တိုက်ရိုက်ထုတ်လွှင့်မှု, နီပေါနဲ့ တိဗက်နယ်စပ်ရေကြီးမှု - သေဆုံးသူ ၁၆၂ ဦးရှိ၊ ၄၀၀ ကျော်ပျောက်ဆုံး

နီပေါရေဘေးသင့်ပြည်သူတွေကို အကူအညီပေးဖို့ ဒေါ်လာ ၅ သိန်းပေးမယ့်အကြောင်း အမေရိကန်က ကတိပေးတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ပြည်ပကနေ ပြန်လာသူတွေရဲ့ပစ္စည်းတွေ အဖမ်းခံရပြီးရင် ပြန်လည်ရွေးယူခွင့်ရှိ၊ မရှိကိုလေဆိပ်မှာရှိတဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ဆုံးဖြတ်ချက်ပေါ် မူတည်နေ
  • ပြည်တွင်းပုဂ္ဂလိကဘဏ်တချို့ရဲ့ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြစ်တဲ့ Pay ကတဆင့် ငွေလွှဲ၊ ငွေလက်ခံတာတွေ မနေ့ကစလို့ သုံးလို့မရနေ
  • ဦးမင်းအောင်လှိုင် ဗီယက်နမ်ကို သွားမယ်
  • နီပေါ-တိဗက်နယ်စပ် ရေကြီးမှု ပျောက်ဆုံးသူ အများစုက အိန္ဒိယနိုင်ငံသားတွေလို့ သိရ
  • နီပေါ - တိဗက်နယ်စပ်က ရုတ်တရက် ရေကြီးမှု တရုတ်ထိန်းချုပ် တိဗက်ခြမ်းမှာ ပျောက်ဆုံးသူ ရာချီရှိနေတယ်လို့ တရုတ်နိုင်ငံသတင်းဌာန ဖော်ပြ
  • ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံကို သွားဖို့ရှိတယ်လို နေပြည်တော်သတင်းထုတ်ပြန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပတ္တယားမှာ အနားယူမယ့်အမေရိကန်စစ်သား ၅,၀၀၀ ခန့်ကနေ ဝင်ငွေဘတ်သန်းချီရဖို့ မျှော်မှန်း

    ၂၀၂၆ ဧပြီတုန်းက ဟော်မုဇ်ရေလက်ကြားမှာတွေ့ရတဲ့ USS Abraham Lincoln စစ်သင်္ဘော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ဧပြီတုန်းက ဟော်မုဇ်ရေလက်ကြားမှာတွေ့ရတဲ့ USS Abraham Lincoln စစ်သင်္ဘော

    အီရန်ပဋိပက္ခအတွက် အရှေ့အလယ်ပိုင်းကိုစေလွှတ်ထားတဲ့ အမေရိကန်စစ်သင်္ဘောအုပ်စုက စစ်သားထောင်ချီ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ သင်္ဘောတွေနဲ့အတူ ဆိုက်ကပ် အနားယူမှာဖြစ်လို့ ဒီအလည်အပတ်ခရီးကနေ ဘတ် ၅ သန်းကနေ ၁၅ သန်းအထိ ဝင်ငွေရနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    ချွန်ဘူရီခရိုင်ထဲမှာရှိတဲ့ နာမည်ကျော် ပတ္တယားကမ်းခြေမှာ စစ်သားတစ်ဦးကို ပျှမ်းမျှ ဘတ် ၁,၀၀၀ ကနေ ၃,၀၀၀ ကြားသုံးစွဲခဲ့ရင် ဝင်ငွေဘတ်သန်းချီ ရနိုင်ကြောင်း ပတ္တယားမြို့တော်ဝန် Poramet Ngampichet က ပြောပါတယ်။

    “ခရီးသွားလုပ်ငန်းအတွက်ရော စားသောက်ဆိုင်တွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက်ပါ အကျိုးရှိပါတယ်” လို့ မြို့တော်ဝန်က ပြောပါတယ်။

