ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, အာရှအားကစားပွဲမှာ မြန်မာ MLBB အသင်း ဗိုလ်လုပွဲတက်

ဂျပန်က အာရှအားကစားပွဲပြိုင်ပွဲ Esports ပြိုင်ပွဲမှာ မြန်မာ MLBB အသင်းဟာ ဗိုလ်လုပွဲတက်ပြီး မလေးရှားအသင်းနဲ့ ကစားဖို့ရှိ တဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • စက်တင်ဘာ ၂၄ ရက် လေကြောင်းတိုက်ခိုက်မှုဟာ စစ်တပ်က ဖမ်းထားတဲ့ PDF တွေကို အဓမ္မ သတင်းနှိုက်ပြီး ပြုလုပ်ခဲ့တာလို့ အထူးတိုင်းစစ်ဌာနက ပြောပြီး အဲဒီတိုက်ခိုက်မှုမှာ CDM တပ်ကြပ်ကြီးအပါအဝင် ၅ ဦးသေဆုံးတယ်လည်းပြော
  • ဂျပန်မှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲရဲ့ Esports ပြိုင်ပွဲမှာ မြန်မာ မိုဘိုင်း လဲဂျန့် (MLBB) အသင်း အကြိုဗိုလ်လုပွဲမှာ မလေးရှားအသင်းကိုနိုင်ပြီး ဗိုလ်လုပွဲတက်
  • ထိုင်း၊ ဘန်ကောက်မြို့က သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်အိတ်အမြောက်အများ သောင်တင်နေတာကြောင့် လေကြောင်းလိုင်းဘက်က တောင်းပန်ခဲ့ရ
  • လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်များအဖွဲ့ (APHR) နဲ့ ရန်ကုန်က ယူကေသံရုံးတို့ကလည်း ကျောက်တော်လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ထုတ်ပြောပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ပြော
  • ဗိုလ်ချုပ်ကြီး ကိုကိုဦး ကို ဝန်ကြီးအဖြစ်ခန့်အပ်တာကို ကန့်ကွက်လိုရင် လွှတ်တော် ကိုယ်စားလှယ်တွေက လာမယ့် အောက်တိုဘာ ၁ ရက်နောက်ဆုံးထား တင်ပြရမယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒလက ဆန်ဆိုင်ပိုင်ရှင်လင်မယားကို သတ်ခဲ့သူ ၂ ဦး ကြိုးမိန့်ချခံရ

    ရန်ကုန်တိုင်း၊ ဒလမြို့ပေါ် ရာဇသင်္ကြန်ရပ်ကွက်၊ အုတ်လှငယ်လမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပြည့်ဝဆန်ဆိုင်ပိုင်ရှင် လင်မယားကို သတ်ခဲ့တဲ့ တရားခံနှစ်ဦးကို မသေမချင်းကြိုးကွင်းစွပ် သတ်ဖို့ အမိန့်ချမှတ်လိုက်ကြောင်း ဒလဒေသခံတွေဆီကနေ သိရပါတယ်။

    “ထောင်ဒဏ် ၁၀ နှစ်ချမယ်၊ မသေမချင်းလည်းကြိုးကွင်းချဖို့ အမိန့်ချလိုက်တယ်လို့ သိရတယ်။ မနေ့ကတည်းက တလမ်းလုံး ဒီအကြောင်းပဲ ပြောနေကြတာပဲ” လို့ ဒလဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    လူသတ်မှုကျူးလွန်သူ ဘိုထီး(ခ) မျိုးဇော်နဲ့ မျိုးဇော် (ခ) မျိုးဇော်အောင်တို့ကို ရာဇသတ်ကြီးဥပဒေနဲ့ တရားစွဲဆိုခဲ့ပြီး ကြိုတင်ကြံစည်လူသတ်မှုကျူးလွန်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (က) အရ သေဒဏ်ချခံရကာ လုယက်မှုပုဒ်မ ၃၉၂ အရ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ချမှတ်နိုင်ပါတယ်။

