မြန်မာနဲ့ ရုရှားစစ်တပ်တို့ FPV ဒရုန်းတွေပါသုံးတဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်

မြန်မာနဲ့ ရုရှားစစ်တပ်တို့ FPV ဒရုန်းတွေပါသုံးတဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်တဲ့ သတင်းနဲ့အတူ ဇူလိုင် ၁၆ ရက် နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) တွေအနေနဲ့ ထပ်မံတွေ့ဆုံလိုတယ်ဆိုရင် ထိုင်းမှာ တွေ့ဆုံနိုင်ကြောင်း ကမ်းလှမ်းထားတယ်လို့ EROs နဲ့ အာဆီယံ အထူးသံတို့ရဲ့ အလွတ်သဘောတွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ထိုင်းဘက်က ပြောပါတယ်
  • ''The Lady ( ဒေါ်အောင်ဆန်းစုကြည်)နဲ့ အာဆီယံအထူးသံတို့ လူချင်းတွေ့ဆုံပေးဖို့ မျှော်လင့်တယ်လို့ အာဆီယံက နေပြည်တော်ကို တိုက်တွန်းထားတယ်'' လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်
  • မြန်မာနဲ့ ရုရှား စစ်တပ်တို့ အကြမ်းဖက်နှိမ်နင်းရေးအသွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နေပြည်တော်ကာကွယ်ရေးတက္ကသိုလ်ဝင်းထဲမှာ ပြုလုပ်နေတယ်လို့ ရုရှားဘက်က သတင်းထုတ်ပါတယ်
  • မြန်မာ့ကမ်းလွန်မှာ ရိုဟင်ဂျာတွေလိုက်ပါလာတဲ့လှေ ၂ စင်း ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နစ်မြုပ်တာကြောင့် လူ ၅၀၀ နီးပါး သေဆုံးနိုင်တဲ့စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက ပြောပါတယ်
  • အီရန်နဲ့ အမေရိကန်တို့ အပြန်အလှန်ပစ်ခတ်မှု ၆ ရက်မြောက်ထဲ ဝင်လာချိန်မှာ အီရန်က ပင်လယ်ကွေ့က အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားပြီး အမေရိကန်ကလည်း အီရန်နိုင်ငံထဲကို နာရီနဲ့ချီ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင် ၁၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြန်မာ့ကမ်းလွန်မှာ လှေ ၂ စင်း နစ်မြုပ်ပြီး လူ ၅၀၀ ကျော်သေဆုံးနိုင် -ကုလ

    အင်ဒိုနီးရှားနိုင်ငံ၊ အာချေးကမ်းလွန်မှာ နစ်မြုပ်သွားခဲ့တဲ့ ရိုဟင်ဂျာ လှေတစ်စင်းကို ၂၀၂၄ ခုနှစ်တုန်းကမြင်တွေရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံ၊ အာချေးကမ်းလွန်မှာ နစ်မြုပ်သွားခဲ့တဲ့ ရိုဟင်ဂျာ လှေတစ်စင်းကို ၂၀၂၄ ခုနှစ်တုန်းကမြင်တွေရတာဖြစ်ပါတယ်

    မြန်မာကမ်းလွန်မှာ လှေနှစ်စင်း နစ်မြုပ်ပြီး လူ ငါးရာကျော် သေဆုံးနိုင်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

    လူ ၂၅၀ ခန့် လိုက်ပါလာတဲ့ လှေတစ်စင်း ထွက်ခွာပြီနောက်ပိုင်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး၊ နောက်ထပ် လူ ၂၈၀ ခန့် လိုက်ပါလာတဲ့ လှေတစ်စင်းမှာ ဇူလိုင် ၈ ရက်ဝန်းကျင်က ဧရာဝတီကမ်းရိုးတန်းအနီးမှာ နစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