    “USS Abraham Lincoln” လေယာဉ်တင်သင်္ဘောအုပ်စုမှာ အမေရိကန်စစ်သား ၅,၀၀၀ ခန့် ပါဝင်လာနိုင်ပြီး ရက်ပေါင်း ၂၅၀ ကျော်ကြာ ပင်လယ်ပြင်မှာ တာဝန်ထမ်းပြီးတဲ့နောက် ပတ္တယားကို စက်တင်ဘာ ၂ရက်ကနေ ၆ ရက်အထိ ရောက်လာမှာပါ။

    Lincoln သင်္ဘောပေါ်မှာ အမှုထမ်းနေတဲ့စစ်သားတွေရဲ့စိတ်ကျန်းမာရေး စိုးရိမ်ရပြီး အစားအသောက်နဲ့ တကိုယ်ရည် ကျန်းမာရေးသုံး ပစ္စည်းတွေ နည်းပါးနေပြီလို့ သတင်းထွက်ပေါ်လာအပြီးမှာ အခုလိုအနားယူမယ့်အစီအစဉ် ထွက်ပေါ်လာတာဖြစ်ကြောင်း အမေရိကန်သတင်းတွေလည်း ဖော်ပြပါတယ်။

    “ထိုင်းမှာ သင်္ဘောရပ်နားတာက စစ်သားတွေအနေနဲ့ ကမ်းပေါ်တက်ပြီး အနားယူနိုင်မယ့် အခွင့်အရေး တစ်ရပ်ဖြစ်တယ်” လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Surasant Kongsiri က မနေ့တုန်းက မီဒီယာတွေနဲ့တွေ့ချိန်မှာ ပြောပါတယ်။

    ပတ္တယားကို ဆိုက်ရောက်မယ့်ကာလအတွင်း ထိုင်းနဲ့အမေရိကန်ကြား စစ်ရေးလေ့ကျင့်မှုတွေရှိမှာ မဟုတ်ဘူးလို့လည်း ထိုင်းစစ်တပ်ကပြောထားပါတယ်။

  2. နိုင်ငံခြားပြန်ခရီးသည်တွေဝယ်လာတဲ့ပစ္စည်းတွေကို လေဆိပ်မှာစစ်ဆေးရေးတင်းကျပ်နေ

    ရန်ကုန်လေဆိပ်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်လေဆိပ်မြင်ကွင်း

    အခုရက်ပိုင်းအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်ပကနေပြန်လာတဲ့ ခရီးသည်တွေ သယ်ယူလာတဲ့ပစ္စည်းတွေမှာ တူညီတဲ့အမျိုးအစားတွေပါနေရင် ရောင်းကုန်လို့သတ်မှတ်ပြီး အာဏာပိုင်တွေက သိမ်းဆည်းတာတွေလုပ်နေတယ်လို့ ဖြစ်စဉ်သိရှိသူတွေက ပြောကြပါတယ်။

    “အရင်က လေဆိပ်က Custom (အကောက်ခွန်) တွေက တော်ရုံငွေပေးရင် လွှတ်ပေးတတ်ပေမယ့် အခု က ငွေပေးလည်းမရတော့ပါဘူး။ စီးပွားဖြစ်တင်သွင်းတယ်ထင်ရင် အကုန် Detention (ဖမ်းဆီး) လုပ်ပါတယ်။ Cosmetic (အလှကုန်) နဲ့ ဆေးဝါးဆို လုံးဝ ပြန်မထုတ်ပေးပါဘူး FDA လိုင်စင်မရှိလို့ပါ” လို့ ကာဂိုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

    ဇူလိုင်လကစလို့ စတင်တင်းကျပ်လာတာဖြစ်ပြီး သြဂုတ်လထဲမှာအဆိုးဆုံးဖြစ်လာတာလို့ သူက ဆက်ပြောပါတယ်။

