဘားဖြစ်ပါတယ်။ ထိုင်းပြည်ထဲရေး ဒု၀န်ကြီး ပွန်ပီယား ဆူ၀န်နာချ၀ီ ကိုယ်တိုင်ပါ၀င်ပြီး ရဲနဲ့စစ်တပ် ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၁၀ ရက် မနက်အစောပိုင်းမှာ ၀င်စစ်ခဲ့တာဖြစ်ပါတယ်။

    ပူးပေါင်းအဖွဲ့ စီးနင်းချိန်မှာ အဲဒီဘားဟာ တရားမ၀င် ဖွင့်ထားတယ်လို့ ကနဦး တွေ့ရှိခဲ့ပြီး အသက်မပြည့်သေးသူ ဆယ်ချီကိုလည်း ဆိုင်ထဲ ၀င်ခွင့်ပြုထားတယ်လို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က နောက်ပိုင်းမှာ သတင်းထုတ်ပါတယ်။

    ပူးပေါင်းအဖွဲ့တွေဟာ အဲဒီဘားကနေ သေနတ်နဲ့ ကျည်ဆန်အချို့အပြင် မူးယစ်ဆေးနဲ့ ဘားထဲမှာ တွေ့ရတဲ့ လူ ၃ ဦးမှာ မူးယစ်ဆေးသုံးထားတာကိုလည်း စိစစ်တွေ့ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

    အဲဒီဘားဟာ အသက်မပြည့်သေးသူတွေကို ၀န်ဆောင်မှုပေးတာနဲ့ ဖွင့်ချိန်ထက်ကျော်လွန်ပြီး ဆိုင်ဖွင့်ထားတာ ရှိတယ်လို့ဆိုတဲ့ တိုင်တန်းချက်တွေကို ပြည်ထဲရေး၀န်ကြီးဌာနက ရရှိခဲ့တာကြောင့် စီးနင်းမှု လုပ်ခဲ့တာဖြစ်ပါတယ်။

    ပြည်ထဲရေး ဒု၀န်ကြီးကတော့ ဘားက ငွေကိုင်သူကို သူ မေးခွန်းမေးရာမှာတော့ ‘‘အဖွဲ့စုံ’’ ကို လစဥ်ငွေကြေးပေးရတယ်လို့ သိထားရကြောင်း ဒု၀န်ကြီးက ပြောပြီး အဲဒီနေရာကို လည်ပတ်နေတာ နှစ် ၂ ကျော်ခန့်ရှိပြီလို့လည်း ပြောပါတယ်။

    ‘‘အဖွဲ့စုံ’’ကို လစဥ်ပေးရတဲ့ငွေ ဘတ် ၁၈၀,၀၀၀ နီးပါးအထိရှိတယ်လို့ဆိုပြီး အဲဒီအဖွဲ့စုံဆိုတာကို ဘယ်အဖွဲ့တွေကို ပြောတယ်ဆိုတာကိုလည်း မေးမြန်းတာတွေလုပ်နေပြီလို့ ဒု၀န်ကြီးက ပြောပါတယ်။

  7. ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် လွှတ်တော်ကို အမည်စာရင်းတင်, ဦးမင်းအောင်လှိုင် ဆရာဝန်ကို လူကယ်ပြန်ဝန်ကြီးအဖြစ် အမည်စာရင်းတင်

    နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့ NSPNC ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်(ယာဘက်)နဲ့ သူ့ဘေးနားက ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်တို့ကို စစ်တပ် ယူနီဖောင်းနဲ့ စကားပြောနေတာကို မြင်တွေ့ရ
    ဓာတ်ပုံ ပုံစာ, နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့ NSPNC ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်

    ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို လက်ရှိကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်နေရာမှာ အစားထိုးခန့်အပ်ဖို့ နေပြည်တော်လွှတ်တော်ကို အမည်စာရင်းပေးပို့လာတယ်လို့ နေပြည်တော်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးရဲ့ဒီကနေ့ ကြေညာချက်အရ သိရပါတယ်။

    သူဟာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာမယ့်အတွက် လက်ရှိအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌ အဖြစ်ဆက်ရှိမလား ဒါမှမဟုတ် ကော်မတီမှာ ဒုတိယဥက္ကဋ္ဌ နေရာယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဥက္ကဋ္ဌ ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာဖြစ်တယ်လို့ နေပြည်တော်လွှတ်‌တော်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ခေတ်အဆက်ဆက်မှာ ကာကွယ်ရေးဝန်ကြီးရာထူးဟာ အရပ်ဘက်ဆက်ဆံရေးကို အဓိထားပြုလုပ်ခဲ့ရတာဖြစ်ပြီး နေပြည်တော် (စစ်ရုံး)လောက် အာဏာမရှိဘူးလို့ ရှုမြင်ကြပါတယ်။

    အဲဒါကြောင့် စစ်ဆင်ရေးအခြေအနေတွေကို သိခွင့်ရတဲ့ ကာကွယ်ရေးဝန်ကြီးရာထူးနဲ့ တိုက်ပွဲတွေရပ်ဖို့ ဆွေးနွေးရတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်က NSPNC ဥက္ကဋ္ဌရာထူးတွေကို ပူးတွဲပေးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

    အရင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး(လူကယ်ပြန်)ဝန်ကြီး ဒေါက်တာ စိုးဝင်းက ကျန်းမာရေးဝန်ကြီးဖြစ်လာချိန်မှာ လက်ရှိ သမ္မတရုံး လူမှုရေးနဲ့ ကျန်းမာရေးဗျူရို အမှုဆောင်ချုပ် အငြိမ်းစားဗိုလ်ချုပ် ကိုကိုလွင်ကို လူကယ်ပြန်ဝန်ကြီးအဖြစ် စာရင်းပေးပို့ထားပါတယ်။

    အစောပိုင်းကတည်းက လစ်လပ်သွားတဲ့ လူကယ်ပြန်ဝန်ကြီးနေရာကိုလည်း ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးတစ်ဦးကိုပဲ ခန့်လိမ့်မယ်လို့နေပြည်တော်မှာသုံးသပ်နေကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့နောက်ထပ်ဆရာဝန်တစ်ဦးဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ် ကိုကိုလွင်ရောက်လာမယ်လို့ ရေပန်းစားနေခဲ့တာပါ။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာတပ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက် သူ့ရဲ့ သက်တမ်း ၁၅ နှစ်အတွင်းမှာ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး သုံးဦး အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

    ဗိုလ်ချုပ် မျိုးမြင့်သိန်း၊ ဗိုလ်ချုပ် စိုးဝင်းနဲ့ ဗိုလ်ချုပ် ကိုကိုလွင်တို့ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မျိုးမြင့်သိန်းနဲ့ ဗိုလ်ချုပ်စိုးဝင်းက ပြင်ဦးလွင် ကုတင် ၇၀၀ ဆေးရုံရဲ့တပ်မှူးတွေ ဖြစ်ကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြင်ဦးလွင်ကို မကြာခဏသွားလေ့ရှိတာကြောင့် ပြင်ဦးလွင် ကုတင် ၇၀၀ ဆေးရုံရဲ့တပ်မှူးတွေနဲ့ ပိုပြီးထိတွေ့မှုရှိတယ် လို့ အငြိမ်းစားဆေးတပ်အရာရှိတစ်ဦးက ပြောပါတယ်။

    ဗိုလ်ချုပ်ကိုကိုလွင်ကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ဆေးမှူးပါ လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

  8. ဒုတိယ ဗိုလ်ချုပ်ကြီးသန်းထိုက် ညှိကွပ်ဖြစ်လာ

    မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလတုန်းက ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဦးစီးချုပ် အစည်းအ၀ေးပွဲမှာ မြင်ရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထိုက်
    ဓာတ်ပုံ ပုံစာ, မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလတုန်းက ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဦးစီးချုပ် အစည်းအ၀ေးပွဲမှာ မြင်ရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထိုက်

    ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကိုကိုဦး ပြည်ထဲရေးဝန်ကြီးဖြစ်လာတဲ့နောက်မှာ လစ်လပ်နေတဲ့သူ့နေရာကို စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီးသန်းထိုက် ရောက်ရှိလာတယ်လို့ ဘီဘီစီရဲ့နေပြည်တော် စစ်ရုံးသတင်းရင်းမြစ်က ပြောပါတယ်။

    ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး(ညှိကွပ်) ရာထူးဟာ စစ်တပ်မှာ တတိယမြောက် ရာထူးအမြင့်ဆုံးဖြစ်ပါတယ်။

    အရင် ညှိကွပ် ဗိုလ်ချုပ်ကြီး ကိုကိုဦးဟာ စက်တင်ဘာလထဲမှာ ပြည်ထဲရေးဝန်ကြီးတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ သူ့ကို လွှတ်တော်အတည်ပြုချက် အရင်မယူဘဲ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

    ဦးမင်းအောင်လှိုင်လည်း ၂၀၁၀ ကနေ ၂၀၁၁ ခုနှစ်အထိ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

    ဒီရက်ပိုင်းအတွင်း စစ်တပ် ရာထူးအပြောင်းအ‌ရွှေ့ တွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး အပတ်စဥ် ၃၈ က စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထိုက်ရဲ့နေရာကိုတော့ စစ်တက္ကသိုလ် အပတ်စဥ် ၃၈ ကပဲ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရခ)ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် ဖြစ်လာပါတယ်။

    စစ်တပ်ထောက်လှမ်းရေးအတွက် အရေးကြီးတဲ့ စရခ ချုပ်နေရာကိုတော့ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးက ဒုတိယ ဗိုလ်ချုပ်ကြီး ပြည့်စုံလင်းက တာဝန်ယူမှာလို့ ဆိုပါတယ်။

    သူဟာ စစ်တက္ကသိုလ်အပတ်စဥ် ၄၀ က ဖြစ်လို့ စစ်တပ်ရဲ့မျိုးဆက်သစ် အရာရှိတွေ စစ်တပ် ထိပ်ပိုင်းနေရာတွေကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

    တခါ မိတ္ထီလာမြို့အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် (တမမ ၉၉) မှာ တပ်မမှူး အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်စိုးဝင်းထွန်းဟာ အနောက်မြောက်တိုင်း(နမခ) တိုင်းမှူး ဖြစ်လာပါတယ်။

    သူကလည်း စစ်တက္ကသိုလ် အပတ်စဥ် ၄၃ က ဖြစ်ပါတယ်။ အရင် (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) နမခတိုင်းမှူး ဗိုလ်ချုပ် ကျော်သူရက စစ်တပ်ရဲ့ခေါင်းဆောင်မှုပိုင်းကို သင်ကြားတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဖြစ်လာပါတယ်။

    ဒီအပြောင်းအလဲတွေ အားလုံးကို လက်ရှိတပ်ချုပ်ရာထူး ယူထားတဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဦးမင်းအောင်လှိုင်ထံကို တင်ပြပြီးမှ အပြောင်းအလဲလုပ်ခဲ့တာလို့ စစ်ရုံးသတင်းရင်းမြစ်က ပြောပါတယ်။

  9. ဝက်လက်မြို့နယ်ထဲကို စစ်တပ်က ဗုံးအလုံးရေ ဆယ်ချီကြဲချလို့ လူ ၄ ဦးသေဆုံး

    အောက်တိုဘာ ၁၂ ရက်၊ အာရုံတက်ချိန်မှာ စစ်တပ်က ဝက်လက်မြို့နယ် အနောက်ခြမ်းကရွာတွေကို လေကြောင်းတိုက်ခိုက်မှုအပြီးမြင်ကွင်း
    ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၂ ရက်၊ အာရုံတက်ချိန်မှာ စစ်တပ်က ဝက်လက်မြို့နယ် အနောက်ခြမ်းကရွာတွေကို လေကြောင်းတိုက်ခိုက်မှုအပြီးမြင်ကွင်း

    စစ်တပ်ရဲ့တိုက်ခိုက်ရေး လေယာဉ်တွေဟာ ဒီနေ့မနက်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးအလုံးရေ ၃၅ လုံးကြဲချ တယ်လို့ မြို့နယ်သတင်းတွေကိုဖော်ပြတဲ့ Wetlet Information က ပြောပါတယ်။