    နေအိမ်နဲ့ဆန်ဆိုင် တွဲဖွင့်ထားတဲ့ အဲဒီလင်မယားဆီက ငွေချေးရာကနေ မရတာကြောင့်ဆိုကာ ဇွန်လလကုန်ပိုင်းမှာ လုပ်ကြံသတ်ဖြတ်ခဲ့ကြတာပါ။

    လူသတ်မှုအတွက်ပူးပေါင်းကြံစည်တာဖြစ်ကြောင်းလည်း တရားခံ အမျိုးသားနှစ်ဦးက ကနဦးကတည်းက ထွက်ဆိုခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က တွံ့တေးမြို့နယ်တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့တာဖြစ်ကြောင်း ပြည်တွင်းအခြေစိုက်သတင်းတွေကလည်း ဖော်ပြနေကြပါတယ်။

  2. စင်ကာပူမှာ ရေကန်ထဲ မိကျောင်းရှိတယ်လို့ အေအိုင်နဲ့ဓာတ်ပုံလုပ်တဲ့မြန်မာ အဖမ်းခံရ

    စင်ကာပူမှာ လူအလာများတဲ့ ရေလှောင်ကန်တစ်ခုအတွင်း ဆားငန်ရေမိကျောင်းတစ်ကောင်ရှိနေကြောင်း ဖော်ပြထားတဲ့ အေအိုင် နဲ့ ဖန်တီးထားတဲ့ ပုံတစ်ပုံကို ဖြန့်ဝေခဲ့တယ်လို့ စွပ်စွဲခံထားရဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က အရေးယူထားပါတယ်။

    ရဲလင်း ဆိုသူဟာ သတင်းမှားတစ်ရပ် ပေးပို့မှုနဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်ကို အဟန့်အတားပြုမှုတို့နဲ့ စွဲချက်တင်ခံထားရပြီး၊ သူဟာ ပုံနဲ့ အသုံးပြုခဲ့တဲ့ အပ်ပလီကေးရှင်းကို ဖျက်ပစ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

    အဲဒီ ပုံအတုကြောင့် ပြည်သူတွေကြား စိုးရိမ်ပူပန်မှု ဖြစ်ပေါ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ပါ။

  3. Esports က မြန်မာ MLBB အသင်း ဗိုလ်လုပွဲတက်

    ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲရဲ့ Esports ပြိုင်ပွဲ Mobile Legends ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဇနကအသင်း(Team Zanaka) ဟာ ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ အနိုင်ရလို့ ဗိုလ်လုပွဲကို တက်သွားပြီဖြစ်ပါတယ်။

    မြန်မာ MLBB အသင်းဟာ မလေးရှားအသင်းကို အကောင်းဆုံးသုံးပွဲ (Best of 3) ပြိုင်ပွဲမှာ ၂ ပွဲစလုံး အပြတ်နိုင်ပြီး ဗိုလ်လုပွဲတက်သွားတာဖြစ်ပါတယ်။

    ဒါကြောင့် မြန်မာအသင်းဟာ အင်းဒိုနီးရှားနဲ့ မွန်ဂိုလီးယားအသင်းပြိုင်ပွဲကနေ အနိုင်ရလာတဲ့ အသင်းနဲ့ ဗိုလ်လုပွဲနေရာကို ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

    ဒါကြောင့် မြန်မာ MLBB အသင်းဟာ ရွှေဆုအတွက် ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

  4. အီရတ်ကနေ အမေရိကန်ထွက်ခွာတာ နှစ် ၂၀ ကြာ - ဘာတွေချန်ထားခဲ့နိုင်လဲ၊ ဘာဆက်ဖြစ်မှာလဲ