    ဒါဟာ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ ကန်ချနဘူရီနဲ့ ဘုရားသုံးဆူက ကုန်လမ်း သယ်ယူရေးကို အသွင်ပြောင်းအစိုးရဘက်က ပိတ်ဆို့လိုက်ပြီးနောက် လေကြောင်းကနေ ပို့ဆောင်တဲ့ Air Cargo နဲ့ သယ်ယူမှုများလာတာလို့ နောက်ထပ်ကာဂိုလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    “နယ်စပ်ကပိတ်တာရော ပြည်တွင်းမှာလည်း ကုန်ပစ္စည်းရှားပါးနေတာကြောင့်ရော နိုင်ငံခြားက ပြန်လာရင် သွားတိုက်ဆေးကအစသယ်လာကြတာလေ။ ဒါကိုတူတဲ့ပစ္စည်းများတာနဲ့ ဖမ်းတာ” လို့ သူက ဆက်ပြောပါတယ်။

    ဒီလိုဖမ်းဆီးထားတဲ့ပစ္စည်းတွေကို ပြန်လည်ရွေးယူခွင့်ရှိ၊ မရှိကိုတော့ လေဆိပ်မှာရှိတဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ဆုံးဖြတ်ချက်ပေါ် မူတည်တဲ့အခြေအနေလို့သိရပါတယ်။

  3. ပြည်ပကနေ ပြည်တွင်းဘဏ်တချို့ရဲ့ Pay စနစ်သုံးမရဖြစ်နေ

    ၂၀၂၁ အာဏာသိမ်းစက ရန်ကုန်က CB ဘဏ်ခွဲရှေ့မှာ ATM တန်းစီစောင့်ဆိုင်းထုတ်ယူနေကြတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၁ အာဏာသိမ်းစက ရန်ကုန်က CB ဘဏ်ခွဲရှေ့မှာ ATM တန်းစီစောင့်ဆိုင်းထုတ်ယူနေကြတဲ့မြင်ကွင်း

    ပြည်တွင်းပုဂ္ဂလိကဘဏ်တချို့ရဲ့ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြစ်တဲ့ Pay ကတဆင့် ငွေလွှဲ၊ ငွေလက်ခံတာတွေ မနေ့ကစလို့ သုံးလို့မရနေကြောင်း ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။

    “မနေ့ (သြဂုတ် ၂၆) ရက်ကစပြီး CB Pay က သုံးမရဘူး၊ အခုထိလည်းမရဘူး။ KBZ Pay က ရသေးတယ်။ ၂၈ ရက်နေ့ကစပြီး ဒီ Pay တွေသုံးမရတော့ဘူးလို့ သတင်းထွက်နေတယ်” လို့ ဘန်ကောက်မြို့နေ မြန်မာတစ်ဦးက ပြောပါတယ်။

    နောက်ထပ် မြန်မာတစ်ဦးက CB ဘဏ်ရဲ့ customer service ကို ဖုန်းဆက်မေးချိန်မှာတော့ “ပြည်ပကနေ Pay အကောင့် Log in ဝင်တာမှာ error ဖြစ်နေတာပါ၊ လိုင်းမကောင်းတာပါ။ ဒီ Pay တွေကို ပြည်ပကနေ လုံးဝမသုံးရတော့ဘူးဆိုတာမျိုး လတ်တလော ကြေညာတာ မရှိပါဘူး။ အချိန်ခဏ စောင့်ပြီးရင် ပုံမှန်အတိုင်းသုံးလို့ရပါမယ်” လို့ တုံ့ပြန်ကြောင်း သိရပါတယ်။

    ပြည်ပက သုံးတဲ့သူတွေအတွက် စည်းကမ်းအသစ်သတ်မှတ်တာမရှိသေးဘူးလို့ CB ဘဏ်ဘက်က ပြောကြောင်း သိရပါတယ်။

    ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တွေကို ပြည်ပနိုင်ငံတွေကနေ ဝင်သုံးလို့ မရရှိနိုင်အောင် Geo-blocking၊ Location-based Restriction နဲ့ IP-based Restriction တွေအပါအဝင် နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို အကောင်အထည်ဖော်ဖို့အတွက် ဗဟိုဘဏ်က ညွှန်ကြားထားတဲ့စာလည်း ဆိုရှယ်မီဒီယာပေါ် ဒီနေ့မနက်ပိုင်း ပျံ့ နှံ့လာပါတယ်။