    လှေပေါ်ပါလာသူအများစုဟာ ရခိုင်ပြည်နယ်က ထွက်ခွာလာတဲ့ ရိုဟင်ဂျာများဖြစ်ပြီး လှေတွေဟာ ဇွန်လနှောင်းပိုင်းမှာ ထွက်လာပြီး ဒီထဲမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲက သူတချို့လည်း ပါကြောင်း ဒုက္ခသည်များ မဟာမင်းကြီးရုံးနဲ့ နိုင်ငံတကာ ရွှေ့ပြောင်းသူများ အဖွဲ့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ပင်လယ်ထဲ ရောက်ပြီးနောက် လှေတစင်းနဲ့ အဆက်အသွယ် ပြတ်သွားပြီး နောက်တစင်းကတော့ ဧရာဝတီ ကမ်းရိုးတန်းအလွန်မှာ ဇူလိုင် လဆန်းက နစ်မြုပ်ပုံ ရပါတယ်။

    ဒီနှစ်ထဲ မြန်မာ့ပင်လယ်နဲ့ ဘင်္ဂလားအော်မှာ လူ သုံးရာနီးပါး ပျောက်ဆုံး သေဆုံးတာတွေ ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂအေဂျင်စီတွေက ပြောပါတယ်။

  3. အမေရိကန်လေကြောင်းတိုက်ချိန် အီရန်ကလည်း စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား

    အီရန်ကို လေကြောင်းတိုက်ခိုက်မှု တစ်ခုလို့ဆိုပြီး အမေရိကန်ဘက်က ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်က ရုပ်သံ အပိုင်းအစတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အီရန်ကို လေကြောင်းတိုက်ခိုက်မှု တစ်ခုလို့ဆိုပြီး အမေရိကန်ဘက်က ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်က ရုပ်သံ အပိုင်းအစတစ်ခု

    အမေရိကန်ဟာ အီရန်နိုင်ငံတလွှားကို ညလုံးပေါက် လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေချိန်မှာပဲ အီရန်ဘက်ကလည်း ပင်လယ်ကွေ့နိုင်ငံတွေထဲက အမေရိကန်ရဲ့ စစ်အခြေစိုက် စခန်းတွေကို တိုက်ခိုက်မှုအသစ်တွေ ထပ်လုပ်ပါတယ်။

    တီဟီရန်ဘက်ကတော့ ဂျော်ဒန်၊ ကူဝိတ်၊ ဘာရိန်းအပါအ၀င် ဒေသတွင်းက ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ အပစ်ရပ်ဖို့ ကနဦးသဘောတူညီချက်ကနေ လမ်းလွဲပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ၆ ရက်မြောက်ဖြစ်လာချိန် အီရန်က အခုလို ပြောလာတာဖြစ်ပါတယ်။

    ဒီအတောအတွင်း အမေရိကန် စစ်တပ်ကလည်း ဟော်မုဇ်ရေလက်ကြားထဲက ''အပြစ်မဲ့သင်္ဘောသားတွေကို အီရန်ရဲ့ခြိမ်းခြောက်နိုင်စွမ်း လျော့ကျအောင်'' အီရန်နိုင်ငံထဲက နေရာအချို့ကို ၆ နာရီကြာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    အီရန်အနေနဲ့ တွေ့ဆုံညှိနှိုင်းရေး စားပွဲ၀ိုင်းဆီ ပြန်မလာဘူးဆိုရင် စစ်ရေးလုပ်ဆောင်ချက်နဲ့ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြီးတဲ့နောက်ပိုင်းမှာ အခုလိုအပြန်အလှန်တိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

    နောက်ဆုံးပြုလုပ်ထားတဲ့တိုက်ခိုက်မှုတွေမှာတော့ အမေရိကန်ဟာ အီရန်နိုင်ငံတလွှားက ကမ်းရိုးတန်းထောက်လှမ်းရေး အဆောက်အဦ၊ လေကြောင်းကာကွယ်ရေးနေရာတွေနဲ့ ကွပ်ကဲရေးစင်တာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

    ပေါက်ကွဲသံတွေကို နိုင်ငံတလွှားမှာ ကြားခဲ့ရပြီး တီဟီရန်မြို့မှာလည်း လေကြောင်းကာကွယ်ရေးသတိပေးချက် ထွက်ပေါ်ခဲ့တယ်လို့ အီရန် နိုင်ငံပိုင် မီဒီယာက သတင်းဖော်ပြပါတယ်။

