စက်တင်ဘာ ၂၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
NUG အထူးတိုင်းစစ်ဌာနချုပ်ကို စစ်တပ်ဗုံးကြဲလို့ ထိခိုက်သေဆုံးသူရှိတဲ့သတင်းအပါအဝင် စက်တင်ဘာ ၂၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
စက်တင်ဘာ ၂၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အထူးတိုင်းစစ်ဌာန
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေး၀န်ကြီးဌာနအောက်က အထူးတိုင်းစစ်ဌာနချုပ်ကို စစ်တပ်က ဒီနေ့ ဗုံးကြဲလို့ ထိခိုက်သေဆုံးသူ ရှိတယ်လို့ သတင်းရင်းမြစ် အချို့က ပြောပါတယ်။
စစ်တပ်ဟာ အထူးတိုင်းစစ်ဌာနကို ဒီနေ့မနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေအပါအ၀င် သေဆုံးသူ ၅ ဦးထက်မနည်း ရှိတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
''ဒဏ်ရာရတဲ့သူ ၅ ဦးထက်မနည်းမှာ အထူးတိုင်း ထိပ်ပိုင်းခေါင်းဆောင်အချို့လည်း ပါ၀င်တယ်'' လို့ သတင်းရင်းမြစ်က ပြောပါတယ်။
သေဆုံးသူတွေထဲ တစ်ဦးဟာ လေတပ်က CDM လုပ်ထားတဲ့ အုပ်ခွဲ တပ်ကြပ်ကြီး (ဦး) နေ၀င်းအောင်လည်း ပါ၀င်တယ်လို့ သတင်းရင်းမြစ်က ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အထူးတိုင်းစစ်ဌာနကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း ၁၂ ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်း၊ ဒရုန်းနဲ့ လက်ရုံးအထူးတပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အထူးတိုင်းစစ်ဌာနဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေ၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းထဲက စစ်တောင်းမြစ်၀ှမ်းဒေသတွေမှာ အခြေပြုပြီး စစ်ရေးလှုပ်ရှားပါတယ်။
အထူးတိုင်း စစ်ဌာနချုပ် တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဘက်က တစုံတရာ သတင်းမထုတ်သေးပါဘူး။
အခုသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက NUG ၀န်ကြီးချုပ်ရုံး ပြောခွင့်ရသူထံ ဆက်သွယ် မေးမြန်းထားထဲဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့၀င်တွေနဲ့နီးစပ်သူတွေကတော့ လူမှုကွန်ရက်မှာ ၀မ်းနည်းကြောင်း ရေးသားနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jabatan Imigresen Malaysia
မြန်မာရွှေ့ပြောင်းလုပ်သား သိန်းချီ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာလည်း တရားမဝင် နေထိုင်သူ နိုင်ငံခြားသားတွေကို ဒဏ်ငွေ၊ ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေ ပိုမိုချမှတ်လာပါတယ်။
ထိုင်းမှာလည်း ဥပဒေချိုးဖောက်တဲ့နိုင်ငံခြားသားတွေကို အပြည့်အဝအရေးယူဖို့ ဝန်ကြီးချုပ်ကအမိန့်ပေးထားပါတယ်။
ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံသား အများအပြား ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံတွေ ဖြစ်ပြီးနိုင်ငံခြားသားတွေအပေါ် အရေးယူမှုတွေ တင်းကျပ်လာတာဖြစ်ပါတယ်။