    ဒါဟာ ၀န်ဆောင်မှုကို ကန့်သတ်တဲ့ Geo-blocking၊ တည်နေရာအခြေစိုက်ကန့်သတ်ခြင်း(Location-based Restriction) နဲ့ သုံးစွဲသူရဲ့အင်တာနက်လိပ်စာ (IP-based Restriction) တွေလို နည်းပညာတွေကို သုံးဖို့ပြင်ဆင်လာတာလို့ နားလည်ရပါတယ်။

    အဲဒီစာအရ ပြည်ပကနေ ဝင်သုံးလို့ မရအောင်လုပ်နေတဲ့အစီအမံကို ပြည်တွင်းဘဏ်တွေဘက်က မနက်ဖြန် သြဂုတ် ၂၈ ရက်ထက် နောက်မကျဘဲ ပြန်တင်ပြဖို့၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တွေမှာ ပြည်ပကနေ အသုံးပြုတဲ့ပုံစံတွေမှာလည်း အရေးယူဆောင်ရွက်ထားတာရှိရင် တင်ပြဖို့ပါ ညွှန်ကြားထားပါတယ်။

    ပြည်တွင်းထိပ်တန်းဘဏ်တစ်ခုမှာ အကြီးတန်းအရာရှိတာ၀န်ယူထားသူ ဘဏ်သတင်းရင်းမြစ်တစ်ဦးကတော့ Geo-blocking၊ Location-based Restriction နဲ့ IP-based Restriction အတွက် ဗဟိုဘဏ်က ညွှန်ကြားထားပေမဲ့ အသုံးပြုမှုကန့်သတ်မယ့်ပုံစံနဲ့ပတ်သက်လို့ တိတိကျကျ မသိရသေးဘူးလို့ ပြောပါတယ်။

    “ထိုင်းဘက်ထွက်လာချိန် ကျွန်မ KBZ Pay အပိတ်ခံရတော့ အစ်မရဲ့အကောင့်ကို ယူသုံးနေတာ။ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက သင့်အကောင့်ကို အခြားတစ်ယောက်သုံးနေတာ သင်မဟုတ်ရင် ပိတ်ချမလား ... ဆိုတာမျိုးစာတွေဝင်လာလို့ ဆက်မသုံးဖြစ်တော့ဘူး။ အစ်မက ပြည်တွင်းမှာ၊ သူက ဆက်သုံးတော့ ရတယ်” လို့ ချင်းမိုင်မြို့နေ မြန်မာတစ်ဦးကလည်း သူ့အတွေ့အကြုံကို ပြောပြပါတယ်။

    ပြည်တွင်းဘဏ်တွေရဲ့ဒီဂျစ်တယ် ငွေပေးချေမှုစနစ်တွေကို ပြည်ပကနေ လုံးဝအသုံးပြုလို့မရတော့မှာကို စိုးရိမ်နေကြကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ရေးသားဖော်ပြနေကြပါတယ်။

    ဒါနဲ့ပတ်သက်လို့ နေပြည်တော်အစိုးရရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗဟိုဘဏ်တာဝန်ရှိသူကို ဘီဘီစီက ဖုန်းဆက် မေးမြန်းပေမဲ့ ချက်ချင်းပြန်ဖြေကြားလို့ မရကြောင်းတုံ့ပြန်ပြီး အီးမေးလ်နဲ့ဆက်သွယ်မေးမြန်းချက်ကိုလည်း နေ့လယ် ၁၂ နာရီဝန်းကျင်အထိ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