    ဝက်လက်အနောက်ခြမ်းက ရွာ ၄ ရွာကို ဒီနေ့မနက် ၃ နာရီ ၄ နာရီခွဲအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၃၅ လုံးကြဲချခဲ့တာလို့ အဲဒီအဖွဲ့က ပြောပါတယ်။​

    တိုက်ခိုက်ခံခဲ့ရတဲ့ရွာတွေဟာ ဝက်လက်မြို့နယ်အနောက်ခြမ်း မဲကုန်း၊ ဥယျာဉ်မ၊ ရေထွက်နဲ့ ကျီးကန်မြောက်ရွာတွေဖြစ်တယ်လို့ဆိုပါတယ်။

    ဒီရွာတွေဟာ မန္တလေး - ရွှေဘိုကားလမ်းမကြီးဘေးမှာ ကပ်လျက်ရှိနေတဲ့ရွာတွေဖြစ်ပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် မဲကုန်းရွာက လူ ၄ ဦး သေဆုံးခဲ့တယ်လို့ Wetlet Information ကပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူ စုစု‌‌ပေါင်း ၁၃ ဦး ရှိခဲ့ပြီး နေအိမ်တွေလည်း ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

    စစ်တပ်ဟာ အောက်တိုဘာလဆန်းကစလို့ ဝက်လက်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတာဖြစ်ပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ကဆိုလည်း ဝက်လက် နဲ့ ရွှေဘိုအစပ်က တစ်နေရာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

  10. ယူကရိန်းနဲ့ ရုရှားကြား 'စွမ်းအင်ကဏ္ဍတိုက်ခိုက်မှု အပစ်ရပ်ရေး' ရပြီလို့ ထရမ့်ပြောပေမဲ့ ရုရှားဘက်က အသံတိတ်နေ

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ရုရှားသမ္မတ ပူတင်တို့ကို ဘယ်ကနေ ညာဘက်အထိ အစဥ်လိုက် ပေါင်းစပ်ထားတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။​

    အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနဲ့ ယူကရိန်းတို့ဟာ “စွမ်းအင်ကဏ္ဍမှာ အပစ်အခတ်ရပ်စဲရေး”ကို သဘောတူခဲ့ကြပြီလို့ ပြောလိုက်ပါတယ်။ ယူကရိန်းဘက်ကတော့ ဒီလို အစီအစဉ်မျိုးကို ထောက်ခံမယ်လို့ ပြောထားပေမဲ့ ရုရှားဘက်ကတော့ အခုထိ တရားဝင် မှတ်ချက်မပေးသေးပါဘူး။

    ဒီသဘောတူညီချက်ဟာ “ချက်ချင်း အသက်၀င်မယ်” လို့ သမ္မတ ထရမ့်က အခိုင်အမာ ပြောပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။

    ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးကတော့ အစပိုင်းမှာ ဒီကြေညာချက်ကို အံ့အားသင့်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရုရှားဘက်က လိုက်နာမယ်ဆိုရင် ယူကရိန်းဘက်ကလည်း ထောက်ခံသွားမယ်လို့ နောက်ပိုင်းမှာ ဆိုပါတယ်။

    ဒါ့အပြင် ထရမ့်ရဲ့ကြေညာချက်ထွက်ပေါ်ပြီး နောက်ပိုင်းမှာ ရုရှားက ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့လည်း ဇလန်းစကီးက စွပ်စွဲပါတယ်။

    ထရမ့်ဟာ ယူကရိန်းကို ရုရှားရဲ့ရေနံအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ အဆက်မပြတ် တိုက်တွန်းနေခဲ့ပါတယ်။

    ယူကရိန်းဘက်ကတော့ အဲဒီတိုက်ခိုက်မှုတွေဟာ ရုရှားစစ်ရေးအတွက် အရေးကြီးတဲ့ဝင်ငွေရင်းမြစ်ကို လျှော့ချနိုင်ဖို့ မရှိ မဖြစ် အရေးကြီးတယ်လို့ ပြောပါတယ်။

    ထရမ့်ကတော့ ရုရှားက မကြာသေးခင်က ရရှိထားတဲ့သဘောတူညီချက်အရ ဒီဇယ်ဆီတွေကို အမေရိကန်နဲ့ ကမ္ဘာ့ဈေးကွက်ဆီ ပြန်လည်တင်ပို့နိုင်ရေးကို လုပ်ဆောင်စေချင်နေတာ ဖြစ်ပါတယ်။