ထိုင်းနဲ့ မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအကြား ဖမ်းဆီးခံရမှု၊ နေရပ်ပြန်ပို့ခံရမှုနဲ့ အလုပ်အကိုင် ထိခိုက်လာနိုင်မယ့် အခြေအနေတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်လွတ်လပ်ရေးတပ်(KIA) ရဲ့ ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အနီးကို စစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးနဲ့ ဒေသခံတချို့က ပြောပါတယ်။
“Y-12 လေယာဉ်ရော တိုက်လေယာဉ်ရော မိနစ်ပိုင်းလောက်ဝဲပြီးမှ အလန့်ဘွမ်တောင်ကြောဘက်မှာ ကြဲတာ” လို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်တပ်က လိုင်ဇာမြို့အနောက်ခြမ်းက တောင်ကြောဘက်ကို Y-12၊ တိုက်လေယာဉ်တွေနဲ့ ကင်းထောက်စောင့်ကြည့်တာတွေ လုပ်ခဲ့တယ်လို့ ဘီဘီစီကို ဖြေကြားပါတယ်။
“Y-12၊ Y-8 လေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေ သုံးပြီး ကင်းထောက်နေကြ” လို့ သူက ထည့်ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့တယ်ဆိုတာကိုတော့ သူက မြေပြင် အတည်ပြုချက်မရသေးဘူးလို့ သူက ဆိုပါတယ်။
ဒါပေမဲ့ လိုင်ဇာကောင်းကင်မှာ စစ်တပ်ရဲ့ လေယာဉ် လှုပ်ရှားမှုတွေကြောင့် တရုတ်နိုင်ငံဘက်က လေကြောင်းအချက်ပေးတဲ့ မီးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့တော့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA ထိန်းချုပ်ထားတဲ့ လိုင်ဇာနဲ့ မိုင်ဂျာယန်တဝိုက်မှာ စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လေယာဉ်တွေ ဝဲပျံစေပြီး ကင်းထောက်စောင့်ကြည့်တာတွေ လုပ်နေတာလို့ မြို့ခံတချို့က ပြောပါတယ်။
KIA ဘက်ကလည်း ဒေသခံတွေကို လေကြောင်းအန္တရာယ်သတိပေးတဲ့ စာထုတ်ထားပြီး သူ့ရဲ့ထိန်းချုပ်နယ်မြေထဲက စာသင်ကျောင်းတွေကိုလည်း ယာယီပိတ်ထားတယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေ စစ်ဆိုင်ထားကြတဲ့ ဗန်းမော်မြို့နဲ့ ရွှေကူမြို့နယ်ထဲမှာလည်း နှစ်ဖက်တပ်တွေကြား စက်တင်ဘာလအတွင်းမှာပဲ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ရေးပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ ကချင်ပြည်နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Tarique Rahman
ရိုဟင်ဂျာအကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ဖြေရှင်းရေးဖြစ်ဖို့နဲ့ ရိုဟင်ဂျာတွေ မြန်မာကို သိက္ခာရှိရှိနဲ့ အန္တရာယ်ကင်းကင်း ပြန်လာဖို့ နိုင်ငံတကာက ပူးပေါင်းမှုလည်းလိုအပ်တယ်လို့ မြန်မာဆိုင်ရာကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ် ရာမန်က တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာကျင်းပတဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတက်ဖို့ ရောက်နေချိန် ကုလအထူးကိုယ်စားလှယ်ကို အခုလို တောင်းဆိုခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ရဲ့ဝန်ကြီးချုပ်ရုံးသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပါတယ်။