    အသွင်ပြောင်းအစိုးရတက်လာပြီးနောက်ပိုင်း ပြည်တွင်းမှာ အသုံးပြုတဲ့ဖုန်းတွေရဲ့ တည်နေရာကိုသိနိုင်မယ့် ဖုန်းအမှတ်စဉ် IMEI နံပါတ်တွေကို မှတ်ပုံတင်ခိုင်းသလို ပြည်ပကနေ ဝင်ရောက်လာသူတွေရဲ့ဖုန်းတွေကိုပါ မှတ်ပုံတင်ဖို့ စည်းကမ်းအသစ်တွေ ဆက်တိုက် ထုတ်ပြန်ထားပါတယ်။

  4. ဘုရားဖူးခရီးသွားတွေအတွက် နာမည်ကျော်နေရာတွေရှိတဲ့နီပေါနဲ့ တိဗက်

    တိဗက်က အထွတ်အမြတ်နေရာတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    နီပေါဟာ တောင်တက်သမားတွေ၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ၀င် ဘုရားဖူးတွေ လာလေ့ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဘာသာရေးအထွတ်အမြတ်နေရာတွေမှာ ၀တ်ပြုဆုတောင်းဖို့ နီပေါနိုင်ငံကို လူထောင်ချီ နှစ်စဉ် လာလည်ပတ်လေ့ရှိပါတယ်။

    အခုကာလဟာ တရုတ်ထိန်းချုပ် တိဗက်ဘက်ခြမ်းက နာဂါရီစီရင်စုနယ်ထဲမှာရှိတဲ့ ခိုင်လာ့ရှ်တောင်ကို လာရောက် လည်ပတ်သူများတဲ့ကာလလည်းဖြစ်ပါတယ်။

    အဲဒီနေရာဟာ နီပေါမြို့တော် ခတ္တမန္ဒူမြို့တော်ကနေဆိုရင် ၁၀ ရက်ကြာသွားရပါတယ်။

    အဲဒီက နေရာတွေကို ရောက်ဖို့ လူထောင်ချီဟာ နီပေါနယ်စပ်ကနေ တိဗက်ဘက်ခြမ်းကို ၀င်ကြပါတယ်။

    အခုတော့ နီပေါခရီးသွားဌာန အာဏာပိုင်တွေကတော့ မနေ့က ဖြစ်တဲ့ ရုတ်တရက်ရေကြီးမှုမှာ အိန္ဒိယနိုင်ငံသား ၁၀၀ ကျော်အပါအ၀င် ရာနဲ့ချီတဲ့ခရီးသွားတွေ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

    ရုတ်တရက် ရေကြီးမြေပြိုမှုဖြစ်ခဲ့တဲ့နေရာဟာ ခရီးသွားတွေ အ၀င်အထွက်များပြီး ဂျီရွန်မှာရှိတဲ့ နီပေါ- တိဗက်နယ်စပ်က နာမည်ကျော် နယ်စပ်ဖြတ်ကျော်နေရာဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်က ခရီးသွားလုပ်ငန်းရှင် တစ်ဦးကတော့ သူ့ ခရီးသွားတွေဟာ အဲဒီကို ဘတ်စ်ကား ၃ စင်းနဲ့ ရောက်နေတယ်လို့ ပြောပါတယ်။

    သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦးကတော့ မြေပြိုမှုကြီးဖြစ်ချိန်မှာ သူတို့တွေ အမြင့်ပိုင်းကို ထွက်ပြေးခဲ့ပေမဲ့ ခရီးသည်တွေပါတဲ့ဘတ်စ်ကားတစ်စင်းကတော့ လမ်းပေါ်ကနေ ထိုးကျခဲ့လို့ ခရီးသည်တွေသတင်းကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

    ရှာဖွေကယ်ဆယ်ရေးမှာ နီပေါစစ်တပ်က အကူအညီပေးနေတယ်လို့လည်း သူက ပြောပါတယ်။ လက်ရှိမှာ ပျောက်ဆုံးနေသူတွေထဲ တမီလ်နာဒူးပြည်နယ်ထဲက လူ ၄၀ ကျော်အထိရှိနေပါတယ်။