    အမေရိကန်ပြည်ထောင်စုဟာ အီရတ်နိုင်ငံမှာ ကျန်ရှိနေသေးတဲ့စစ်တပ်အင်အားတွေကို စက်တင်ဘာ ၃၀ ရက်နေ့မတိုင်ခင် အပြီးသတ် ရုပ်သိမ်းဖို့ စီစဉ်ထားပါတယ်။ ဒါဟာ အီရတ်နိုင်ငံ့သမိုင်းကို နှစ်ပေါင်း ၂၀ ကျော် သက်ရောက်မှုရှိခဲ့တဲ့ အမေရိကန် စစ်ရေးတပ်စွဲမှုရဲ့အဆုံးသတ်လည်း ဖြစ်ပါတယ်။

    ဒီစစ်ရေးတပ်စွဲမှုဟာ ၂၀၀၃ ခုနှစ်မှာ ဆက်ဒမ် ဟူစိန် အစိုးရကို ဖြုတ်ချခဲ့တဲ့ အမေရိကန်ဦးဆောင် ကျူးကျော်စစ်ဆင်ရေးကနေ စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း သူပုန်ထမှုတွေနဲ့ ဘာသာရေးဂိုဏ်းကွဲ အကြမ်းဖက်မှုတွေကြား နှစ်ပေါင်းများစွာ ဆက်လက်ရှိနေခဲ့ပါတယ်။ အမေရိကန်တပ်တွေဟာ ၂၀၁၁ ခုနှစ်က အီရတ်ကနေ ထွက်ခွာခဲ့ပေမဲ့ ၂၀၁၄ ခုနှစ်မှာ အစ္စလာမ္မစ်နိုင်ငံ(အိုင်အက်စ်)အဖွဲ့ကို တိုက်ဖျက်ဖို့ ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။

    အခုနောက်ဆုံး တပ်ရုပ်သိမ်းမှုဟာ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ တစ်ကျော့ပြန်မြင့်တက်လာနေချိန်မှာ ဖြစ်ပေါ်လာတာပါ။ ဒီတင်းမာမှုတွေကြောင့် အီရတ်မှာရှိတဲ့အမေရိကန် စစ်ဘက်နဲ့ သံတမန်ဝန်ထမ်းတွေဟာလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့အန္တရာယ်နဲ့ နီးကပ်နေဆဲ ဖြစ်ပါတယ်။

    ဒါပေမဲ့ တပ်ဖွဲ့တွေ ပြန်ထွက်သွားတဲ့အတွက် အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုက အီရတ်မှာ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. စစ်တပ်က ဖမ်းဆီးခံရဲဘော်တွေကို အဓမ္မစစ်မေးတာတွေကို အခြေခံပြီး လေကြောင်းတိုက်ခိုက်ခံရတာလို့ အထူးတိုင်းစစ်ဌာနပြော

    မြန်မာစစ်တပ်ဟာ ဖမ်းဆီးထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေကို အဓမ္မစစ်ကြော မေးမြန်းရာကနေရလာတဲ့အချက်အလက်တွေကို အခြေခံပြီး ပြီးခဲ့တဲ့ရက်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ အထူးတိုင်းစစ်ဌာနက သတင်းထုတ်လာပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ PDF အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်းကို စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ မြန်မာစစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

    ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ အထူးတိုင်းစစ်ဌာန နေရာကို အတွင်းသတင်းပေးတွေရဲ့အကူအညီနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်အပြီး ၅ ရက်အကြာမှာ အထူးတိုင်းဘက်က အခုလိုထုတ်ပြန်တာဖြစ်ပါတယ်။

    အထူးတိုင်းစစ်ဌာနကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ လေတပ် CDM အုပ်ခွဲတပ်ကြပ်ကြီး ဦးနေဝင်းအောင်၊ တိုင်းစစ်ဌာန လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး၊ ဆက်သွယ်ရေးတပ်ဖွဲ့၀င် ၂ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃ ဦးရှိခဲ့ပါတယ်။

    ဒီတိုက်ခိုက်ခံရမှုဟာ ဆက်သွယ်ရေးစက်ကနေ သတင်းပေါက်ကြားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ဓာတ်ပုံဖော်ပြချက်တွေအရ သတင်းပေါက်ကြားကြောင်း ထင်မြင်ချက်အမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။

