ဖိလစ်ပိုင်မှာ နောက်ဆက်တွဲငလျင်ငယ် ရာနဲ့ချီ ဆက်လှုပ်ခတ်, လူသေဆုံးသူ အရေအတွက်မြင့်လာနိုင်
ဖိလစ်ပိုင်နိုင်ငံမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျု ငလျင်ရဲ့နောက်ဆက်တွဲ ငလျင်ငယ်ရာချီ ဆက်လှုပ်နေပြီး သေဆုံးသူအရေအတွက် ဆက်တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မနေ့က မနက်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၃၇ ဦး အထိမြင့်တက်လာပြီး ဒဏ်ရာရသူ ၅၀၀ နီးပါးအထိရှိတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ငလျင်လှုပ်ခတ်အပြီးမှာ အဆောက်အဦတွေ ပြိုကျကုန်တာအပြင် လမ်းတွေကလည်း အက်ကွဲတာ ဒါမှမဟုတ် မြေပြိုတဲ့အထဲ ပါတာတွေ ဖြစ်ခဲ့ပါတယ်။
“သေဆုံးတဲ့သူ အရေအတွက် တိုးမလာဖို့ မျှော်လင့်ပေမဲ့ တရိပ်ရိပ်တက်လာပါတယ်။ ဒီနေ့ကတော့ ရှာဖွေကယ်ဆယ်ရေးအပိုင်းကို ဦးစားပေးသွားမယ်” လို့ ဘေးအန္တရာယ်တုံ့ပြန်မှုကြီးကြပ်ရေးအေဂျင်စီရဲ့ ဒုအတွင်းရေးမှူး ဘာနာဒို အလာဟန်ဒရိုက DZMM ရေဒီယိုကို ပြောပါတယ်။
ငလျင်ကြောင့် အိမ်ပေါင်း ၂,၀၀၀ ဝန်းကျင်နဲ့ အစိုးရကျောင်းပေါင်း ၆,၀၀၀ ပျက်စီးတယ်လို့ သူက ဆက်ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာ့အပြင်းထန်ဆုံးငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုအများစုဖြစ်ပေါ်တဲ့ Pacific ring of fire လို့ခေါ်တဲ့ ပစိဖိသမုဒ္ဒရာကို ဝန်းရံထားတဲ့ မြင်းခွာပုံနယ်မြေထဲမှာ ရှိနေတာပါ။
ဒါကြောင့် ငလျင်နဲ့ မီးတောင်ပေါက်ကွဲတာတွေကို မကြာခဏကြုံနေရပါတယ်။