“ရိုဟင်ဂျာတွေ သူတို့ရဲနေရပ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းစွာ ပြန်လာနိုင်ဖို့ ဝန်ကြီးချုပ်က နိုင်ငံတကာကို ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တာ” လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစ္စတာရူမွန်က ဆိုပါတယ်။
ရိုဟင်ဂျာအရေးအတွက် တရားမျှတမှုအပြင် နေရပ်စွန့်ခွာရာကနေ ပြန်ရောက်လာမယ့်သူတွေအတွက် “ရေရှည်တည့်တံ့တဲ့ဖြေရှင်းချက်ဖြစ်ရေး တောင်းဆိုမှု”ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျင်းပမယ့် အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုကိုလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က တက်ရောက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
အဲဒီပွဲကို ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာနိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမှာ ဖြစ်ပြီး ဥရောပသမဂ္ဂ(EU) ကလည်း ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတချို့မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တော်နီယို ဂူတားရက်စ်ကလည်း ဘင်္ဂလားဒေ့ရှ်အပါအဝင် ဒုက္ခသည်တွေကို လက်ခံထားတဲ့နိုင်ငံတွေအတွက် နိုင်ငံတကာအနေနဲ့ စဉ်ဆက်မပြတ် ပံ့ပိုးမှုပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
အလားတူ ရိုဟင်ဂျာအကျပ်အတည်းရဲ့အရင်းခံအကြောင်းရင်းများကို ဖော်ထုတ်ဖြေရှင်းဖို့နဲ့ ကာယကံရှင်တွေနဲ့ဆန္ဒအလျောက် ဘေးကင်းလုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိပြီး တည်တံ့တဲ့ အခြေချမှုဖြစ်အောင် အခြေအနေကောင်းတွေ ဖန်တီးပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကန့်ဘလူပအဖ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပျဉ်းတော်ရွာမှာ ရှိတဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး)စခန်းကို ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့တွေနဲ့ တပ်ရင်းတချို့တို့ ဒီနေ့မနက်အစောပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောပါတယ်။
ပျဉ်းတော်ရွာလမ်းဆုံက ပြည်သူ့စစ်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစခန်းမှာ ဂိတ်တစ်ခုပါ တွဲဖွင့်ထားတယ်လို့ ကန့်ဘလူနယ်ခံတစ်ဦးက ဆိုပါတယ်။
အဲဒီဂိတ်ကနေ လမ်းသွားလမ်းလာတွေကို စစ်မေးတာ၊ ငွေကြေးကောက်ခံတာတွေလုပ်တယ်လို့လည်း သူက သိထားရတဲ့အကြောင်းကို ပြောပြပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကန့်ဘလူပကဖတချို့ရဲ့ ပြောဆိုချက်ကိုကိုးကားပြီး သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ကာဘိုင် သေနတ် ၅ လက်၊ ကျည်ဆံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကန့်ဘလူ ပကဖတချို့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
လက်ရှိတော့ PDF နဲ့ ပကဖပူးပေါင်းတပ်တွေဟာ ပြည်သူ့စစ်စခန်းကနေ ဆုတ်ခွာလာခဲ့ပြီလို့ သူက ထပ်ပြောပါတယ်။
ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် ပျဉ်းတော်ရွာနဲ့ အနီးနားရွာတွေမှာ စစ်ရေးတင်းမာမှု ပိုလာနိုင်တာကြောင့် ဒီနေရာတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေကို စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းအန္တရာယ်တွေကို သတိထားနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
စက်တင်ဘာ ဒုတိယသီတင်းပတ်တုန်းကလည်း ကန့်ဘလူနယ်ထဲက ကျောက်လုံးကြီးရွာထဲကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ၄ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၆ နှစ်စပိုင်းတုန်းကတော့ စစ်တပ်အင်အား ၁၀၀ ကျော်နဲ့ အခိုင်အမာ ခြေကုပ်ယူတပ်စွဲထားတဲ့ ကိုးတောင်ဘို့ရွာက စစ်တပ်စခန်းကို PDF တွေက သိမ်းပိုက်ခဲ့ပါတယ်။
မြန်မာစစ်တပ်ကတော့ ကန့်ဘလူနယ်ထဲက ပြည်သူ့စစ် ဂိတ်စခန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်ပြည်ထောင်စုကို ၃ ရက်ကြာ ခရီးရောက်နေပြီဖြစ်ပါတယ်။
သူ့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုယ်တိုင်လေဆိပ်မှာ ဆင်းကြိုခဲ့ပါတယ်။
ထရမ့်က ရှီကို ဘယ်လိုကြိုဆိုခဲ့လဲ။ ရုပ်သံကိုအပြည့်အစုံမှာ ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ကနေ အမေရိကန်ပြည်ထောင်စုက Got Talent(AGT) ပြိုင်ပွဲမှာ ဂစ်တာ လက်စွမ်းနဲ့ သီချင်းဆိုနိုင်စွမ်း ပြခဲ့တဲ့ထိုင်းလူငယ် ဂီတသမား နေနေ ရွိုင်ယယ်ဟာ အခုရာသီအတွက် AGT ဆုရှင်ဖြစ်လာပါပြီ။
နေနေဟာ AGT ဆုရှင်ဖြစ်လာလို့ ဆုကြေး ဒေါ်လာ ၁ သန်းလည်း ဆွတ်ခူးသွားပြီဖြစ်ပါတယ်။
ပြိုင်ပွဲစ၀င်ချိန်တုန်းက အသက် ၁၆ နှစ်အရွယ် နေနေ တစ်ယောက် AGT စင်မြင့်ထက် ဂစ်တာနဲ့ အဆိုအစွမ်းပြခဲ့တဲ့ယှဉ်ပြိုင်မှုဟာ ယူကျူမှာ ကြည့်ရှူသူ သန်းနဲ့ချီပြီး ပရိသတ်အားပေးမှု ရသလို ပြိုင်ပွဲ ဒိုင် ၄ ဦး ကလည်း သူ့ကို နောက်တစ်ဆင့်တက်ဖို့ မဲပေးခဲ့ကြပါတယ်။
နယူးယောက်မြို့မှာ ကုသလမဂ္ဂ အစည်းအ၀ေးတက်နေတဲ့ ထိုင်း၀န်ကြီးချုပ် အနုတင်ကလည်း နေနေကို ဂုဏ်ပြုစကား ပြောထားပါတယ်။
AGT မှာ နေနေ ပြိုင်ပွဲဆက်၀င်နိုင်ဖို့ ထိုင်းအစိုးရက ကူညီထောက်ပံ့တာတွေအပြင် ၀န်ကြီးချုပ် ကိုယ်တိုင်လည်း ဘန်ကောက်က အစိုးရ အိမ်တော်အထိ ခေါ်တွေ့ခဲ့ပါတယ်။
‘‘ထိုင်းအစိုးရအနေနဲ့ ထိုင်းလူငယ်တစ်ယောက် ကမ္ဘာ့စင်မြင့်ထက်မှာ စွမ်းရည်ပြနိုင်ခဲ့အောင် ကြိုးပမ်းတဲ့နေနေကိုရော၊ သူ့မိသားစု၊ သူ့ကို အားပေးခဲ့ကြသူတွေ အားလုံးကို ဂုဏ်ပြု’’ တဲ့အကြောင်း အစိုးရ ပြောခွင့်ရသူက ဒီနေ့မှာပဲ ထုတ်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေး မပေး ကိစ္စနဲ့ပတ်သက်ပြီး ဦးမင်းအောင်လှိုင်က သူ့ သဘောထားကို Time မဂ္ဂဇင်းနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။
Time မဂ္ဂဇင်းက မြန်မာ့အရေးအခြေအနေတွေကို မေးမြန်းရင်း ဒေါ်အောင်ဆန်းစုကြည်အရေးကိုပါ မေးမြန်းခဲ့တာပါ။ ရုပ်သံမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Kokang
