တိုက်ရိုက်ထုတ်လွှင့်မှု, ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက် - မက္ကဆီကို၊ နော်ဝေ၊ ပြင်သစ်၊ မော်ရိုကိုတို့ နောက်တစ်ဆင့်တက်

ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ခရိုင်နဲ့ တိုင်းအဆင့် စစ်ရုံးတွေကနေ စစ်ဆေးနေတဲ့ သတင်းအပါအဝင် ဇူလိုင် ၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကရင်နီမှာ သွေးလွန်တုပ်ကွေးအပြင် ငှက်ဖျားရောဂါပါ အဖြစ်များနေ
  • ကမ္ဘာ့ဖလားကန်နေတဲ့ မက္ကဆီကိုမှာ ကမ်းလွန်ကို ဗဟိုပြုပြီး ပြင်းအား ၆ မဂ္ဂနီကျုရှိတဲ့ငလျင်လှုပ်
  • မုံရွာ ပလဖစခန်းတွေ စီးနင်းခံရတဲ့ဖြစ်စဉ်ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာမဟုတ်ဘူးလို့ တပ်ရင်းတပ်ဖွဲ့ဝင်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက် - မော်ရိုကို၊ နော်ဝေ၊ ပြင်သစ်နဲ့ မက္ကဆီကိုတို့ နောက်တစ်ဆင့်တက်

    ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ရှုံးထွက်ပွဲတွေကို မနေ့ညပိုင်းနဲ့ ဒီနေ့ မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ မော်ရိုကို၊ နော်ဝေ၊ ပြင်သစ်နဲ့ မက္ကဆီကိုအသင်းတွေ နောက်တစ်ဆင့် ၁၆ သင်းအဆင့်ကို တက်သွားကြပြီဖြစ်ပါတယ်။

    အခုတစ်ခေါက် ကမ္ဘာ့ဖလားဟာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံမှာ ပူးတွဲကျင်းပတာဖြစ်လို့ အခုပွဲစဉ် ၄ ပွဲမှာ ၂ ပွဲက အမေရိကန်ကွင်း၊ ၂ ပွဲက မက္ကဆီကို ကွင်းတွေမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။

    နယ်သာလန် ၁ - ၁ မော်ရိုကို

    ပယ်နယ်တီမှာအဆုံးအဖြတ်ပေးသွားတဲ့ နယ်သာလန်နဲ့ မော်ရိုကိုတို့ပွဲမှာ မော်ရိုကို ကစားသမား Issa Diop ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပယ်နယ်တီမှာအဆုံးအဖြတ်ပေးသွားတဲ့ နယ်သာလန်နဲ့ မော်ရိုကိုတို့ပွဲမှာ မော်ရိုကို ကစားသမား Issa Diop ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုရ

    မက္ကဆီကိုနိုင်ငံက မွန်တာရေးကွင်းမှာ ကစားခဲ့တဲ့ နယ်သာလန်နဲ့ မော်ရိုကိုတို့ပွဲဟာ ပွဲကစားချိန် မိနစ် ၉၀ မှာ ၁ ဂိုးသရေနဲ့ပြီးခဲ့တာဖြစ်ပေမဲ့ မော်ရိုကိုက ပယ်နတီမှာ ၃ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ၁၆ သင်းအဆင့်ကို တက်သွားတာဖြစ်ပါတယ်။

    မော်ရိုကိုဟာ ဇူလိုင် ၄ ရက်မှာ ဟူစတန်ကွင်းမှာ ကနေဒါအသင်းနဲ့ ကစားရဖို့ ရှိပါတယ်။

    အိုင်ဗရီကို့စ် ၁ - ၂ နော်ဝေ

    အိုင်ဗရီကို့စ်နဲ့ နော်ဝေပွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အမေရိကန်ပြည်ထောင်စု၊ ဒါးလက်စ်ကွင်းမှာ ကစားတဲ့ အိုင်ဗရီကို့စ်နဲ့ နော်ဝေတို့ပွဲမှာ နော်ဝေက အိုင်ဗရီကို့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပါတယ်။

    ဒီပွဲကစားချိန်ပြီးခါနီးမှ နော်ဝေအတွက် ၁ ဂိုးထပ်သွင်းခဲ့တဲ့ အာလင်း ဟာလန်းရဲ့ သွင်းဂိုးကလည်း နော်ဝေကို ဂိုးအသာနဲ့ ၁၆ သင်းအဆင့်တက်ဖို့ ဖန်တီးပေးခဲ့ပါတယ်။

