တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားက နေပြည်တော်ကို တိုက်တွန်း

မြန်မာ့အရေး ဖြေရှင်းနိုင်ရေးအတွက် အာဆီယံရဲ့ဘုံသဘောတူညီ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုကပြောတဲ့သတင်းအပါအဝင် ဇွန် ၉ ရက် နိုင်ငံတကာနဲ့ ပြည်တွင်းထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ မနေ့က နေပြည်တော်လာရောက်ခဲ့တဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်သမ္မတကို အလေးအနက်တိုက်တွန်း
  • ရှီနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကတိကဝတ်ပြု
  • ဒီမနက် စစ်တပ်က မင်းတပ်မြို့နယ် အရှေ့ခြမ်းကို လေကြောင်းကနေ ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်
  • ကချင်ပြည်နယ်၊ ရွှေကူမြို့ကို ဦးတည်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ကေအိုင်အေတို့ ငါးအိုး-ရွှေကူလမ်းမှာ တိုက်ပွဲပြင်းထန်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရွှေကူမြို့ကို ဦးတည်လာတဲ့ စစ်တပ်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်

    ကတုတ်ကျင်းနားမှာမတ်တပ်ရပ်ပြီး မှန်ဘီလူးနဲ့ တောင်တန်းတွေဘက်ကို ကြည့်နေတဲ့ KIA တပ်သားတစ်ဦးနဲ့ ‌ေဘးမှာရပ်နေတဲ့ တပ်သားတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လိုင်ဇာအနီးက တပ်စခန်းတစ်ခုမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင် ၂ ဦး (ပုံဟောင်း)

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်ထဲက ငါးအိုးရွာကနေ ကချင်ပြည်နယ်၊ ရွှေကူမြို့ကို ဦးတည်လာတဲ့ စစ် ကြောင်းနဲ့ ငါးအိုး-ရွှေကူလမ်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ကချင်လွတ်လပ် ရေးတပ်(ကေအိုင်အေ) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး‌ နော်ဘူက ဘီဘီစီကို ပြောပါတယ်။

    ကေအိုင်အေ အမှတ် ၁၁ တပ်မဟာ လှုပ်ရှားနယ်မြေဖြစ်တဲ့ ရွှေကူမြို့နယ်ထဲက ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးကို မနေ့တုန်းကစပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်တယ်ဆိုတဲ့ထုတ်ပြန်ချက်ကိုလည်း ကေအိုင်အေဘက်က ထုတ်ထားပါတယ်။

    ဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူက” စစ်တပ်က ရွှေကူမြို့ပေါ် နေရာအတော်များများကို တပ်ဖြန့်ထားတယ်” လို့ ပြောပြီး မြို့ပေါ် တိုက်ပွဲဖြစ်နိုင်ခြေကိုလည်း သူက သုံးသပ်ပါတယ်။

    ကေအိုင်အေကတော့ တိုက်ပွဲဖြစ်နိုင်ခြေကြောင့် ရွှေကူမြို့ကနေ အရပ်သားတွေ တိမ်းရှောင်ကြဖို့ က မနေ့ကတည်းက စာထုတ် သတိပေးပါတယ်။

    ဒါပေမဲ့ ရွှေကူမှာ မြို့ခံတွေအပြင် ဗန်းမော်၊ မိုးမောက်၊ မံစီ စတဲ့ဒေသတွေက စစ်ရှောင်မိသားစုတွေ လာရောက်နေထိုင်နေကြတာကြောင့် ဒီလူတွေဟာ နှစ်ထပ်ကွမ်းစစ်ရှောင်ဖြစ်ရမယ့်အခြေအနေကို ရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။

    ကချင်ထဲက မြို့ပေါ်တိုက်ပွဲတွေအကြား စစ်ရှောင်အရပ်သားတွေကို ပြောင်းရွှေ့ပေးရတဲ့ အတွေ့ အကြုံရှိတဲ့ ပရဟိတအသင်းတစ်သင်းကတော့ အရေးကြီးစာရွက်စာတမ်းတွေ၊ တန်ဖိုးကြီးပစ္စည်းတွေကို အရေးပေါ်အိတ်နဲ့ ပြင်ဆင်ထားကြဖို့ သတိပေးနှိုးဆော်ပါတယ်။

    စစ်ကိုင်းထဲက တကောင်းမြို့နဲ့ ထီးချိုင့်မြို့ကို သိမ်းလာတဲ့ စစ်တပ်ဟာ အင်အား ၁,၀၀၀ ဝန်းကျင်နဲ့ ငါးအိုး-ရွှေကူလမ်းမကြီးအတိုင်း ရွှေကူမြို့ကို မေလကုန်ပိုင်းကစလို့ တက်လာတာဖြစ်ပြီး ကေအိုင်အေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။