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ရဲ့ အထွေထွေ အတွင်းရေးမှူး ဖုန်ဝင်းနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ နေပြည်တော်ကို ရောက်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးတာတွေ လုပ်နေပြီလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖုန်ဝင်းနိုင်ဟာ ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ရဲ့မြေးဖြစ်ပြီး လက်ရှိခေါင်းဆောင် ဖုန်တာရွှင်ရဲ့သားဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ငြိမ်းချမ်းရေးအဖွဲ့(NSPNC)နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ဒီတွေ့ဆုံမှုမှာ နယ်စပ်ကုန်သွယ်ရေး၊ နယ်မြေထိန်းချုပ်မှုတွေအပြင် တရုတ်စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်လို့ သိရတဲ့အကြောင်း ကိုးကန့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကိုးကန့်(MNDAA) ရဲ့နေပြည်တော်ခရီးဟာ စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နဲ့ ၁၀၂၇ စစ်ဆင်ရေးတွေနောက်ပိုင်း ပထမဆုံးအကြိမ်ခရီးဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကို ကိုးကန့်တပ်ဦးဆောင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထိုးစစ်ဖော်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယပိုင်းမှာလည်း စစ်တပ်ရဲ့ လားရှိုးအခြေစိုက် တိုင်းစစ်ဌာနချုပ်ကိုပါ ကိုးကန့်က သိမ်းပိုက်ခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်း လားရှိုးတိုက်ပွဲမှာလည်း စစ်တပ်ရဲ့ ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးကိုဖမ်းမိခဲ့ပြီး လက်ရှိအချိန်ထိ ကိုးကန့်တပ်က ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ်(MNDAA) နဲ့ တအာင်းတပ်(TNLA) ကတော့ စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီထားပါတယ်။
“ဝ”တပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ(FPNCC) ၇ ဖွဲ့ထဲမှာ ကိုးကန့်က နေပြည်တော်ရဲ့ငြိမ်းချမ်းရေးခေါင်းစဉ်အောက်ကနေ တွေ့ဆုံတဲ့ ၅ ဖွဲ့မြောက်ဖြစ်လာပါတယ်။
FPNCC ၇ ဖွဲ့ထဲမှာ "ဝ"(UWSA)၊ ကချင်လွတ်လပ်ရေး(KIA)၊ ကိုးကန့်တပ်(MNDAA)၊ တအာင်း(TNLA)၊ အာရက္ခတပ်တော်(အေအေ)၊ ရှမ်းပြည်တပ်မတော်(SSPP/ SSA) နဲ့ မိုင်းလားအဖွဲ့ (NDAA) တို့ ပါဝင်ပါတယ်။
ကိုးကန့်တပ်မတိုင်ခင် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ တအာင်းတပ်(TNLA)၊ မိုင်းလားအဖွဲ့(NDAA) စတဲ့အဖွဲ့တွေနဲ့ နေပြည်တော်တို့ တွေ့ဆုံပြီးဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်(KIA) တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့က စက်တင်ဘာအစောပိုင်းကတည်းက စာပေးပို့ထားပေမယ့် တစ်လနီးပါးကြာတဲ့အထိ KIA ဘက်က တွေ့ဆုံဖို့ရှိမရှိ ဆုံးဖြတ်ချက် ထွက်လာတာမရှိသေးဘူးလို့ ကချင်သတင်းရင်းမြစ်တချို့က ထုတ်ပြောပါတယ်။