  5. ဦးမင်းအောင်လှိုင် ဗီယက်နမ်ကို သွားမယ်

    ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Le Hoai Trung (ဘယ်)နဲ့ ဦးမင်းအောင်လှိုင် (ညာ) တို့ နေပြည်တော်မှာ တွေ့ဆုံချိန်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Le Hoai Trung နဲ့ ဦးမင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံချိန်

    ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Le Hoai Trung နေပြည်တော်ကို ရောက်ခဲ့ပြီးနောက် အသွင်ပြောင်းအစိုးရသမ္မတ ဦးမင်းအောင်လှိုင်ကို ဗီယက်နမ်နိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးလာဖို့ ဖိတ်ခဲ့ကြောင်း ဒီနေ့ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။

    ဦးမင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး တာ၀န်ယူထားချိန်ကတည်းက မြန်မာနဲ့ စစ်ဘက်စီးပွားရေး နီးကပ်ခဲ့တဲ့ ဗီယက်နမ်ဟာ အခုတော့ နေပြည်တော်မှာ အသွင်ပြောင်းအစိုးရဖြစ်လာတဲ့အခါ နိုင်ငံခြားရေး၀န်ကြီးအဆင့်အထိ လာရောက်ခဲ့တာဖြစ်ပါတယ်။

    အခု စက်တင်ဘာလဆန်းပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံကိုလည်းသွားဖို့ရှိပါတယ်။ ဒါကြောင့် ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူအပြီး အာဆီယံဒေသတွင်း လေးနိုင်ငံမြောက် ခရီးစဉ်လည်း ဖြစ်လာမှာပါ။

    ဒါအပြင် အာဆီယံဒေသတွင်းနိုင်ငံတွေထဲ ထိုင်းက ထိတွေ့ဆက်ဆံမှုတွေ ပြန်လုပ်တာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်လာတာလည်း ဖြစ်ပါတယ်။

    အခုနေပြည်တော်ရောက်လာတဲ့ မစ္စတာ Le Hoai Trung ဟာ ဗီယက်နမ်ရဲ့နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်ပြီး သူ့ရဲ့ပထမဆုံးပြည်ပခရီးစဉ် ဖြစ်ပါတယ်။

    ဦးမင်းအောင်လှိုင်လာမယ့်ခရီးစဉ်ကို သတင်းစကားပါးဖို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို ရောက်လာတာလို့ နေပြည်တော်က ပြောပါတယ်။

    လာမယ့် ၂၀၂၇ ခုနှစ်ကျရင် ဟနွိုင်းမြို့မှာလုပ်မယ့် အာဆီယံအနာဂတ်ဖိုရမ် (ASEAN Future Forum) ကို မြန်မာကိုယ်စားလှယ် တက်ရောက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့တယ်လို့ ဗီယက်နမ်ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    နိုင်ငံတကာစာမျက်နှာမှာ အပြန်အလှန်ထောက်ခံအားပေးသွားမှာဖြစ်ပြီး မိတ်ဆွေကောင်းအနေနဲ့ ဆက်ရပ်တည်ဖို့ အခုတွေ့ဆုံမှုမှာ ဆွေးနွေးခဲ့ကြောင်း နေပြည်တော်ကထည့်ပြောပါတယ်။

    ဒါအပြင် ဗီယက်နမ်မှာပြုလုပ်မယ့် ကမ္ဘောဒီးယား - လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(CLMV) ထိပ်သီးအစည်းအဝေးနဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးကို မြန်မာက တက်ရောက်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

  6. နီပေါ - တိဗက် နယ်စပ်က ရေကြီး မြေပြိုမှု ဘယ်လောက်ကြီးမားခဲ့လဲ

    နီပေါနဲ့ တိဗက်နယ်စပ်မှာ မနေ့တုန်းက ဖြစ်ခဲ့တဲ့ ရုတ်တရက် ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၁၆၀ ကျော်အထိ ရှိလာတယ်လို့ နီပေါအာဏာပိုင်တွေဘက်က ပြောပါတယ်။