    ဇွန်လထဲမှာတော့ ရှေ့‌ရောက်လာတဲ့စစ်ကြောင်းအခြေအနေကြောင့် မြို့ပေါ်က အရပ်သားတွေ ကြိုတင်တိမ်းရှောင်ဖို့ ကေအိုင်အေက သတိပေးလာတာဖြစ်ပါတယ်။

  2. ရှီကျင့်ဖျင်ကို မြောက်ကိုရီးယား ဘယ်လိုကြိုဆို

    ၂၀၁၉ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားကို ပထမဆုံးခရီးထွက်လာတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မြောက်ကိုရီးယားဘက်က နိုင်ငံတော်အဆင့် ခမ်းခမ်းနားနားကြိုဆိုပါတယ်။

    ပြုံယမ်းမြို့ကိုရောက်တဲ့ သမ္မတ ရှီကို ကြိုဆိုတဲ့အခမ်းအနားမှာ အလံတိုင်ငယ်တွေကို တလူလူလွှင့်ကိုင်တဲ့ကလေးတွေအစ၊ ရောင်စုံဘောလုံးတွေအလယ်၊ ကော်ဇောနီရှည်ကြီးအဆုံး ပါဝင်ပါတယ်။

    တနင်္လာနေ့က ပြုံယမ်းကို ရှီရောက်ချိန် မြောက်ကိုရီးယားဘက်က ကြိုဆိုခဲ့ပုံကို ရုပ်သံမှာ ဆက်ကြည့်ရှုနိုင်ပါတယ်။

    ဗီဒီယို ပုံစာ, ရှီကျင့်ဖျင်ကို မြောက်ကိုရီးယားက ခမ်းခမ်းနားနားကြိုဆို
  3. ချင်းကာကွယ်ရေးတပ်တွေ အပြင်းအထန်ကာကွယ်နေတဲ့မင်းတပ်ကို စစ်တပ်က ဒီမနက် လေကြောင်းဗုံးကြဲ

    ကောင်းကင်နောက်ခံနဲ့ တိုက်လေယာဥ်တစ်စင်းပုံ

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို လေကြောင်းဗုံးလာကြဲတဲ့ စစ်တပ်ရဲ့တိုက်လေယာဥ်တစ်စင်း

    စစ်တပ်ဟာ ချင်းပြည်နယ်တောင်ပိုင်းကို မြေပြင် အင်အားအလုံးအရင်းနဲ့တက်လာချိန်မှာပဲ မင်းတပ်မြို့နယ် အရှေ့ခြမ်းကို လေကြောင်းကနေ ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

    ချင်းကာကွယ်ရေးတပ်တွေအပြောအရ စစ်တပ်ဟာ ချင်းတောင်ပိုင်း စိုးမိုးရေး အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်းထိုးနေချိန်မှာပဲ အခုလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    မြေပြင်အခြေအနေသိရှိသူကတော့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းဟာ ဒီမနက် ၉ နာရီဝန်းကျင်ကစကာ နာရီဝက်အတွင်း ဗုံး ၈ လုံးကြဲချတိုက်ခိုက်တာလို့ သူက ပြောပါတယ်။

    စစ်တပ်ဟာ ချင်းတောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို တပ်သားအင်အား ၂,၀၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်နေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) က ဇွန် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

    ဒီနေ့မှာတော့ စစ်တပ်စစ်ကြောင်းနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ မင်းတပ်မြို့နယ်ထဲမှာ တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။

    စစ်တပ်ဟာ ချင်းမြောက်ပိုင်းက ဖလမ်းနဲ့ တွန်းဇံကို သိမ်းပြီးတဲ့နောက် ပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ပြီလို့ ကြေညာပါတယ်။ အဲဒီနောက်မှာ ပြည်နယ်တောင်ပိုင်းကို အင်အားထောင်ချီနဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

    ချင်းတောင်ပိုင်း ၄ မြို့နယ်ဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်နဲ့ မတူပီတို့ကို ချင်းညီနောင်အဖွဲ့က သိမ်းထားပြီး ပလက်ဝမြို့နယ်ကိုတော့ အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားပါတယ်။

