စစ်ကိုင်းတိုင်း၊
ယင်းမာပင်ခရိုင်၊ တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ သေနတ်နဲ့
ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို
ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က
ပြောပါတယ်။
ယင်းမာပင်မြို့နယ်
တော်လှန်ရေးတပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက စစ်ဆေးမှုကို အမှတ် ၁
စစ်ဒေသမှာပြုလုပ်မယ်လို့ သိထားရကြောင်းပြောပြီး PDF စစ်ရုံးချုပ်နဲ့ နီးစပ်သူတစ်ဦးကတော့
စစ်ကိုင်းတိုင်းစစ်ဌာနမှာ စစ်ဆေးမယ်လို့ သိရှိရကြောင်း ပြောဆိုကြပါတယ်။
ယင်းမာပင်မြို့နယ်
တော်လှန်ရေးတပ်ဖွဲ့ ဦးဆောင်သူရဲ့ပြောကြားချက်အရ လက်ရှိမှာ
ဗိုလ်စွမ်းသူမောင်အပါအဝင် အဖွဲ့ဝင်တချို့ကို လက်နက်ဖြုတ်သိမ်းထားပြီး တာဝန်ကနေ
ယာယီရပ်နားထားတယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်းစစ်ဌာနရင်းမြစ်ရဲ့အပြောအရ စစ်ရုံးအမိန့်အရ ယင်းမာပင်ခရိုင် စစ်ဌာန ကွပ်ကဲရေးမှူး စွမ်းသူမောင် အပါ ၇
ဦးကို ရာထူးချ တာဝန်ရပ်ဆိုင်းထားပြီး ဇူလိုင် ၁ ရက် အရောက် စစ်ကိုင်းတိုင်းစစ်ဌာနမှာ စစ်ဆေးခံရမယ်လို့ဆိုပါတယ်။
ယင်းမာပင်ခရိုင်
ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တာဝန်ရှိသူကတော့ ဗိုလ်စွမ်းသူမောင်ရဲ့
အမှုအခြေအနေအသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက
ထုတ်ပြန်သွားမှာဖြစ်ပြီး သူတို့အနေနဲ့ လတ်တလော ဖြေကြားပေးနိုင်ခြင်း
မရှိသေးဘူးလို့ ဆိုပါတယ်။
ဗိုလ်စွမ်းသူမောင်ကို ဖမ်းဆီးထိန်းသိမ်းပြီးစစ်ဆေးနေတယ်ဆိုတာနဲ့ ပတ်သက်လို့
သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို
ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ဇွန် ၂၆
ရက်က ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ဦးဆောင်ပြုလုပ်တဲ့
အစည်းအဝေးတစ်ခုအတွင်း တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ကို ဗိုလ်စွမ်းသူမောင်ရဲ့တပည့်ဖြစ်သူ ငဖြိုးဆိုသူက သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့ညပိုင်းမှာပဲ
ပစ်ခတ်သူကို ဖမ်းဆီးလိုက်ပြီး ငဖြိုးဆိုသူကို လက်နက်ဖြုတ်သိမ်းပြီး
ယင်းမာပင်ခရိုင်စစ်ဌာန လက်အောက်ရှိ အချုပ်ထောင်မှာ ထိန်းသိမ်းထားတယ်လို့
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက
ထုတ်ပြန်ခဲ့ပါတယ်။
တပ်ရင်း ၆ တပ်ရင်းမှူး
သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့
တရားမျှတမှု ရရှိရေးနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး သမာသမတ်ကျကျ
ကိုင်တွယ်ဖြေရှင်းပေးဖို့ ခရိုင်တပ်ရင်းတွေက
တောက်လျှောက်တောင်းဆိုမှုတွေလည်းရှိနေပါတယ်။
တချိန်တည်းမှာပဲ
ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်အခြေချတဲ့ စခန်းနေရာကို ဇွန် ၂၈
ရက် ညပိုင်းက စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ
တာဝန်ရှိသူက ပြောပါတယ်။
သူ့အပြောအရ
ယင်းမာပင်ခရိုင်ကွပ်ကဲရေးတပ်ဖွဲ့ဝင်တချို့က ကနီမြို့နယ်၊ ချောင်းမကြီးကျေးရွာဘက်ကို
သွားရောက်ချိန်မှာ ဖမ်းဆီးခံလိုက်ရပြီးနောက် လေကြောင်းဗုံးကြဲခံရတာလို့ဆိုပါတယ်။
ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးစခန်းဝန်းကျင်အနီး လေကြောင်းဗုံးကြဲခံရတယ်ဆိုတဲ့
ဖြစ်စဥ်အသေးစိတ်နဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။