    ရေကြီး မြေပြိုတာဟာ နီပေါနဲ့ တရုတ်ထိန်းချုပ် တိဗက်နယ်စပ်မှာဖြစ်ခဲ့တာဖြစ်လို့ တိဗက်အခြမ်းမှာလည်း ပျောက်ဆုံးသူ ရာချီရှိတယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီ သတင်းဌာနက သတင်းဖော်ပြပါတယ်။

    ရေကြီးမြေပြိုမှု ဖြစ်ချိိန် ရုပ်သံကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

    ဗီဒီယို ပုံစာ, နီပေါ-တိဗက်နယ်စပ်မှာ ရုတ်တရက်ရေကြီးပြီး မြေပြိုမှုဖြစ်
  7. ‘‘ကျွန်တော့်ဇနီး ရွှံတွေအောက် ရောက်နေလိမ့်မယ်’’

    Keshav Prasad Baral က အပြာရောင်ဆေးရုံအခင်းမှာ ထိုင်နေ။ သူ့မျက်လုံးတွေ ပိတ်ထားပြီး ဆံပင်တွေ ရိတ်ထား

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ကီရှက်ဖ် ပရာဆက် ဘာရယ်ကတော့ နီပေါ-တိဗက်နယ်စပ်က ရေကြီးမှုကို ‘‘ရွှံ့လှိုင်းလုံးကြီးက ကျွန်တော်တို့ဆီ တည့်တည့်ကြီး ထိုးဆင်းလာသလိုပဲ’’ လို့ သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

    အသက် ၆၈ နှစ်အရွယ် ကီရှက်ဖ် တစ်ယောက် ဆေးရုံငယ်တစ်ခုမှာ ကုသမှုခံယူနေတုန်း ရိုက်တာသတင်းဌာနကို ပြောလိုက်တာဖြစ်ပါတယ်။

    ရေလုံးတွေဟာ သူ့အိမ်ထဲကို မ၀င်လာခင် ‘‘တစ်လုံးပြီး တစ်လုံး လှိမ့်ဆင်းလာတယ်’’ လို့ဆိုပါတယ်။

    ဇနီးသည်ရဲ့လက်ကို ဆုပ်ကိုင်ထားဖို့ ကြိုးပမ်းခဲ့ပေမဲ့ သူ့ ဇနီးဟာ ရွှံ့ရေလုံးနဲ့အတူ မျောပါသွားတယ်လို့ပြောပြီး ရွှံ့တွေဟာလည်း သူ့အိမ် အပေါ်ဆုံးထပ်အထိ ဖုံးသွားတယ်လို့ဆိုပါတယ်။

    ‘‘နောက် လေးနာရီ၊ ငါးရာနီလောက်မှာ ရဟတ်ယာဉ်တစ်စီး ကျွန်တော်တို့ကို လာကယ်တယ်။ ကျွန်တော့် ဇနီး ရွှံ့တွေအောက် တစ်နေရာရာမှာ ရှိနေပါလိမ့်ဦးမယ်။ သူ မရှိတော့ဘူး’’ သူက ပြောပါတယ်။

  8. တိဖက်ခြမ်းမှာ ပျောက်ဆုံးနေသူ ၅၅၈ ဦးအထိ မြင့်တက်

    နီပေါ - တိဗက် နယ်စပ်နဲ့ ငလျင်ဖြစ်ခဲ့တဲ့ဗဟိုချက်ပြမြေပုံ

    နီပေါနဲ့ တိဗက် နယ်စပ်မှာဖြစ်တဲ့ ရေကြီး မြေပြိုမှုမှာ တိဗက်ခြမ်းက ဂျီယွန်စီရင်စုနယ်မှာ ပျောက်ဆုံးသူ ၅၅၈ ဦးအထိ မြင့်တက်လာတယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပါတယ်။

    ပျောက်ဆုံးနေသူတွေထဲက အယောက် ၂၆၀ ဟာ နိုင်ငံခြားသားတွေဖြစ်ပြီး သေဆုံးသူ ၃ ဦးရှိတယ်လို့လည်း စီစီတီဗီသတင်းက ဆိုပါတယ်။