    နော်ဝေဟာ ၁၆ သင်းအဆင့်မှာ ဘရာဇီးနဲ့ ရင်ဆိုင်ကစားရဖို့ရှိပါတယ်။

    ပြင်သစ် ၃ - ၀ ဆွီဒင်

    ပြင်သစ်နဲ့ ဆွီဒင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ် နယူးဂျာစီ ကွင်းမှာ ကစားတဲ့ ပြင်သစ်နဲ့ ဆွီဒင်တို့ ၃၂ သင်းရှုံးထွက် အဆင့်ကစားခဲ့ရာမှာ ပြင်သစ်က ၃ ဂိုးပြတ်နဲ့နိုင်သွားပါတယ်။

    ဒီပွဲမှာလည်း အမ်ဘတ်ပေးက ပထမပိုင်းမှာရော၊ ဒုတိယပိုင်းမှာပါ ပြင်သစ်အတွက် ၁ ဂိုးစီ သွင်းယူပေးခဲ့တာကလည်း ဆွီဒင်ကို ဂိုးပြတ်နိုင်ဖို့ အကြောင်းဖန်ခဲ့တာပါ။

    မက္ကဆီကို ၂ - ၀ အီကွေဒါ

    အီကွေဒေါနဲ့ ယှဉ်ပြိုင်အပြီး အောင်ပွဲခံနေတဲ့ မက္ကဆီကို ကစားသမား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် မက္ကဆီကိုကလည်း ၃၂ အသင်း ရှုံးထွက်အဆင့်ကို မြို့တော် မက္ကဆီကို စီးတီး အိမ်ကွင်းမှာ ကစားခဲ့ပြီး အီကွေဒေါအသင်းကို ၂ ဂိုးပြတ်နဲ့နိုင်ပါတယ်။

    မက္ကဆီကိုဟာ ၃၂ သင်းရှုံးထွက်ကို ဂိုးပြတ်နဲ့နိုင်ခဲ့ပြီမို့ မြန်မာစံတော်ချိန် ဒီနေ့ညပိုင်းမှာကစားဖို့ရှိတဲ့ အင်္ဂလန်နဲ့ ဒီအာ ကွန်ဂိုတို့ပွဲကနေ အနိုင်ရလာမယ့်တစ်သင်းနဲ့ ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

  2. နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် ပြန်လွတ်ပြီ

    ကိုတင်ထွဋ်ပိုင် အရင်ထောင်ကျချိန်က မိခင်နဲ့ညီမဖြစ်သူတို့ သွားကြိုခဲ့တဲ့မြင်ကွင်း/ ပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကိုတင်ထွဋ်ပိုင် အရင်ထောင်ကျချိန်က မိခင်နဲ့ညီမဖြစ်သူတို့ သွားကြိုခဲ့တဲ့မြင်ကွင်း/ ပုံဟောင်း

    ၂၀၂၁ အာဏာသိမ်းစတုန်းက သားကို မတွေ့လို့ မိခင်ဖြစ်သူ အဖမ်းခံခဲ့ရတဲ့ဖြစ်စဉ်က သားဖြစ်သူ ကိုတင်ထွဋ်ပိုင် ဒီနေ့ မနက်ပိုင်းမှာ ဒိုက်ဦးထောင်ကနေ ပြန်လွတ်လာပြီလို့ မိသားစုနဲ့နီးစပ်သူဆီကနေ သိရပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းကာလ စစ်တပ်က လူသေဆုံးတဲ့အထိ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်က ဆန္ဒဖော်ထုတ်ပွဲတွေမှာ ဦးဆောင်ခဲ့သူ တစ်ဦးအဖြစ်လည်း ကိုတင်ထွဋ်ပိုင်ကို သိကြပါတယ်။

    “အခုက လွတ်ရက်စေ့လို့ ပြန်လွတ်တာပါ။ ဒိုက်ဦးထောင်ကို အန်တီကြီး(အမေဖြစ်သူ) ကိုယ်တိုင် သွားကြိုပါတယ်။ အခုအမေနဲ့ ပြန်တွေ့ခွင့်ရပါပြီ” လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