    အဲဒီနောက် မကြာခင်မှာပဲ ပင်လယ်ကွေ့ထဲက အမေရိကန်မဟာမိတ်တွေကလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ သတင်းထွက်လာပါတယ်။ ကူဝိတ် စစ်တပ်ကလည်း ဒရုန်းတိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားခဲ့ရတယ်လို့ပြောပြီး ဘာရိန်းပြည်ထဲရေးဝန်ကြီးဌာနကလည်း နိုင်ငံသားတွေကို အနီးဆုံး ဘေးကင်းမယ့်နေရာကို စိတ်ငြိမ်ငြိမ်ထားပြီး ခိုလှုံကြဖို့ တိုက်တွန်းပါတယ်။

    အီရန်စစ်တပ်ကတော့ နောက်ဆုံးပြုလုပ်တဲ့သူတို့ရဲ့ တိုက်ခိုက်မှုတွေမှာ ဂျော်ဒန်နိုင်ငံထဲက အမေရိကန်ရဲ့ဆက်ဆံရေး စနစ်တွေနဲ့ လောင်စာသိုလှောင်ရေးနေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။

    အိုမန်ပင်လယ်ကွေ့မှာ အမေရိကန်ရဲ့ပိတ်ဆို့မှု

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ ညှိနှိုင်းရေးလမ်းကြောင်းပေါ် ပြန်မလာဘူးဆိုရင် တံတားတွေကို ချိုးပစ်တာနဲ့ ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်တာတွေ လုပ်မယ်လို့ အင်္ဂါနေ့တုန်းက ပြောခဲ့တာပါ။

    အမေရိကန်နဲ့ ဆွေးနွေးပွဲတွေကို ထိပ်တန်းဦးဆောင်နေသူ အီရန်လွှတ်တော်ဥက္ကဋ္ဌကတော့ တီဟီရန်အနေနဲ့ နိုင်ငံအတွက် အကျိုးမဖြစ်မယ့် ဘယ်လို သဘောတူညီချက်မျိုးကို မဆို လိုက်နာဖို့ အကြောင်းမရှိဘူးလို့ နိုင်ငံပိုင် မီဒီယာကို ပြောပါတယ်။

    အီရန်ရဲ့အမျိုးသားလုံခြုံရေးဟာ သူ့အပြောအရဆိုရင် ဟော်မုဇ် ရေလက်ကြားအတွင်းမှာ အီရန်ရဲ့စီမံမှုတွေအပေါ် မူတည်နေတယ်လို့လည်းဆိုပါတယ်။

    အိုမန်ပင်လယ်ကွေ့မှာ အမေရိကန်ရဲ့ ပိတ်ဆို့မျဥ်းပြသတဲ့မြေပုံ

    တင်းမာမှုမြင့်တက်လာနေချိန်မှာပဲ အမေရိကန်- အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ခဲ့တဲ့ဟော်မုဇ် ရေလက်ကြားကို အီရန်ဘက်က ဆက်လက် ပိတ်ထားဆဲဖြစ်ပါတယ်။

    အင်္ဂါနေ့တုန်းကတော့ အမေရိကန်က ပြီးခဲ့တဲ့လတုန်းက နှစ်နိုင်ငံကြား ရရှိထားတဲ့နားလည်မှုစာချွန်လွှာအရ တစ်စိတ်တစ်ပိုင်း ဖယ်ရှားခဲ့တဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့မှု ပြန်စတင်ပြီလို့ပြောထားပါတယ်။

  4. ဘီယာဘား မီးလောင်မှုနေရာမှာ ဝန်ကြီးအနုတင်နဲ့အတူ တွေ့ရတဲ့အစိုးရအရာရှိအယောင်ဆောင်သူ စွဲချက်လေးခုနဲ့ အရေးယူခံရ