    ရုရှား ဒီဇယ်တင်သွင်းမှုအပေါ် ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှု တချို့ကို ယာယီလျှော့ပေါ့ ပေးတဲ့ဒီသဘောတူညီချက်ဟာ ဝေဖန်မှုတွေ တိုးလာနေပါတယ်။

    ဇလန်းစကီးကတော့ ဒါဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ပေးတဲ့ “လက်ဆောင်” တစ်ခုလို ဖြစ်နေတယ်လို့ ပြောပါတယ်။

    ဥရောပအရာရှိတချို့နဲ့ ထရမ့်ရဲ့ရီပတ်ဘလီကန်ပါတီဝင် အမေရိကန် လွှတ်တော်အမတ်တချို့ကလည်း ဒီသဘောတူညီချက်ကို မထောက်ခံကြဘူးလို့ ပြောထားပါတယ်။

    ဒီသဘောတူညီချက်ဟာ ထရမ့်အတွက် ပြည်တွင်းလောင်စာဆီဈေးနှုန်းတွေ ကျဆင်းစေဖို့ ရည်ရွယ်တဲ့နောက်ဆုံးကြိုးပမ်းမှု ဖြစ်ပါတယ်။

    သူဟာ အီရန်နဲ့ ဖြစ်ပွားခဲ့တဲ့စစ်ပွဲရဲ့နိုင်ငံရေးအကျိုးဆက်တွေကို လပေါင်းများစွာ ရင်ဆိုင်နေရပြီး အဲဒီစစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းတွေ အထူးသဖြင့် ဒီဇယ်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

    အဲဒီအခြေအနေကြောင့် ထရမ့်ရဲ့အမေရိကန်ပြည်သူတွေအကြား လူထုထောက်ခံမှုဟာလည်း ထိခိုက်လာခဲ့ပါတယ်။

    အမေရိကန်ပြည်သူတွေဟာ ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုဒဏ်ကို တိုက်ရိုက်ခံစားနေရသလို နောက်ဆက်တွဲဖြစ်လာတဲ့ ကုန်ဈေးနှုန်းအထွေထွေမြင့်တက်မှု(ငွေကြေးဖောင်းပွမှု)ရဲ့ သက်ရောက်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

  11. IMF-World Bank အစည်းအဝေး ကျင်းပတဲ့နေရာတွေမှာ ဆန္ဒမပြဖို့ ဘန်ကောက်ရဲတပ်ဖွဲ့ အမိန့်ထုတ်

    ၂၀၂၆ ခုနှစ် IMF-World Bank အစည်းအဝေး ကျင်းပမယ့် နေရာဖြစ်တဲ့ ဘန်ကောက်မြို့၊ Queen Sirikit National Convention Centre
    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ် IMF-World Bank အစည်းအဝေး ကျင်းပမယ့် နေရာဖြစ်တဲ့ ဘန်ကောက်မြို့၊ Queen Sirikit National Convention Centre

    ထိုင်းနိုင်ငံက ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ်(World Bank)တို့ရဲ့ နှစ်စဉ်အစည်းအဝေးနေရာ အနီးဝန်းကျင်နဲ့ ဆက်စပ်နေရာတွေမှာ လုံခြုံရေးကိစ္စရပ်တွေကြောင့် လူစုလူဝေးမလုပ်ဖို့ ဘန်ကောက်ရဲတပ်ဖွဲ့က ကြေညာလိုက်ပါတယ်။

    ဒီအစည်းအဝေးကို မြန်မာတွေကြား သိကြတဲ့ ခလောင်တွိုင်စျေးအနီးက သီရိခေတ်မိဖုရားကြီးအမျိုးသားကွန်ဗန်းရှင်းစင်တာ(Queen Sirikit National Convention Centre) မှာ အောက်တိုဘာ ၁၂ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

    အဲဒီနေရာအနီးတဝိုက် One Bangkok ဈေးဝယ်စင်တာကြီးနဲ့ ဟိုတယ်ပေါင်း ၂၂ ခုအနီးတဝိုက်မှာ လူစုလူဝေးမလုပ်ဖို့ ဘန်ကောက်ရဲတပ်ဖွဲ့က ကြေညာထားတာပါ။