အေအေရဲ့စစ်ဦးချုပ်ကတော့ ၂၀၂၆-၂၀၂၇ နှစ်တွေမှာ ရခိုင်ပြည်နယ်ထဲက ကျန်ရှိနေတဲ့မြို့တွေနဲ့ စစ်ရေးပစ်မှတ်တွေကို အပြတ်တိုက်ခိုက်မယ်လို့ ကြွေးကြော်ထားပြီး နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့ကလည်း အေအေကိုတွေ့ဆုံဖို့ ကမ်းလှမ်းတာမရှိသေးဘူးလို့ နေပြည်တော်သတင်းရင်းမြစ်တချို့ဆီကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
စစ်ကိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်က စက်တောကုန်းကျေးရွာ ရှောင်ကွင်းလမ်းအနီး စက်သုံးဆီဆိုင်နဲ့ ဆီကားတွေ ရပ်နားနေတဲ့နေရာတဝိုက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ ဦး ဗုံးထိမှန်သေဆုံးတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
“ဆီကားယာဉ်မောင်းနဲ့ နောက်ထပ် ယာဉ်အကူ တစ်ဦး စုစုပေါင်း ၂ ဦး ဆုံးတာ” လို့ သူကဆိုပါတယ်။
မနေ့ စက်တင်ဘာ ၂၃ ရက်ကဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ ဆီကားတစ်စီး မီးလောင်ကျွမ်းနေတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။
စစ်တပ်ဗုံးကြဲလိုက်တဲ့နေရာမှာ အရပ်သားပိုင် ဆီဆိုင်တချို့နဲ့ လမ်းခရီးအခြေအနေကြောင့် ပိတ်မိနေတဲ့စက်သုံးဆီ ကုန်ကားတချို့လည်းရှိနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စက်သုံးဆီကုန်ကားတွေကတော့ ရွှေဘို-မြစ်ကြီးနားလမ်းတကြောမှာ သယ်ယူပို့ဆောင်နေကြတဲ့ ကားတွေဖြစ်ပြီး မိုးရွာလို့ လမ်းပျက်တာနဲ့ အင်းတော်နယ်ထဲက စစ်ရေးအခြေအနေကြောင့် စက်သုံးဆီရောင်းချတဲ့ဆီခြံအနီးမှာ ကားတွေ ရပ်နားထားရတာလို့ သူက ရှင်းပြပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကချင်လွတ်လပ်ရေးတပ်(KIA) ထိန်းချုပ်နယ်မြေထဲက ရွှေနဲ့ကျောက်စိမ်းလုပ်ကွက်တွေကို ထောက်ပို့လုပ်နေတဲ့ စက်သုံးဆီစခန်း(ဒီဇင်ဘာခြံ)ကို ဗုံးကြဲရှင်းလင်းလိုက်တယ်လို့ဆိုပြီး ရေးသားဖော်ပြနေကြပါတယ်။
သတင်းရင်းမြစ်တစ်ဦးကတော့ “ကျောက်စိမ်းလုပ်ကွက်ရော ရွှေမျောရော စက်ရုံနဲ့ ဟိုတယ်လုပ်ငန်းရော ဆီအသုံးများတဲ့နေရာတွေ အကုန်ပို့တယ်။ ခွဲခြားပြီးပို့တာတော့မဟုတ်ဘူး” လို့ ထုတ်ပြောပါတယ်။
စစ်တပ်ဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးသွားတဲ့စက်သုံးစီကုန်ကားနဲ့ ထိခိုက်ပျက်စီးသွားတဲ့ ကုန်ကားတချို့ဟာ အရပ်သားဆီကုန်သည်တွေ ပိုင်ဆိုင်တဲ့ကားဖြစ်ပြီး အဖွဲ့အစည်းတွေဘက်က ပိုင်ဆိုင်တဲ့ကားတွေ မဟုတ်ဘူးလို့ သူက ထပ်ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၁ နှစ်ကျော်ကြာထိန်းချုပ်ခဲ့တဲ့ အင်းတော်မြို့ကို စစ်တပ်က ပြီးခဲ့တဲ့ မတ်လမှာ ပြန်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပေမဲ့ မြို့နယ်ထဲမှာတော့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး PDF နဲ့ KIA ပူးပေါင်းတပ်တွေ ဆက်ရှိနေပါတယ်။
ဒါကြောင့် မြို့နယ်ထဲက တချို့နေရာတွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေမကြာခဏဖြစ်နေပြီး နှစ်ဖက်လုံးက စစ်ရေးအရ လမ်းပိုင်းတွေကို ယာယီပိတ်ဆို့တာ ပြန်ဖွင့်ပေးတာတွေ ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ အင်းတော်မြို့နယ်ထဲဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, MOI