    စစ်အရာရှိပုံစံ ဝတ်ထားတဲ့ နက်ကို မီးလောင်မှုဖြစ်တဲ့ညမှာ ဝန်ကြီးချုပ်အနီးမှာ မြင်ခဲ့ရတယ်လို့ဆိုတဲ့ လူမှုကွန်ရက်ပေါ် ပျံ့နေတဲ့ဓာတ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, စစ်အရာရှိပုံစံ ဝတ်ထားတဲ့ နတ်ကို မီးလောင်မှုဖြစ်တဲ့ညမှာ ဝန်ကြီးချုပ်အနီးမှာ မြင်ခဲ့ရတယ်လို့ဆိုတဲ့ လူမှုကွန်ရက်ပေါ် ပျံ့နေတဲ့ဓာတ်ပုံ

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုရှိတဲ့ ဘီယာဘားမီးလောင်တဲ့နေရာမှာ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်ရဲ့လုံခြုံရေးအတွင်းစည်းအထိ ဝင်ရောက်ခဲ့တဲ့စစ်ယူနီဖောင်းဝတ် အမျိုးသားတစ်ဦးကို အစိုးရအရာရှိအယောင်ဆောင်မှုအပါအဝင် စွဲချက်လေးခုနဲ့ တရားစွဲထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    ချီတဖုန်း “မွတ်နတ်” ခတ္တဖုန်းဟာ ဘန်ကောက်မြို့ ချက်တူချက်ခရိုင်ရှိ ဘီယာဘားမီးလောင်မှု ဖြစ်ပွားရာ နေရာအပြင်ဘက်က ကန့်သတ်ထားတဲ့ လုံခြုံရေးနယ်မြေအတွင်း စစ်ယူနီဖောင်းပုံစံ ဝတ်ဆင်ပြီး သွားလာနေတဲ့ဓာတ်ပုံနဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် သူက ရဲတပ်ဖွဲ့ထံ သွားရောက် အစစ်ဆေးခံခဲ့ပါတယ်။

    သူဟာ အစိုးရအရာရှိ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး မီဒီယာတွေကို အင်တာဗျူးဖြေကြားခဲ့သလို သူပြောကြားခဲ့တဲ့အချက်အလက်အချို့ဟာ မမှန်ကန်ဘူးလို့ ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။

    သူ့ရဲ့ ပြောကြားချက်အရတော့ မီးလောင်မှုဖြစ်ပွားရာနေရာကို မသွားခင် Airsoft (BB gun) လို့ခေါ်တဲ့ စစ်ရေးအပန်းဖြေဂိမ်း ကစားနေခဲ့တာကြောင့် စစ်ယူနီဖောင်းပုံစံ အဝတ်အစား ဝတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် လက်ရှည်အင်္ကျီနဲ့ ဘောင်းဘီက အပူဒဏ်နဲ့ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကနေ ပိုကာကွယ်ပေးနိုင်တာကြောင့် အဝတ်မလဲဘဲ မီးလောင်မှု ဖြစ်ပွားရာနေရာကို သွားခဲ့တာလို့လည်း သူက ရှင်းလင်းပြောဆိုထားပါတယ်။

    ဒါပေမဲ့ သူ့ကို အခုတော့ ရဲတပ်ဖွဲ့က ပြည်သူ့ဝန်ထမ်း အရာရှိဟန်ဆောင်မှု၊ လိုင်စင်မရှိဘဲစကားပြောစက်သုံးမှု၊ သတင်းမှားဖြန့်မှု၊ လူထုထိတ်လန့်စေမှုတို့နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

    ရဲကတော့ သူဝတ်ခဲ့တဲ့ဝတ်စုံဟာ ကျည်ကာဝတ်စုံအစစ်ဖြစ်တယ်ဆိုတာ ဆေးမှုခင်းစစ်ဆေးသူတွေက တွေ့ရှိခဲ့တယ်ဆိုရင်တော့ စစ်သုံးပစ္စည်း တရားမဝင်ပိုင်ဆိုင်မှုနဲ့ပါ တရားစွဲဖို့ရှိတယ်လို့လည်း ပြောပါတယ်။

    အခုတော့ သူဟာ ဖနုံယော့ထင် ရဲစခန်းမှာ လာရောက်အဖမ်းခံတယ်လို့လည်း ရဲက ပြောပါတယ်။

  5. “The Lady နဲ့ အာဆီယံအထူးသံတို့ လူချင်းတွေ့ခွင့်ပေးဖို့ မျှော်လင့်တယ်လို့ ကျွန်တော်တို့ ပြောခဲ့တယ်” - ထိုင်းနိုင်ငံခြားရေးဝန်ကြီး

    နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို ဘန်ကောက်မြို့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဇူလိုင် ၁၄ ရက်တုန်းက သီးခြားတွေ့ဆုံခဲ့တယ်လို့ ထိုင်းဘက်က သတင်းထုတ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, MFA Thai

    ဓာတ်ပုံ ပုံစာ, နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို ဘန်ကောက်မြို့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဇူလိုင် ၁၄ ရက်တုန်းက သီးခြားတွေ့ဆုံခဲ့တယ်လို့ ထိုင်းဘက်က သတင်းထုတ်ပါတယ်

    ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးသံတမန်တို့ကို လူချင်းတွေ့ဆုံမှုပေးဖို့ မျှော်လင့်တဲ့အကြောင်း နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို ပြောခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။

    နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက တွေ့ဆုံခဲ့တဲ့အခြေအနေကို မစ္စတာ ဆီဟာဆက်က ဇူလိုင် ၁၅ ရက်မှာ ပြန်ပြောချိန် အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

    “ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်တာတွေအကုန်လုံး ဂရုစိုက်နေတယ်ဆိုတဲ့အကြောင်း တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက အာမခံ ပြောသွားတယ်။ ကျွန်တော်တို့ဘက်ကတော့ The Lady နဲ့ အာဆီယံအထူးသံတို့ လူချင်းတွေ့ခွင့်ပေးဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တယ်”လို့ မစ္စတာ ဆီဟာဆက်က ပြောပါတယ်။

    မြန်မာအနေနဲ့ တိုးတက်မှုပြဖို့လိုအပ်တဲ့နယ်ပယ် ၄ ခုရှိဖို့လိုအပ်တဲ့အကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ သီးသန့်ဆွေးနွေးခဲ့ကြတယ်လို့လည်း ထိုင်းဘက်က ပြောလာပါတယ်။

    အဲဒီထဲမှာ အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့တိုးတက်မှုတွေ ရှိရေးကိုလည်း နိုင်ငံခြားရေးဝန်ကြီးတွေ အလေးထား ဆွေးနွေးခဲ့ကြတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    ဒီတွေ့ဆုံပွဲအပါအဝင် နေပြည်တော်က ငြိမ်းချမ်းရေးအဖွဲ့ (NSPNC) ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs) ကိုယ်စားလှယ်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့တဲ့ အခြေအနေကို သံတမန်တွေကို မနေ့က သူ ရှင်းပြခဲ့ပါတယ်။

    ထိုင်းဟာ မြန်မာနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အလွတ်သဘောဆွေးနွေးပွဲကို ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၁၂ ရက်တုန်းက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပါတယ်။

    အဲဒီအလွတ်သဘောတွေ့ဆုံပွဲကို အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံထဲ ၉ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ပေမဲ့ မလေးရှားက အတွင်းဝန်ကိုပဲ စေလွှတ်ခဲ့ပြီး ထိုင်းနဲ့နယ်စပ် အငြင်းပွားနေတဲ့ ကမ္ဘောဒီးယားကတော့ မတက်ရောက်ခဲ့ပါဘူး။

    အဲဒီနောက် အာဆီယံအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ အိမ်ရှင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးတို့ဟာ နေပြည်တော်ငြိမ်းချမ်းရေး(NSPNC) ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs) ကိုယ်စားလှယ်အဖွဲ့တို့နဲ့ ပတ္တရားမြို့မှာ ဇူလိုင် ၁၃ ရက် သီးခြား ထပ်မံတွေ့ဆုံခဲ့ပါတယ်။

  6. မြန်မာနဲ့ ရုရှားစစ်တပ်တို့ FPV ဒရုန်းတွေပါသုံးတဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်

    စစ်ရေးလေ့ကျင့်မှု အခြေအနေမြင်ကွင်းတွေလို့ဆိုပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ရုပ်သံက မြင်ကွင်းတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, screengrab/ရုရှားကာကွယ်ရေးဝန်ကြီးဌာန