  4. ဆက်ဆံရေး ပိုနီးကပ်အောင်လုပ်ဖို့ ရှီနဲ့ ကင် သဘောတူ

    ဇွန်လ ၈ ရက်တုန်းက ပြုံယမ်းမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံမှု၊ အနောက်တိုင်း ဝတ်စုံဝတ်ထားတဲ့ ရှီနဲ့ ကင်တို့ ကင်မရာကိုကြည့်ပြီး လက်ဆွဲနှုတ်ဆက်နေတာ မြင်ရ၊ သူတို့ နှစ်ဦးအနောက်မှာ မြောက်ကိုရီးယားနဲ့ တရုတ်အလံ ၂ ခုစီကို တလှည့်စီ ထောင်ထားတာ မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ဇွန်လ ၈ ရက်တုန်းက ပြုံယမ်းမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံမှု

    တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားကို ပထမဆုံးသွားတဲ့ သူ့ရဲ့ ၂ ရက်ကြာ ခရီးစဉ်ကို ဒီနေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

    ပြုံယမ်းက သူ့ကို မနေ့က ခမ်းခမ်းနားနားကြိုဆိုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့လည်း ကြိုဆိုခဲ့ပါတယ်။

    အဲဒီနောက်မှာ ရှီနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကတိကဝတ် ပြုထားပါတယ်။

    ရှီဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတက ဗလာဒီမီယာ ပူတင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့အပြီးမှာ မြောက်ကိုရီးယားကို သွားခဲ့တာဖြစ်ပါတယ်။

    ရှီဟာ ရုရှားနဲ့ ပိုနီးကပ်လာပြီး ခန့်မှန်းရခက်ခဲတဲ့ သူ့ အိမ်နီးချင်း မဟာမိတ် မြောက်ကိုရီးယားကို ဗျူဟာကျကျ ဘယ်လို ဘက်ယိမ်းလာအောင် လုပ်မလဲဆိုတာကို သေချာအောင်လုပ်ဖို့ အခုခရီး စတင်ခဲ့တာလို့ ဘီဘီစီရဲ့ တရုတ်နိုင်ငံဆိုင်ရာသတင်းထောက်က ရေးပါတယ်။

  5. မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားက နေပြည်တော်ကို တိုက်တွန်း

    ဇွန် ၈ ရက် နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှု

    ဓာတ်ပုံ ရင်းမြစ်, Indonesia MFA

    ဓာတ်ပုံ ပုံစာ, ဇွန် ၈ ရက် နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှု

    နေပြည်တော်ကို တစ်ရက်တာခရီးသွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာ မြန်မာ့အရေး ဖြေရှင်းနိုင်ရေးအတွက် အာဆီယံရဲ့ဘုံသဘောတူညီ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ပြောခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။

    ဇွန် ၈ ရက်က အဲဒီတွေ့ဆုံမှုအတွင်း မြန်မာမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်လာရေးအတွက် အင်ဒိုနီးရှားက ထောက်ခံကြောင်းလည်းပြောခဲ့တယ်လို့ဆိုပါတယ်။

    အင်ဒိုနီးရှားအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မြန်မာကိုယ်တိုင် ဦးဆောင်တဲ့ လုပ်ငန်းစဉ်ဖြစ်သင့်ကြောင်းပြောကြားခဲ့ပြီး သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

    အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလက အာဆီယံခေါင်းဆောင်တွေနဲ့ အဲဒီအချိန်က စစ်ခေါင်းဆောင်တို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

    အကြမ်းဖက်မှု ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး အပါအဝင် အဓိကအချက်အများစုမှာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူးလို့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ထားပါတယ်။

    အင်ဒိုနီးရှားအနေနဲ့ မြန်မာမှာ လက်ရှိကြုံတွေ့နေရတဲ့အခြေအနေကို နားလည်ပြီး ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်လာဖို့ နေပြည်တော်အစိုးရက လုပ်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်ပြောကြားတယ်လို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြပါတယ်။

    မြန်မာက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို တတ်နိုင်သမျှဆောင်ရွက်နေတဲ့ အခြေအနေကို ‌ဆွေးနွေးတယ်လို့ ပြောပေမဲ့ နှစ်ဖက်ဆွေးနွေးမှု အသေးစိတ်ကိုတော့ မဖော်ပြထားပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံတွေ ဆက်လက်ထိတွေ့ဆက်ဆံနေတဲ့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့လတွေအတွင်း ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။

  6. မင်္ဂလာပါ။ ဘီဘီစီမြန်မာပိုင်းရဲ့ ဇွန် ၉ ရက်နောက်ဆုံးရ ကမ္ဘာနဲ့ မြန်မာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပြီဖြစ်ပါတယ်။