မန္တလေး-ရွှေဘိုလမ်းပိုင်းပေါ် စစ်ကိုင်းမြို့ကနေ မိုင် ၃၀ ကျော်ကွာတဲ့ ဆားတောင်နယ်မြေထဲမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၈ ဦး စစ်တပ်ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။
Local PDF အဖွဲ့က အမျိုးသား ၂၃ ဦးနဲ့ မိသားစုဝင်အမျိုးသမီး ၃ ဦး၊ ဆားတောင်မိုးကြိုးအဖွဲ့က တပ်ဖွဲ့ဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ မိသားစုဝင် အမျိုးသမီး ၃ ဦး စုစုပေါင်း ၃၈ ဦးတို့ ဘက်ပြောင်းလာခဲ့ကြတာလို့ ဒီနေ့ သတင်းထုတ်တာဖြစ်ပါတယ်။
သူတို့ဟာ စက်တင်ဘာ ၂၂ ရက်မှာ စစ်တပ်ရဲ့ ဆားတောင်နယ်မြေထဲက နီးစပ်ရာ နယ်မြေခံတပ်ရင်းကို ဆက်သွယ်ပြီး လက်နက်မျိုးစုံ ၁၃ လက်နဲ့ ခဲယမ်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ လက်နက်ချခဲ့ကြတာလို့ နေပြည်တော်က ဆိုပါတယ်။
တစ်ဖက်မှာတော့ PDF တပ်ဖွဲ့ဝင် ၃၈ ဦးဟာ ဆားတောင်ရဲစခန်းနဲ့ ချိတ်ဆက်ပြီး ဘက်ပြောင်းသွားတယ်လို့ သိထားတဲ့အကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဘက်ပြောင်းသွားတဲ့ တပ်ဖွဲ့ဝင်ထဲက တချို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဝက်လက်မြို့နယ် ရွာသာကြီးတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့လည်း စစ်ရေးအချိတ်အဆက်တွေရှိတယ်လို့ ဝက်လက်အခြေစိုက် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ဆားတောင်နယ်မြေထဲက တပ်ဖွဲ့ဝင်တချို့ကတော့ ဘက်မပြောင်းခင် ရက်ပိုင်းတွေအတွင်း ဆားတောင်ရဲစခန်းနဲ့ ဆက်စပ်သူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီသူကတဆင့် ငွေကြေးနဲ့ ကျည်အတောင့်တစ်ရာပေးဖို့ ဖိအားပေးတောင်းတာတွေ ရှိခဲ့တယ်လို့ ဒီအခြေအနေကိုသိတဲ့သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီအခြေအနေကနေ ဆားတောင်ရဲတပ်ဖွဲ့ဝင်တချို့နဲ့ အချိတ်အဆက် ဆက်ရပြီး ဘက်ပြောင်းသွားတာဖြစ်နိုင်တယ်လို့ ယူဆတဲ့အကြောင်း သူကဆိုပါတယ်။
တစ်ဖက်မှာလည်း ဘက်ပြောင်းသွားတဲ့ PDF တွေဟာ ဒေသတွင်းအခြေစိုက်တပ်တွေဖြစ်ပြီး စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့တွေနဲ့ အချိတ်အဆက်ရှိနေတာကြောင့် NUG ရဲ့တပ်တွေကလည်း စောင့်ကြည့်နေချိန်မှာ အခုလိုလက်နက်ချသွားတာလို့ မြေပြင်အခြေအနေသိသူတစ်ဦးက ထုတ်ပြောပါတယ်။
NUG ရဲ့ ဆားတောင်မြို့နယ် ပကဖအဖွဲ့ဝင်တစ်ဦးကတော့ “ခွင့်ပြုချက်မရှိဘဲ အခွန်ဂိတ်ဖွင့်တာ၊ ငွေကြေးကောက်ခံတာတွေလုပ်နေလို့ NUG က သတိပေးခဲ့တာတွေရှိတယ်။ သတိပေးတာတွေ လျစ်လျူရှုနေလို့ အရေးယူဖို့လုပ်နေတုန်းဝင်သွားတာ” လို့ ဘီဘီစီကိုပြောပါတယ်။
နေပြည်တော်ကြေညာထားတဲ့ ဘက်ပြောင်းလာတဲ့အဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ မိခင်တပ်ရင်းတပ်ဖွဲ့ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
မင်္ဂလာပါ။ စက်တင်ဘာ ၂၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။