    ဓာတ်ပုံ ပုံစာ, စစ်ရေးလေ့ကျင့်မှု အခြေအနေမြင်ကွင်းတွေလို့ဆိုပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ရုပ်သံက မြင်ကွင်းတစ်ခု

    မြန်မာနဲ့ ရုရှားအထူးတပ်ဖွဲ့တွေဟာ FPV ဒရုန်းတွေကို အသုံးပြုပြီး အကြမ်းဖက်အခြေစိုက်စခန်းတစ်ခုကို ၀င်တိုက်ခိုက်တဲ့ပုံစံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နေပြည်တော်မှာ ပြုလုပ်နေတယ်လို့ ရုရှားဘက်က သတင်းထုတ်ပါတယ်။

    မြန်မာနဲ့ ရုရှားကြည်းတပ် တပ်ဖွဲ့ဝင်တွေဟာ နေပြည်တော်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ထဲမှာ ဇူလိုင် ၆ ရက်ကနေ ၁၇ ရက်အထိ စစ်ရေးလေ့ကျင့်နေတာလို့ ရုရှားဘက်က ပြောပါတယ်။

    အဆင့်မြင့်အရာရှိကြီးတစ်ဦး လိုက်လာတဲ့ကားတန်း တိုက်ခိုက်ခံရမှုကို ကာကွယ်ရေးလုပ်တဲ့အသွင် ပူးတွဲလေ့ကျင့်မှုလည်း ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

    ရုရှားအရှေ့ပိုင်းစစ်တိုင်းက ဒုတိယတပ်မှူး ဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်တဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ်နဲ့ စစ်ရေးလေ့ကျင့်နေတာလို့လည်း ဆိုပါတယ်။

    အဲဒီစစ်ရေးလေ့ကျင့်မှုကို မြန်မာစစ်တပ်ရဲ့လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်းလည်းတက်ရောက်ပြီး သူက ‘‘အခုစစ်ရေးလေ့ကျင့်မှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ၂ နိုင်ငံ စစ်ရေးပူးပေါင်းမှု တိုးတက်မှု နောက်တဆင့်ကို ပြတယ်’’ လို့ ပွဲမှာ ပြောခဲ့တဲ့အကြောင်းလည်း ရုရှားဘက်က သတင်းထုတ်ပါတယ်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ်ကနေထုတ်ပြန်တဲ့ရုပ်သံမှာတော့ ရုရှားတပ်ဖွဲ့တွေဟာ ဒရုန်း၊ စနိုက်ပါသေနတ်တွေနဲ့ ယာဉ်အချို့ကို မြန်မာစစ်တပ်အရာရှိအချို့ကို ပြသနေတာကိုလည်း တွေ့ရပါတယ်။

    လာမယ့် ၅ နှစ်အတွင်း မြန်မာနဲ့ရုရှားကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အခုနှစ် ဖေဖော်ဝါရီလဆန်းမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် TASS က သတင်းဖော်ပြပါတယ်။

    အခုနှစ် ရုရှားကာကွယ်ရေးဝန်ကြီးဟောင်းလည်းဖြစ်၊ လက်ရှိ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဆာဂေး ရှိုဂူးရဲ့ ဖေဖော်ဝါရီလဆန်း နေပြည်တော် ခရီးစဉ်မှာ အဲဒီစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

    ရုရှားဘက်က နေပြည်တော်ကို လုံခြုံရေးအပါအဝင် ဘက်စုံလွှမ်းခြုံတဲ့အကူအညီတွေ ပေးသွားဖို့ ရုရှားဘက်က အဲဒီကတည်းက ကတိပြုခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။

    အခုတော့ သဘောတူညီချက်လက်မှတ်ထိုးပြီး လပိုင်းအကြာမှာပဲ နေပြည်တော် ကာကွယ်ရေးတက္ကသိုလ်ဝင်းထဲ ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