    အထူးတိုင်းစစ်ဌာနကတော့ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဖြစ်စေ၊ PDF ရဲဘော်အချင်းချင်းဖြစ်စေ သွေးကွဲအောင် စစ်တပ်က ဝါဒဖြန့်ချိနေတဲ့အပြင် ပြည်သူတွေဖြစ်စဉ်အမှန်သိရှိရအောင် အခုလိုထုတ်ပြန်တာဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    အဲဒီတိုက်ခိုက်မှုကြောင့် အထူးတိုင်းစစ်ဌာနတိုင်းမှူး ရဲဘော် အောင်စံရှားအပါအဝင် CDM ဗိုလ်မှူး တင်လင်းအောင်တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အထူးတိုင်းစစ်ဌာနကတော့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ဒါနဲ့ပတ်သက်လို့ ထည့်သွင်းပြောတာ မတွေ့ရပါဘူး။

  6. အာရှအားကစားပြိုင်ပွဲ - Esports မှာ မြန်မာ MLBB အသင်း အကြိုဗိုလ်လုပွဲတက်

    ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲရဲ့ Esports ပြိုင်ပွဲမှာ မြန်မာ မိုဘိုင်း လဲဂျန့် (MLBB) အသင်းဟာ မလေးရှားအသင်းနဲ့ ဒီနေ့ ညနေပိုင်းမှာ အကြိုဗိုလ်လုပွဲ ကစားဖို့ ရှိနေပါတယ်။

    ဒီကနေ့ မနက် ယှဉ်ပြိုင်ခဲ့တဲ့ ရှုံးထွက်အဆင့် ပွဲစဉ်မှာ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို အနိုင်ယူပြီး ထိပ်တန်း ၄ သင်း စာရင်းဝင်သွားတာကြောင့် ကြေးတံဆိပ်ဆုကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

    ဒီကနေ့ညနေမှာတော့ မြန်မာအသင်း နဲ့ မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။

    လက်ရှိ ယှဉ်ပြိုင်နေတဲ့ မြန်မာအသင်းဟာ ပြီးခဲ့တဲ့လပိုင်းတွေက ကျင်းပခဲ့တဲ့ MLBB Mid Season Cup(MSC) ပြိုင်ပွဲမှာ First-Runner up အဆင့်အထိ ရောက်ခဲ့တဲ့ Yangon Galacticos(YG) ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာပါ။

    မြန်မာအသင်းနဲ့ ယှဉ်ပြိုင်မယ့် မလေးရှားအသင်းကိုတော့ ၂၀၂၄ ခုနှစ် MSC ပြိုင်ပွဲရဲ့ ချန်ပီယံအသင်း Selangor Red Giants (SRG) အသင်းရဲ့ကစားသမားအများစုနဲ့ ဖွဲ့စည်းထားပါတယ်။

    မလေးရှားအသင်းဟာ အုပ်စုအဆင့်ပွဲမှာ အင်ဒိုနီးရှားအသင်းကို နိုင်ပြီး တက်လာတာဖြစ်ပါတယ်။

    မြန်မာအသင်းကတော့ ကမ္ဘာ့အဆင့်မှာ ဆန်ကာတင် ကျန်ခဲ့ဖူးတဲ့အသင်းဖြစ်သလို တဖက်ကလည်း ချန်ပီယံဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မလေးရှားအသင်းဖြစ်တာကြောင့် ဒီနှစ်သင်းရဲ့အားပြိုင်မှုဟာ အကြိတ်အနယ်ရှိလာနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

  7. ဘန်ကောက်ရေကြီးမှု - သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးသည်အိတ်တွေသောင်တင်

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးရေလျှံမှုကြောင့် ဝန်ထမ်းတွေ အလုပ်မဆင်းနိုင်လို့ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်အိတ်အမြောက်အများ သောင်တင်နေတာကြောင့် လေကြောင်းလိုင်းဘက်က တောင်းပန်ခဲ့ရပါတယ်။