    လူထုအနေနဲ့ ဒီအစည်းအဝေးကျင်းပနေတဲ့နေရာတွေကိုလည်း ရှောင်သွားကြဖို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    ဒီအမိန့်ဟာ အောက်တိုဘာ ၁၀ ရက်ကနေ ၂၀ ရက်နေ့အထိ အသက်ဝင်မယ်လို့ ရဲတပ်ဖွဲ့က ကြေညာပါတယ်။

    နှစ်စဉ်ကျင်းပနေတဲ့ IMF-World Bank ရဲ့အစည်းအဝေးကို အခုတစ်ခေါက်မှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတာ ဖြစ်ပါတယ်။

    IMF-World Bank အစည်းအဝေးဟာ ကမ္ဘာတဝန်းက ဘဏ္ဍာရေး၊ စွမ်းအင်ကဏ္ဍ၊ ဉာဏ်ရည်တုနည်းပညာ နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိစ္စရပ်တွေအပါအဝင် အရေးကြီး ဘဏ္ဍာရေးကိစ္စရပ်တွေကို ဆွေးနွေးကြတဲ့ အစည်းအဝေးပါ။

    ဒီအစည်းအဝေးကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံက ကိုယ်စားလှယ် ၁၅,၀၀၀ ကျော် တက်ရောက်မှာဖြစ်တယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။

    နိုင်ငံ ၁၉၁ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေ၊ ဗဟိုဘဏ်ဥက္ကဋ္ဌတွေလည်း တက်ရောက်လာကြမှာဖြစ်ပါတယ်။ မြန်မာဗဟိုဘဏ်ဘက်ကတော့ ဒီအစည်းအဝေးကို တက်ရောက်မယ်ဆိုတဲ့ အကြောင်း တရားဝင်ထုတ်ပြောထားတာ မတွေ့ရသေးပါဘူး။

    ထိုင်းအစိုးရက ဒီအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၅ သန်း (ဘတ် ၁ ဒသမ ၁၆ ဘီလျံ) အသုံးပြုထားတယ်လို့ ထိုင်းအစိုးရက တရားဝင်ကြေညာထားပါတယ်။ အစိုးရဝန်ထမ်းတွေကိုလည်း အိမ်ကနေပဲ အလုပ်လုပ်ဖို့ မှာကြားထားပါတယ်။

  12. မြန်မာသပိတ်အဖွဲ့ GSCB နဲ့ တက်ကြွလှုပ်ရှားသူ သုံးဦးကို Forum 2000 ဆုပေးအပ်

    မန္တလေးက ဆန္ဒပြပွဲတခုမှာတွေ့ရတဲ ကိုတေဇာဆန်း၊ကိုနန်းလင်းနဲ့ ကိုထက်မြက်အောင် အပါအဝင် သပိတ်အဖွဲ့ ( ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, မန္တလေးက ဆန္ဒပြပွဲတခုမှာတွေ့ရတဲ ကိုတေဇာဆန်း၊ကိုနန်းလင်းနဲ့ ကိုထက်မြက်အောင် အပါအဝင် သပိတ်အဖွဲ့ ( ပုံဟောင်း)

    မြန်မာက အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) နဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုထက်မြတ်အောင်တို့ ၃ ဦး ကို Forum 2000 ဖောင်ဒေးရှင်းက ပေးအပ်တဲ့ “ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု” (International Award for Courage and Responsibility) ချီးမြှင့်လိုက်တယ်လို့ အဲဒီအဖွဲ့က ကြေညာပါတယ်။

    ဆုပေးပွဲကို ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့မှာ အောက်တိုဘာ ၁၁ ရက်က ကျင်းပခဲ့တဲ့ Forum 2000 ညီလာခံဖွင့်ပွဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆုရရှိသူတွေကိုယ်စား တက်ကြွလှုပ်ရှားသူ သုံးဦးက လက်ခံရယူခဲ့ပါတယ်။