  7. တူရကီက မအောင်မြင်တဲ့အာဏာသိမ်းမှု - ၁၀ နှစ်အတွင်း အာဒိုဝမ် ဘာတွေပြောင်းလဲခဲ့လဲ

    တူရကီသမ္မတ အာဒိုဝမ်ရဲံ ဓာတ်ပုံကို ဖန်သားပြင်တစ်ခုမှာ မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    လမ်းမတွေပေါ်က ထွက်လာတဲ့သေနတ်သံတွေ၊ လမ်းမပေါ်က တင့်ကားတွေ၊ အစိုးရအဆောက် အအုံတွေအပေါ် နိမ့်နိမ့်ပျံနေတဲ့ဂျက် တိုက်လေယာဉ်တွေအပြင် လွှတ်တော်တိုက်ခိုက်ခံရတဲ့မြင်ကွင်းတွေစတဲ့ ဒီအဖြစ်အပျက်အားလုံးကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပြချက်ကနေ မြင်နေရပါတယ်။

    အာဏာသိမ်းတာ သုံးကြိမ်၊ စစ်တပ်က နိုင်ငံရေးထဲ ဝင်ရောက်စွက်ဖက်တာ နှစ်ကြိမ်ကြုံဖူးတဲ့ တူရကီနိုင်ငံအတွက်တောင် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၅ ရက်ညက မကြုံဖူးတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။

    အရင်တုန်းက တူရကီလွှတ်တော်တိုက်ခိုက်ခံရတာမျိုး မရှိခဲ့ဖူးသလို၊ အစ္စတန်ဘူလ်မြို့က အခုတော့ "ဇူလိုင် ၁၅ အာဇာနည်တံတား" လို့ ခေါ်တဲ့ ဘာဖရာစ် တံတားပေါ်မှာလည်း ဒီလောက် သွေးထွက်သံယို ဖြစ်ခဲ့တာ မရှိခဲ့ဖူးပါဘူး။ သမ္မတ ရီကပ် တာယစ် အာဒိုဝမ်က အာဏာသိမ်းဖို့ ကြိုးစားသူတွေကို ဆန့်ကျင်ကြဖို့ဆိုပြီး လူထုကို တိုက်တွန်းလိုက်တဲ့အခါ အရပ်သားတွေက လမ်းပေါ် ထွက်လာပြီး ခုခံတားဆီးကြရာကနေ ဒီသွေးထွက်သံယိုမှုတွေဖြစ်ပွားခဲ့တာပါ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  8. မြန်မာ့ပြဿနာအတွက် ထိုင်းကြားဝင်ညှိနှိုင်းပေးဖို့အသင့်ရှိတယ်လို့ ဆီဟာဆက်ပြော

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်

    မြန်မာ့ပြဿနာအတွက် မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EROs) တွေအပါအဝင် နောက်ထပ်တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင် ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးနိုင်သူအဖြစ် ထိုင်းဘက်က ကမ်းလှမ်းထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။

    မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတွေထဲက တစ်ခုအဖြစ် မြန်မာတိုင်းရင်းသားလက်နက်ကိုင်(EROs)အဖွဲ့ကိုယ်စားလှယ်တွေ၊ နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့(NSPNC)က ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ဇူလိုင် ၁၄ ရက်မှာ သီးခြားစီ တွေ့ဆုံချိန် အခုလိုကမ်းလှမ်းခဲ့တာလို့လည်း မစ္စတာ ဆီဟာဆက်က ပြောပါတယ်။

    "သူတို့(မြန်မာ့အရေး သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး) အနေနဲ့ ထပ်မံတွေ့ဆုံလိုတယ်ဆိုရင် တွေ့ဆုံဆွေးနွေးမယ့်နေရာအဖြစ် ထိုင်းနိုင်ငံကို အသုံးပြုနိုင်ကြောင်း ကျွန်တော်တို့ ကမ်းလှမ်းထားပါတယ်။ အဲဒီကတစ်ဆင့် နောက်ထပ် တိုးတက်မှုတွေ ရရှိလာမယ်လို့ မျှော်လင့်ပါတယ်''