    မြောက်ဥက္ကလာပမြို့နယ်က သူတို့ မိသားစုနေအိမ်ကို ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ လောက် ရောက်လာပြီး မိခင်ဖြစ်သူ ဒေါ်မိငယ်ကို ရိုက်နှက်ဖမ်းဆီးခဲ့တာကြောင့်လည်း ကိုတင်ထွဋ်ပိုင်တို့ သားအမိဖြစ်ရပ်ဟာ အာဏာသိမ်းစမှာ လူသိများခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်၊ မေလမှာ ဒေါ်မိငယ်ကို ဖမ်းဆီးခဲ့ပြီးနောက် အဲဒီနှစ် ဇူလိုင်မှာပဲ ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ကိုတင်ထွဋ်ပိုင်ကို ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်နက်တွေနဲ့ ဖမ်းမိတယ်ဆိုပြီး စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

    ကိုတင်ထွဋ်ပိုင်ကို လက်နက်အက်ဥပဒေ ပုဒ်မ ၁၉၊ ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ အက်ဥပဒေတို့နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။

    မိခင်ဖြစ်သူ ဒေါ်မိငယ်ကို ၂၀၂၁ ခုနှစ်ထဲမှာပဲ မြောက်ဥက္ကလာမြို့နယ်၊ စစ်ခုံရုံးကတစ်ဆင့် ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပြီးနောက် အဲဒီနှစ် အောက်တိုဘာလ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပါတယ်။

    ၂၀၂၁ အာဏာသိမ်းစမှာအဖမ်းခံခဲ့ရတဲ့ ဒေါ်မိငယ်ဟာ ၂၀၀၆ ခုနှစ်အတွင်း လောင်စာဆီ စျေးနှုန်းတိုးမြှင့်မှုကြောင့် ပေါ်ပေါက်လာတဲ့ ကုန်စျေးနှုန်းကျဆင်းရေး နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ထောင်ချခံခဲ့ရသူလည်းဖြစ်ပါတယ်။

    အဲဒီနောက် သားဖြစ်သူ ကိုတင်ထွဋ်ပိုင်ကလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်က လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးခဲ့ရမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရပါတယ်။

  3. ရခိုင်နဲ့ ကရင်နီမှာ သွေးလွန်တုပ်ကွေးအဖြစ်များလာတယ်လို့ ကုလပြော

    အေအေထိန်းချုပ်ရာဒေသမှာ ခြင်ဆေးလိုက်ဖြန်းပေးနေတဲ့မြင်ကွင်း / ပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO)

    ဓာတ်ပုံ ပုံစာ, အေအေထိန်းချုပ်ရာဒေသမှာ ခြင်ဆေးလိုက်ဖြန်းပေးနေတဲ့မြင်ကွင်း / ပုံဟောင်း

    အခုမိုးတွင်းရာသီမှာ ရခိုင်နဲ့ ကယား(ကရင်နီ) ပြည်နယ်တို့အတွက် ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာတာကို တွေ့နေရပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA) က မနေ့ ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

    အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်က အနည်းဆုံး ၅ မြို့နယ်မှာ လူအယောက် ၃၀ ကျော်အထိ သွေးလွန်တုပ်ကွေး ကူးစက်မှု ဖြစ်နေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကလည်း ပြီးခဲ့တဲ့ဇွန် ၁၀ ရက်မှာ ထုတ်ပြောထားပါတယ်။

    ဧပြီကနေ ဇွန်လအထိ ၂ လကျော်အတွင်း ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ စတဲ့မြို့နယ်တွေမှာ သွေးလွန်တုပ်ကွေးအဖြစ်များနေတာကြောင့် မိုးကာလမှာ ပိုသတိထားဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းခဲ့ပါတယ်။

    ကရင်နီမှာတော့ သွေးလွန်တုပ်ကွေးအပြင် ငှက်ဖျားရောဂါပါ အဖြစ်များနေတယ်လို့ UNOCHA ကလည်း ထုတ်ပြန်သလို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဆီကနေလည်း သိရပါတယ်။

