ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြုခွင့် ဆက်ထားရေး ကုလအတွင်းရေးမှူးချုပ်ထံ အရပ်ဘက်အဖွဲ့တွေ စာပို့တောင်းဆိုမယ်

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations
ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့နဲ့ နေပြည်တော်ဘက်က တင်သွင်းမယ့် ကိုယ်စားလှယ်ခန့်အပ်လွှာကို ပယ်ချဖို့ မြန်မာ့အရပ်ဘက်အဖွဲ့တွေက အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ အရည်အချင်းစစ်ကော်မတီ ထံကို စာပေးပို့ တောင်းဆိုသွားဖို့ရှိနေပါတယ်။
စာပေးပို့ တောင်းဆိုမယ့် Global Coalition Supporting Federal Democracy in Myanmar ကတေ့ာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ စတင်မယ့် ၈၁ ကြိမ်မြောက် အထွေထွေညီလာခံရှိနေတာကြောင့် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပြီး ပြောဆိုခွင့်အပြည့်အဝ ဆက်ပေးဖို့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်ဘက်က တင်သွင်းလာမယ့် ကိုယ်စားလှယ်ခန့်အပ်လွှာကို ပယ်ချဖို့နဲ့ မြန်မာနိုင်ငံရဲ့ UN ထိုင်ခုံကို လစ်လပ်ထားတာ၊ ကိုယ်စားပြုခွင့်မပေးဘဲ ပြောဆိုခွင့်ကန့်သတ်ထားတာမျိုးကိုလည်း ထည့်ပြောမယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂမှာ မြန်မာကို တရားဝင်ကိုယ်စားပြုခွင့်ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက နေပြည်တော်ရော၊ NUG အစိုးရကပါ ကြိုးပမ်းနေပါတယ်။
ဒါပေမဲ့ နိုင်ငံတွေရဲ့ကိုယ်စားပြုသူ ကိုယ်စားလှယ်အရည်အချင်းစိစစ်ရေး ကုလကော်မတီဟာ မြန်မာကိုယ်စားပြုသူနေရာကို မဆုံးဖြတ်ဘဲ ဆိုင်းငံ့ထားတာကြောင့် NLD အစိုးရလက်ထက်က ခန့်အပ်ခံထားရတဲ့ သံမတ်ဦးကျော်မိုးထွန်းက မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေပါတယ်။
လာမယ့် စက်တင်ဘာ ၈ ရက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ ၈၁ ကြိမ်မြောက် အစည်းအဝေးကို စတင်မှာဖြစ်ပါတယ်။ နှစ်စဥ် စက်တင်ဘာ အဲဒီအစည်းအဝေးမှာ အဖွဲ့ဝင် ၉ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီ - Credentials Committee ကို ဖွဲ့စည်းပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေကို စိစစ်ကာ အထွေထွေညီလာခံကို အစီရင်ခံတင်ပြမှာဖြစ်ပါတယ်။ နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ အထွေထွေညီလာခံက ချမှတ်တာ ဖြစ်ပါတယ်။
အဲဒီမတိုင်ခင်နဲ့ အစည်းအဝေးကာလတွေမှာ စာပေးပို့တာနဲ့ ချီတက်ဆန္ဒဖော်ထုတ်တာတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်ရောက်မြန်မာအသိုင်းအဝိုင်းကလည်း ဆော်သြနေပါတယ်။
အဖွဲ့ ကတေ့ာ စစ်တပ်က ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံတဝန်းက မြို့နယ်အများအပြားမှာ မဲပေးနိုင်ခြင်းမရှိခဲ့သလို မဲဆန္ဒရှင်အများအပြားလည်း ပါဝင်ခွင့်မရခဲ့တာကြောင့် အဲဒီရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ထောက်ပြပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၂၀၂၂ ခုနှစ် ဆုံးဖြတ်ချက် - ၂၆၆၉ (Resolution 2669 ) မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပေမယ့် အဲဒီတောင်းဆိုချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ခြင်း မရှိသေးဘူးလို့လည်း စာမှာ ဖော်ပြထားပါတယ်။
မြန်မာမှာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြားအကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စစ်တပ်ဘက်က ကိုယ်စားလှယ်ကို ကုလသမဂ္ဂမှာ အသိအမှတ်ပြုခြင်းဟာ နိုင်ငံတကာစည်းမျဉ်းအခြေပြုစနစ်အပေါ် သက်ရောက်မှုရှိနိုင်တယ်လို့လည်း အဖွဲ့က ဆိုပါတယ်။
ဒါအပြင် Credentials Committee အနေနဲ့ ဒီကိစ္စကို မဲခွဲဆုံးဖြတ်တာထက် သဘောတူညီချက် (consensus) နဲ့ ဆုံးဖြတ်ဖို့ တောင်းဆိုထားပါတယ်။ Credentials Committee မှာ အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်ပြီး တရုတ်နဲ့ ရုရှားတို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေပါတယ်။
Global Coalition Supporting Federal Democracy in Myanmar (ဖက်ဒရယ်ဒီမိုကရေစီ မြန်မာကို ထောက်ခံတဲ့ ကမ္ဘာ့မဟာမိတ်အဖွဲ့) က ဒီတောင်းဆိုချက်ကို ကမ္ဘာ့တိုက်ကြီး ငါးတိုက်မှာ ရှိနေတဲ့ မြန်မာ့ အရေး လှုပ်ရှားတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေက ပူးပေါင်းလုပ်ဆောင်တာလို့ဆိုပါတယ်။
''ဒီလိုတောင်းဆိုမှုကို စစ်အာဏာသိမ်းပြီးကတည်းက နှစ်စဉ်လုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒီတောင်းဆိုမှုဟာ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေနဲ့ ပြည်ပရောက် မြန်မာတွေရဲ့ ပူးပေါင်းကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပြည်ပရောက် မြန်မာအဖွဲ့တွေအဖွဲ့တွေ၊ တစ်ဦးချင်းစီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပူးပေါင်းစီစဉ်ပြီး ထောက်ခံလက်မှတ်တွေ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။” လို့ အဖွဲ့မှာပါဝင်လှုပ်ရှားတဲ့ အမေရိကန်အခြေစိုက် Los Angeles Myanmar Movement (LA2M) အဖွဲ့ရဲ့ စည်းရုံးရေးတာဝန်ခံ ဦးဂျိမ်းရွှေ ကပြောပါတယ်။