    ဂျီယွန်က နယ်စပ်ဟာ တရုတ်နဲ့နီပေါကြား ခရီးသွားတွေ အဓိက ဖြတ်သန်းကြတဲ့နယ်စပ်ဖြတ်နေရာလည်းဖြစ်ပါတယ်။

    ဗုဒ္ဓဟူးနေ့တုန်းက တရုတ်နိုင်ငံပိုင် မီဒီယာကတော့ နှစ်ဖက်နယ်စပ်မှာ မြေပြိုမှုကြီးဖြစ်တာကြောင့် ထိခိုက်သေဆုံးသူ များတယ်လို့ နကဦး သတင်းဖော်ပြခဲ့ပါတယ်။

  9. နီပေါ-တိဗက် နယ်စပ်က ရေကြီးမြေပြိုမှု သေဆုံးသူ ၁၆၂ ဦးအထိ တိုးလာ

    သြဂုတ် ၂၇ ရက် မနက်ပိုင်း၊ နီပေါစစ်တပ်က ကယ်ဆယ်ရေးလုပ်နေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, သြဂုတ် ၂၇ ရက် မနက်ပိုင်း၊ နီပေါစစ်တပ်က ကယ်ဆယ်ရေးလုပ်နေတဲ့မြင်ကွင်း

    မနေ့မနက်ပိုင်းကဖြစ်ခဲ့တဲ့ နီပေါနဲ့ တိဗက် နယ်စပ်က ရုတ်တရက်ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၁၆၂ ဦးအထိရှိလာပြီလို့ နီပေါရဲတပ်ဖွဲ့က ဒီနေ့မနက်ပိုင်းမှာထုတ်ပြန်လာပါတယ်။

    ဗုဗ်တာကိုရှီ (Bhotekoshi) မြစ်အောက်ပိုင်းမှာရှိတဲ့ ချစ်ဝမ် (Chitwan) ခရိုင်မှာ ရုပ်အလောင်း ၆၄ လောင်းတွေ့ခဲ့ရပြီး နာဝါလ်ပါရာစီ (Nawalparasi) ခရိုင်အရှေ့ပိုင်းမှာတော့ ၂၆ လောင်း ရှာတွေ့ ခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    ဒါအပြင် ရဲတပ်ဖွဲ့ဝင် ၂၈ ဦးလည်း ပျောက်ဆုံးနေကြောင်း ထည့်ပြောပါတယ်။

    မနေ့ကဖြစ်စဉ်ကြောင့် အနည်းဆုံးလူဦးရေ ၄၀၃ ဦးပျောက်ဆုံးနေပြီး နိုင်ငံခြားသား ၃၄၁ ဦးပါဝင်ကာ ပျောက်ဆုံးသူ အများစုက အိန္ဒိယနိုင်ငံသားတွေလို့ သိရပါတယ်။

    ရေလုံးကြီးနဲ့ ရွှံ့လုံးကြီး အဆောက်အဦတွေကို ရိုက်ခတ်သွားတဲ့အထိ ပြင်းထန်တဲ့ ဒီဖြစ်စဉ်ဟာ ငလျင်လှုပ်ခတ်မှုကြောင့်ဖြစ်တာလို့ နီပေါအာဏာပိုင်တွေကအစောပိုင်းမှာပြောခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ မြေပြိုမှုကနေ စဖြစ်တာလို့ ထပ်အတည်ပြောခဲ့ပါတယ်။

    ရေကြီးမြေပြိုဖြစ်ခဲ့တဲ့ဒေသကို ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းတန်ချိန် ၈ တန်ခဲ့ ပေးပို့ထားပြီး အဲဒီမှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယနဲ့ ဥရောပသမဂ္ဂတို့ရဲ့ အကူအညီတွေလည်း ပါဝင်ပါတယ်။

  10. မင်္ဂလာပါ။ ဩဂုတ် ၂၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။