    သုဝဏ္ဏဘူမိလေဆိပ် စီမံခန့်ခွဲရေးတာဝန်ကို ထိုင်းလေဆိပ်ဆိုင်ရာအများပိုင်ကုမ္ပဏီ (AOT) က ကန်ထရိုက်ယူထားပြီး ခရီးဆောင်အိတ် အတင်အချ၊ လေဆိပ်တွင်းခရီးသည်ဝန်ဆောင်မှုတို့အတွက် Thai Airways ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားတာပါ။

    စက်တင်ဘာ ၂၅ ရက်၊ သောကြာနေ့ ဂျူတီအပြီး နေအိမ်ပြန်သွားတဲ့ ဝန်ထမ်းတွေဟာ ဘန်ကောက် နေရာအများအပြားမှာ ရေကြီးခဲ့တာကြောင့် နောက်ရက်တွေမှာ အလုပ်မဆင်းနိုင်ဖြစ်ခဲ့ရပါတယ်။

    “အခြေခံအလုပ်သမားတွေနဲ့ ကျွမ်းကျင်အလုပ်သမားဆိုပြီး အုပ်စု ၂ စုခွဲပြောရပါမယ်။ အဲဒီထဲက အများစုက လေဆိပ်နားမှာ နေကြပြီး ရေကြီးမှုဒဏ်ကို အများဆုံးရင်ဆိုင်ခဲ့ရပါတယ်။ စက်တင်ဘာ ၂၆ ရက်ထဲက ဖြေရှင်းဖို့အစည်းအဝေးလုပ်ခဲ့ပေမဲ့ ထင်ထားတာထက် အခြေအနေပိုဆိုးခဲ့တယ်” လို့ Thai Airways ရဲ့ အကြီးအကဲ Chai Eiamsiri က ပြောပါတယ်။

    မနေ့ စက်တင်ဘာ ၂၉ ရက်မှာ Thai Airways က လေဆိပ်မှာခရီးသည်အိတ်တွေ သောင်တင်ပြီး အဆင်မပြေဖြစ်ခဲ့ရတာအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ ထည့်ပြောခဲ့တာပါ။

    “ဝန်ထမ်းတွေ တာဝန်မထမ်းဆောင်နိုင်တာက လုပ်ငန်းစဉ်တစ်ခုလုံးအပေါ် သက်ရောက်မှု ဖြစ်စေပါတယ်။ ဒီဝန်ထမ်းတွေကပဲ ခရီးသည်အိတ်အတင်အချတွေလုပ်ပေးတာဖြစ်သလို သယ်ပိုးရေး လုပ်ပေးသူတွေရော ကားမောင်းသူတွေပါ အလုပ်မဆင်းနိုင်ခဲ့ကြလို့ပါ” လို့ လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) တာဝန်ရှိသူ Saran Benjanirat ကလည်း ပြောပါတယ်။

    ဘန်ကောက်မှာရေကြီးတဲ့ရက်ပိုင်းအတွင်း လေယာဉ်ခရီးစဉ်တွေနောက်ကျခဲ့သလို ခရီးသည်အိတ်ထောင်နဲ့ချီကို အချိန်မီ မပို့ဆောင်နိုင်တာကြောင့် နိုင်ငံတကာခရီးသွားတွေအတွက် အခက်အခဲ ဖြစ်ခဲ့တာပါ။

    “ဒီနိုင်ငံကိုချစ်လို့ မကြာခဏအလည်အပတ်လာပေမဲ့ အခုလိုကြုံပြီးတဲ့နောက်တော့ ထိုင်းကို လာဖို့ ပြန်စဉ်းစားတော့မယ်” လို့ ဟောင်ကောင်ခရီးသည်တစ်ဦးဖြစ်တဲ့ Lu Wing-fai က ဘီဘီစီ ထိုင်းဘာသာစကားဌာနကို ပြောပါတယ်။