    သူက မြန်မာ့အရေးဒီဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာသံတမန်တွေကို မနေ့တုန်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ရှင်းလင်းပြောကြားချိန် အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    လက်ရှိမှာ တိုင်းရင်းသားလက််နက်ကိုင်(EROs)တွေဘက်မှာ ဘုံရပ်တည်ချက်တစ်ခု မရှိနေသေးတာကို တွေ့ရပေမဲ့ အဲဒီအတွက် ကြိုးစားနေတယ်လို့ EROs တွေဘက်က ပြောခဲ့တဲ့အကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    ‘‘သူတို့(EROs) အနေနဲ့ ဆွေးနွေးပြောဆိုတာတွေလုပ်နိုင်မယ့် ဘုံသဘောတူညီချက်အချို့ကို နောက်ပိုင်း တဖြည်းဖြည်းနဲ့ ရှာတွေ့မယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆွေးနွေးပွဲဖြစ်မြောက်ဖို့ ဆွေးနွေးရတာတွေ ရှိနိုင်ပါတယ်။ ဘယ်လိုဆွေးနွေးကြမယ်၊ ဘယ်မှာဆွေးနွေးကြမယ်ဆိုတာတွေပေါ့။’’ လို့ သူက ပြောပါတယ်။

    ဒါကြောင့် ‘‘ကြီးကြီးမားမား ဆွေးနွေးပြောဆိုမှုအချို့ ဖြစ်ပေါ်လာနိုင်မယ့် ပထမဆုံးအဆင့်ကို တွေးဆကြည့်ဖို့ ကျွန်တော်တို့ဘက်က တိုက်တွန်းတာတော့ ရှိပါတယ်။’’ လို့လည်း မစ္စတာ ဆီဟာဆက်က ပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အဖြစ် စုဖွဲ့မှုမှာလည်း ပါဝင်ထားပြီး အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း မနေ့ညနေပိုင်းမှာ သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ပါတယ်။

    လက်ရှိမြန်မာ့နိုင်ငံရေး အရှိတရားအရ မြန်မာ့အုပ်ချုပ်ရေးဟာ နေပြည်တော်မှာပဲ သီးသန့်မရှိတော့တဲ့ အပြောင်းအလဲကိုရောက်သွားပြီမို့ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မဆို တရားဝင်နိုင်ငံရေးအာဏာပိုင်တွေကို အသိအမှတ်ပြု ထိတွေ့ဆက်ဆံမှုပြုလုပ်ရမယ်လို့ SCEF က ပြောပါတယ်။

    နိုင်ငံရေးအသွင်ကူးပြောင်းမှုက ရည်မှန်းချက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးက နည်းလမ်းဖြစ်တာကြောင့် အကြမ်းဖက်မှုလျှော့ချရုံသက်သက် ရည်ရွယ်တဲ့တွေ့ဆုံဆွေးနွေးမှုဟာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုဆောင်ကျဉ်းပေးနိုင်မှာမဟုတ်ဘူးလို့လည်း SCEF က သဘောထားထုတ်ပြန်ပါတယ်။

    စစ်တပ်ဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ဆွေးနွေးပွဲတွေအတွက် နိုင်ငံရေးဆန္ဒပြသတာ မမြင်ရသေးတာကြောင့် တရားဝင်နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများ စတင်ဖို့ အခြေအနေမရောက်သေးဘူးလို့လည်း SCEF က ပြောပါတယ်။

    အဓိပ္ပါယ်ပြည့်ဝတဲ့ဆွေးနွေးပွဲပေါ်ပေါက်ဖို့ နိုင်ငံရေးယုံကြည်ချက်ရှိရမှာဖြစ်ပြီး အဲဒီယုံကြည်ချက် ပေါ်လာဖို့ဆိုရင် စစ်တပ်ဘက်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသူတွေ သေချာစွာရောက်ရှိဖို့၊ စစ်မှန်တဲ့ကတိကဝတ်ဖော်ပြနိုင်တဲ့ ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်တွေ ပြသဖို့ လိုတယ်လို့လည်း SCEF က ပြောပါတယ်။

    SECF အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေဟာ မြန်မာ့အရေးအလွတ်သဘော တွေ့ဆုံမှုအဖြစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်ပြီး ထိုင်းက အိမ်ရှင်အဖြစ် လက်ခံပြုလုပ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

  9. မင်္ဂလာပါ။

    ဇူလိုင်လ ၁၆ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။