    ဆုရရှိတဲ့ ‌ ဒေါက်တာတေဇာဆန်းကတော့ ဒီဆုဟာ မြန်မာကအာဏာရှင်ဆန့်ကျင်‌ ရေးမှာ မြန်မာလူထုရဲ့ ရဲစွမ်းသတ္တိကို တန်ဖိုးထား အသိအမှတ်ပြု စာနာတာလို့ ဘီဘီစီကို မှတ်ချက်ပြုပြောပါတယ်။

    ''ကျွန်တော်တို့ အနေနဲ့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်ဆက်လက်ချီတက်ကြဖို့ရာ ခွန်အားတစ်စုံတရာဖြစ်ရတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံတကာကလည်းကျွန်တော်တို့နဲ့ အတူဆက်လက်ရပ်တည်နေတယ်လို့ ကျွန်တော်တို့ ခံယူပါတယ်။ ဒီစုစည်းညီညွတ်မှုတွေ၊ သန္နိဋ္ဌာန်တွေနဲ့ အတူ ဆက်ပြီး မပြီးဆုံးသေးတဲ့ နွေဦးတော်လှန်ရေးခရီးကြမ်းကိုအဆုံးချီတက်ကြဖို့ပဲဖြစ်ပါတယ်'' လို့ ဘီဘီစီကို ဒေါက်တာတေဇာဆန်း ကပြောပါတယ်။

    GSCB ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ မတ်လ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့တဲ့ သပိတ်ကော်မတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

    ကျောင်းသားတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားဒေသက သပိတ်အဖွဲ့တွေ ပါဝင်ပြီး အထွေထွေသပိတ်နဲ့ သပိတ်မှောက်လှုပ်ရှားမှုတွေကို ဆောင်ရွက်နေပါတယ်။

    Forum 2000 ဖောင်ဒေးရှင်းရဲ့ကြေညာချက်အရ ဒေါက်တာတေဇာဆန်းဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပထမဆုံးဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး ကိုနန်းလင်းဟာ ရန်ကုန်မြို့က ငြိမ်းချမ်းတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ကိုထက်မြတ်အောင်ကတော့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူပါ။

    ကိုထက်မြတ်အောင်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံထားရတယ်လို့ Forum 2000 က ဖော်ပြပါတယ်။ ဒေါက်တာတေဇာဆန်းနဲ့ ကိုနန်းလင်းတို့လည်း ဖမ်းဝရမ်းနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကြားမှာ လှုပ်ရှားမှုတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

    Forum 2000 ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Jakub Klepal က ဆုရရှိသူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကာကွယ်ရေးအတွက် ကြိုးပမ်းမှုတွေကို ချီးကျူးခဲ့ပြီး လူမှုအသိုက်အဝန်း၊ လူမျိုးစုနဲ့ နိုင်ငံရေးကွဲပြားမှုတွေကို ကျော်လွန်ကာ စည်းလုံးညီညွတ်တဲ့ အကြမ်းမဖက်အရပ်ဘက်လှုပ်ရှားမှုတွေ ဆက်လက်ရှင်သန်နိုင်ကြောင်း ပြသနေတယ်လို့ ပြောပါတယ်။

    Forum 2000 ရဲ့ International Award for Courage and Responsibility ကို ၂၀၂၁ ခုနှစ်က စတင်ပေးအပ်ခဲ့တာဖြစ်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံသားလွတ်လပ်ခွင့်တွေကို ကာကွယ်ဖို့ ရဲစွမ်းသတ္တိရှိရှိ ဆောင်ရွက်သူတွေကို အသိအမှတ်ပြုတဲ့ဆု ဖြစ်ပါတယ်။

    Forum 2000 ဖောင်ဒေးရှင်းက ပေးအပ်တဲ့ “ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု” ကို ၂၀၂၁ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

    ဒီဆုကို အရင်က ရုရှားအတိုက်အခံနိုင်ငံရေးသမား ဗလာဒီမာ ကာရာမာဇာ (Vladimir Kara-Murza)၊ တရုတ်သတင်းထောက် ကျန်းကျန်း (Zhang Zhan) နဲ့ ဗင်နီဇွဲလား လူ့အခွင့်အရေးလှုပ်ရှားသူ ရိုစီယို ဆန်မီဂယ် (Rocío San Miguel) တို့ ရရှိခဲ့ဖူးပါတယ်။