    သုဝဏ္ဏဘူမိလေဆိပ်ကို စက်တင်ဘာ ၂၇ ရက် တနင်္ဂနွေနေ့ထဲက ဆိုက်ရောက်ခဲ့ပေမဲ့ သူ့အိတ်တွေကိုတော့ မနေ့နေ့လယ်ကမှ ထုတ်ယူခွင့်ရခဲ့ပြီး ဒီနေ့တော့ ဟောင်ကောင်ကို ပြန်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

    ခရီးဆောင်အိတ်တွေ သောင်တင်နေတဲ့ဖြစ်ရပ်နဲ့ ၀န်ထမ်းတွေ အလုပ်မဆင်းနိုင်တဲ့အခြေအနေကို ကူညီပေးဖို့ ထိုင်းစစ်တပ်ကလည်း တပ်ဖွဲ့၀င် အချို့ကို လေဆိပ်မှာ တာ၀န်ပေးခဲ့ပါတယ်။

    ဘန်ကောက်ရဲ့ နေရာအများစုမှာ ရေကျပေမဲ့ မြန်မာအလုပ်သမားအများအပြားလည်း နေထိုင်တဲ့ ဘန်ကပီမှာတော့ ရေဆက်ကြီးနေဆဲဖြစ်ပါတယ်။

  8. ကျောက်တော်လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကုလပြော

    အရပ်သားအယောက် ၅၀ အထိအစုလိုက်သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က ကစ္ဆပနဒီတံတားဝန်းကျင်နဲ့ အိန္ဒိယဈေးတို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကုလသမဂ္ဂအကြီးအကဲတွေက မနေ့တုန်းက ဆက်တိုက်ထုတ်ပြောခဲ့ပါတယ်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “အခုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့လိုကြောင်း၊ အရပ်သားတွေကို ကာကွယ်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေအတိုင်း လိုက်နာဖို့လိုကြောင်း” ထုတ်ပြောခဲ့ပါတယ်။

    စက်တင်ဘာ ၂၈ ရက်နေ့မှာဖြစ်ခဲ့တဲ့ ကျောက်တော်လေကြောင်းတိုက်ခိုက်မှုဟာ လက်ခံလို့မရတဲ့လုပ်ရပ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကလည်း ပြောပါတယ်။

    အခုတိုက်ခိုက်ခံခဲ့ရတဲ့ အိန္ဒိယဈေးဟာ ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူ၊ ဒိုင်းနက်အပါအဝင် လူမျိုးပေါင်းစုံ နေထိုင်ရောင်းဝယ်ဖောက်ကားနေတဲ့ဈေးဖြစ်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

    အထူးသဖြင့် ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာစစ်အစိုးရနဲ့ အငြင်းပွားဖွယ်ရာ သဘောတူညီချက်အရ မလေးရှားအစိုးရကနေ ခိုလှုံခွင့်တောင်းခံထားသူ ၁,၄၇၆ ဦးကို ပထမအသုတ် မြန်မာကို ပြန်မပို့မီ နာရီပိုင်းအလိုမှာပဲ အခုလို လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့လို့ ဒီပြန်ပို့ရေးအစီအစဉ်ကို ရပ်ဆိုင်းဖို့ပါ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ထည့်ပြောခဲ့ပါတယ်။

    အခုပြန်ပို့တဲ့သူတွေထဲ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရဘဲ နှိပ်စက်ခံရတာနဲ့ လွတ်မြောက်ဖို့ မလေးရှားကို ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ဒါကြောင့် ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာပြေးသူတွေကို ပြန်လည်နေရာချထားပေးနိုင်တဲ့ အခြေအနေမဟုတ်ကြောင်း ဒီလေကြောင်းတိုက်ခိုက်မှုက ထင်ထင်ရှားရှားပြသနေတယ်လို့ ကုလဘက်က ထုတ်ပြောလာတာပါ။

    အခုဖြစ်စဉ်နဲ့ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်များအဖွဲ့ (APHR) နဲ့ ရန်ကုန်က ယူကေသံရုံးတို့ကလည်း ရှုတ်ချကြောင်း ထုတ်ပြောပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အသီးသီးပြောလာကြပါတယ်။