    “သွေးလွန်တုပ်ကွေးကပုံမှန်ဖြစ်နေကြပေမဲ့ ငှက်ဖျားက တအားပြန်ထောင်တက်လာတယ်။ ထိုင်း - မြန်မာနယ်စပ်တလျှောက် မယ်စဲ့(မြို့)ဘက်မှာ အများဆုံးဖြစ်တာ တွေ့ရတယ်။ ငှက်ဖျားလုံးဝမရှိတော့တဲ့ ဒီးမော့ဆိုအနောက်ခြမ်း အတွင်းပိုင်းအထိပါ အခုနောက်ပိုင်း တွေ့လာတယ်။ ဒီးမော့ဆိုအရှေ့ခြမ်းမှာဆိုရင် သွေးလွန်တုပ်ကွေးလည်းဖြစ်တယ်၊ ငှက်ဖျားဆိုလည်း အရမ်းဆိုးဆိုးရွားရွား ပျံ့နေတာ တွေ့ရတယ်” လို့ IEC အတွင်းရေးမှူး ၂ ကိုဗညားက ဘီဘီစီကို ပြောပါတယ်။

    ဒါအပြင် ရောဂါစစ်ဆေးဖို့ အကန့်အသတ်ရှိနေသလို ဆေးဝါးရဖို့၊ သယ်ယူရေးအတွက်ပါ ခက်ခဲနေပြီး ဆေးမလုံလောက်တဲ့အခြေအနေဖြစ်နေပြီလို့ သူက ဆက်ပြောပြပါတယ်။

    UNOCHA ရဲ့ဇွန် ၃၀ ရက်ထုတ်စာရင်းအရ ကရင်နီအပြင် ချင်း၊ ကချင်၊ စစ်ကိုင်းနဲ့ တနင်္သာရီတို့မှာလည်း ငှက်ဖျားရောဂါအဖြစ်များလာတယ်လို့ သိရပါတယ်။

    UNOCHA ကတော့ မြန်မာနိုင်ငံအနောက်ခြမ်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါစိုးရိမ်ရတဲ့အခြေအနေကနေ လျော့ကျလာပေမဲ့ မြန်မာက ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာတော့ ဝက်သက်ဖြစ်နိုင်ခြေ စိုးရိမ်နေရဆဲအဆင့်မှာ ဆက်ရှိနေဆဲလို့ ဖော်ပြပါတယ်။

  4. ကမ္ဘာ့ဖလားကန်နေတဲ့ မက္ကဆီကိုမှာ ကမ်းလွန်ကို ဗဟိုပြုပြီး ပြင်းအား ၆ မဂ္ဂနီကျုရှိတဲ့ငလျင်လှုပ်

    USGS က မှတ်တမ်းတင်ခဲ့တဲ့ငလျင်ဗဟိုချက်

    ဓာတ်ပုံ ရင်းမြစ်, USGS

    ဓာတ်ပုံ ပုံစာ, USGS က မှတ်တမ်းတင်ခဲ့တဲ့ငလျင်ဗဟိုချက်

    မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကို စီးတီးမှာ ကမ္ဘာ့ဖလား ရှုံးထွက် ၃၂ သင်းအဆင့် ကစားပွဲတွေ ရှိနေချိန်မှာပဲ နိုင်ငံအနောက်မြောက်ပိုင်းက ဘာဂျာ ကယ်လီဖိုးနီးယားကျွန်းဆွယ် ရေပြင်ကို ဗဟိုပြုပြီး ပြင်းအား ၆ မဂ္ဂနီကျု ရှိတဲ့ငလျင် လှုပ်သွားတယ်လို့ အမေရိကန်ဘူမိလေ့လာရေး(USGS) က မှတ်တမ်းတင်ပါတယ်။

    ငလျင်ဟာ မက္ကဆီကိုပိုင်နက် ကယ်လီဖိုးနီးယား ပင်လယ်ကွေ့ရှိတဲ့ ဘာဂျာကယ်လီဖိုးနီးယားကျွန်းဆွယ်ကမ်း ရေပြင်ကို ဗဟိုပြုပြီး ဒီနေ့မနက် မြန်မာစံတော်ချိန် ၅ နာရီကျော်က လှုပ်ခတ်သွားတာဖြစ်ပါတယ်။

    ငလျင်ကြောင့် အနီးနားက ဆီနိုလိုအာပြည်နယ်မှာ နေထိုင်သူတွေ ငလျင်လှုပ်ခတ်တဲ့ဒဏ်ကို သိရှိခံစားခဲ့ကြရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

    ဒါပေမဲ့ လက်ရှိအချိန်အထိ အပျက်အစီးအခြေအနေ သတင်းမထွက်ပေါ်လာသေးသလို ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    လက်ရှိအချိန်မှာတော့ ဒီငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ၁၃၀၀ နီးပါးအကွာမှာတော့ ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက် ပွဲစဉ်တစ်ပွဲအနေနဲ့ မက္ကဆီကိုနဲ့ အီကွေဒေါအသင်းတို ယှဉ်ပြိုင်ကစားနေပါတယ်။