    Forum 2000 ကိုတော့ ချက်သမ္မတဟောင်း ဗာကလက် ဟာဗဲလ် (Václav Havel)၊ ဂျပန်ပရဟိတလုပ်ငန်းရှင် ယိုဟေး ဆာဆာကာဝါ (Yohei Sasakawa) နဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အီလီ ဝီဇယ် (Elie Wiesel) တို့က ၁၉၉၆ ခုနှစ်မှာ ပူးတွဲတည်ထောင်ခဲ့တာဖြစ်ပါတယ်။

  13. အယ်လ်နီညိုဖြစ်စဉ် ဒီဇင်ဘာမှာ အမြင့်ဆုံးရောက်မယ်လို့ခန့်မှန်းထား၊ အပူချိန်မြင့်တက်ပြီး ရေရှားပါးနိုင်

    နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း အပူချိန်မြင့်တက်နိုင်
    ဓာတ်ပုံ ပုံစာ, နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း အပူချိန်မြင့်တက်နိုင်

    အားကောင်းလာနေတဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ လာမယ့် ဒီဇင်ဘာလဝန်းကျင်မှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်ပြီး ကမ္ဘာ့ဒေသအများအပြားမှာ အပူချိန်မြင့်တက်တာနဲ့ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲတာတွေ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

    အယ်လ်နီညိုဖြစ်စဉ်ကြောင့် တချို့ဒေသတွေမှာ ပုံမှန်ထက် ပိုပူလာပြီး မိုးနည်းတာ၊ မိုးခေါင်တာတွေ ဖြစ်နိုင်သလို တချို့ဒေသတွေမှာတော့ မိုးပိုများပြီး ရေကြီးတာတွေ ဖြစ်လာနိုင်ပါတယ်။

    WMO ရဲ့ အောက်တိုဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ အယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်ရှိနိုင်ခြေ အလွန်မြင့်မားနေတယ်လို့ဆိုပါတတယ်။

    ၂၀၂၆ ခုနှစ် အောက်တိုဘာကနေ ဒီဇင်ဘာအတွင်း ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် ၃ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ခန့် မြင့်တက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

    မြန်မာမှာလည်း လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း အပူချိန်မြင့်တက်ပြီး ရေရှားပါးမှုတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အောက်တိုဘာ ၁၁ ရက်နေ့မှာ သတိပေးထားပါတယ်။

    မိုးဇလရဲ့ ထုတ်ပြန်ချက်အရ အပူချိန်မြင့်တက်မှုနဲ့ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲမှုတွေကြောင့် မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်းနဲ့ ရေလှောင်တမံတွေမှာ ရေပမာဏ လျော့နည်းလာနိုင်ပြီး သောက်သုံးရေနဲ့ စိုက်ပျိုးရေ မလုံလောက်တာတွေ ဖြစ်လာနိုင်ပါတယ်။

    အပူပြင်းတဲ့အချိန်မှာ အပူလျှပ်တာနဲ့ ရေဓာတ်ခန်းခြောက်တာတွေ ဖြစ်နိုင်သလို ရေရှားပါးမှုကြောင့် ကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာနိုင်သလို ရေလှောင်တမံတွေမှာ ရေဝင်နည်းပါးလာရင် ရေအားလျှပ်စစ်ထုတ်လုပ်မှု လျော့ကျနိုင်ပြီး အပူချိန်မြင့်လာတာကြောင့် လျှပ်စစ်သုံးစွဲမှုလည်း ပိုများလာနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။

    ဒါကြောင့် သောက်သုံးရေ၊ စိုက်ပျိုးရေနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်။

    အယ်လ်နီညိုဆိုတာ ပစိဖိတ်သမုဒ္ဒရာအတွင်း ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်ထက် မြင့်တက်လာတဲ့ ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဒေသအသီးသီးမှာ လေတိုက်ခတ်ပုံနဲ့ မိုးရွာသွန်းမှုပုံစံတွေကို ပြောင်းလဲစေနိုင်ပါတယ်။

  14. မင်္ဂလာပါ။ အောက်တိုဘာ ၁၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။