    လေကြောင်းတိုက်ခိုက်ခံရပြီး ၂ ရက်ကြာလာပြီဖြစ်ပေမဲ့ ပြင်းထန်လူနာအယောက် ၂၀ အတွက် ကုသရေးအခက်အခဲတွေရှိနေဆဲလို့ ရခိုင်ပြည်နယ်အခြေစိုက် စစ်ရှောင်အရေးကူညီနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

    မနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ ရုပ်အလောင်းရှာဖွေရေးတွေကို ရပ်နားခဲ့ပြီး သေဆုံးသူ အယောက် ၅၀ ရှိခဲ့ပါတယ်။ အဲဒီထဲကအယောက် ၂၀ ကျော်ရဲ့အချက်အလက်တွေကို စိစစ်နေဆဲ ဖြစ်ပါတယ်။

  9. ပြည်ထဲရေးဝန်ကြီးနေရာကို ဦးမင်းအောင်လှိုင်အမိန့်နဲ့လဲခဲ့လို့ ဝေဖန်ခံရပြီးနောက် လွှတ်တော် တင်

    ဗိုလ်ချုပ်ကြီး ကိုကိုဦး ကို ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် သမ္မတ ဦးမင်းအောင်လှိုင်က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဆိုပြီးထုတ်ပြန်ခန့်အပ်ခဲ့လို့ ဝေဖန်မှုတွေ မြင့်တက်ပြီးနောက် ပြည်ထောင်စုလွှတ်တော်ပြန်စချိန်မှာပဲ အတည်ပြုခန့်အပ်ရေးအတွက် နေပြည်တော်အစိုးရဘက်က တင်သွင်းလာပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာနဟာ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို အဓိက တာဝန်ယူဆောင်ရွက်ရတာဖြစ်လို့ ပိုပြီးထိ‌ရောက်အောင်လုပ်နိုင်ဖို့အတွက် လွှတ်တော်ရပ်နားချိန်မှာ အဲဒီလိုအမိန့်ထုတ်ခဲ့တာလို့ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီက မနေ့ကလွှတ်တော်မှာ လာတင်ပြခဲ့ပါတယ်။

    မနေ့ စက်တင်ဘာ ၃၀ ရက်မှာ ပြည်ထောင်စုလွှတ်တော်ရဲ့ တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး ကို ဝန်ကြီးအဖြစ်ခန့်အပ်တာကို ကန့်ကွက်လိုရင် လွှတ်တော် ကိုယ်စားလှယ်တွေက လာမယ့် အောက်တိုဘာ ၁ ရက်နောက်ဆုံးထား တင်ပြရမှာပါ။

    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၂၁၂ က အရ လွှတ်တော်အစည်းအဝေးမရှိချိန် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေအတွက် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကိုထုတ်ခွင့်ရှိ တယ်လို့ဖော်ပြထားပေမဲ့ လွှတ်တော်မစခင် ရက်ပိုင်းအလိုမှထုတ်ပြန်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

    ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်ဘက် မူလတာဝန်တွေကိုပြန်ထမ်းဆောင်စေပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဗိုလ်ချုပ်ကြီး ကိုကိုဦး ကို ပြည်ထဲရေးဝန်ကြီးအသစ် အဖြစ် စက်တင်ဘာ ၁၇ ရက်နေ့မှာ သမ္မတအမိန့်နဲ့ ခန့်အပ်ခဲ့ပါတယ်။

    ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ၃ နေရာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆီက နာမည်စာရင်းရယူပြီးခန့်အပ်ရတာဖြစ်ပါတယ်။

    လက်ရှိတပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဆီက နာမည်စာရင်းရယူထားတာလားဆိုတာကိုတော့ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီရဲ့ လွှတ်တော်ကိုလာတင်ပြချက်မှာ ထည့်သွင်းပြောသွားတာ မတွေ့ရပါဘူး။

  10. မင်္ဂလာပါ။ စက်တင်ဘာ ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။