  5. ယင်းမာပင်နဲ့ မုံရွာဖြစ်စဉ်တွေကို PDF စစ်ဌာနက စစ်ဆေးနေ

    PDF တပ်ဖွဲ့ဝင်တွေ စစ်ရေးပြမြင်ကွင်း / ပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, NUG MOD

    ဓာတ်ပုံ ပုံစာ, PDF တပ်ဖွဲ့ဝင်တွေ စစ်ရေးပြမြင်ကွင်း / ပုံဟောင်း

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ကို စီးနင်းတိုက်ခိုက်တဲ့ဖြစ်စဉ်နဲ့ ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းမှူး ကိုပုလဲမောင် ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ခရိုင်အဆင့်နဲ့ တိုင်းအဆင့် စစ်ရုံးတွေကနေ စစ်ဆေးနေပြီလို့ စစ်ကိုင်း PDF အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

    ကိုအာကူးခေါင်းဆောင်တဲ့ မုံရွာပလဖအဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ မုံရွာ PDF တပ်ရင်းတွေကို ခရိုင်စစ်ရုံးကနေ စစ်ဆေးနေပြီလို့ တပ်ရင်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

    “တရားရေးအရအရေးယူဆောင်ရွက်ခဲ့ရင် ကျွန်တော်တို့ဖော်ထုတ်ခဲ့တဲ့ ပြစ်မှုတွေလည်း မရှိလာနိုင်သလို နစ်နာသူပြည်သူတွေလည်း ရှိမလာနိုင်ပါဘူး။ လက်ရှိ ခရိုင်စစ်ရုံးမှာ စစ်ဆေးခံနေပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို အစီရင်ခံနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။

    မုံရွာ ပလဖစခန်းနဲ့ တိုက်နယ် ၄ ပလဖ စခန်းအပါအဝင် နေရာ ၃ နေရာကို ဇွန် ၂၉ ရက်မှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦးနဲ့ ပလဖအဖွဲ့ဝင် ၃ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

    ဒီဖြစ်စဉ်ဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာမဟုတ်ဘူးလို့ တပ်ရင်းတပ်ဖွဲ့ဝင်ဆီကနေ သိရပါတယ်။

    “ကာကွယ်ရေးတပ်တွေ စီးနင်းပြီးဖြေရှင်းရေးလုပ်တာ သူ့သဘောသူဆောင်လုပ်တာ။ မုံရွာ ပလဖ ဖြစ်စဥ်က သူ့သဘောသူဆောင်လုပ်တာ။ ကိုယ့် အချင်းချင်း စီးနင်းဖို့ ဘယ်လိုမူဝါဒမှမရှိသလို ဘယ်လိုအမိန့်ပေးမှုမျိုးမှလည်း ရှိနေမယ် မထင်ဘူး။ အခုချိန်မှာ Code of Conduct လို့ပြောတဲ့ လက်နက်ကိုင် ကျင့်ဝတ် စည်းမျဥ်း စည်းကမ်း သိပ်အရေးကြီးတယ်” လို့ စစ်ရုံးချုပ်နဲ့ နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။

    ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းမှူး ကိုပုလဲမောင်ဖြစ်စဉ်မှာတော့ ကျူးလွန်သူ ကိုငဖြိုးကို ဗဟိုစစ်အချုပ်ထောင်မှာ ပြောင်းရွှေ့ထိန်းသိမ်းထားပြီလို့ PDF စစ်ရုံးချုပ်က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါအပြင် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး အပါအဝင် ယင်းမာပင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို တာဝန်ကနေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။

    ယင်းမာပင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို စစ်ကိုင်းတိုင်း စစ်ဌာန ဌာနချုပ်ဆီ တိုင်းစစ်ဌာနရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ခေါ်ဆောင်ခဲ့ပြီး လက်နက်ဖြုတ်သိမ်းထားပြီလို့ ဖော်ပြပါတယ်။ စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း ယင်းမာပင်ခရိုင်စစ်ဌာန ကွပ်ကဲမှု‌အောက်က တပ်ရင်း၊ တပ်ဖွဲ့တွေ ကွပ်ကဲမှုကို စစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကွပ်ကဲသွားမှာပါ။

  6. မင်္ဂလာပါ။ ဇူလိုင် ၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။