တိုက်ရိုက်ထုတ်လွှင့်မှု, ရခိုင်ဝန်ကြီးချုပ် ဦးညီပုသမီး မမိုးဆန်းစုကြည် ထောင် ၅ နှစ်ထပ်ချခံရ

လွတ်ရက်စေ့ပေမဲ့ ပြန်မလွတ်လာသေးတဲ့ NLD လူငယ် မမိုးဆန်းစုကြည်ကို ကမာရွတ်တရားရုံးက ထောင်ဒဏ် ၅ နှစ်ထပ်ချလိုက်တဲ့သတင်းအပါအဝင် ဇူလိုင် ၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ထောင်ဒဏ်ကျခံနေရတဲ့ NLD လူငယ် မမိုးဆန်းစုကြည်ဟာ NUG ကို ဆက်သွယ်အားပေးတယ်လို့ဆိုပြီး အကြမ်းဖက်ပုဒ်မနဲ့ ထောင် ၅ နှစ် ထပ်မံချမှတ်ခံလိုက်ရပါတယ်
  • အမေရိကန်ပြည်ထောင်စု၊ ဆီယက်တယ်ကွင်းမှာ ဘယ်လ်ဂျီယံနဲ့ကစားတဲ့ပွဲမှာ အမေရိကန်ဟာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားကနေ နုတ်ဆက်ရတဲ့ အခုနှစ်ရဲ့နောက်ဆုံး ပူးတွဲအိမ်ရှင်ဖြစ်လာပါတယ်
  • ရုရှားလေကြောင်းတိုက်ခိုက်ခံရမှု တိုးလာလို့ တူရကီမှာလုပ်မယ့် နေတိုးအစည်းအဝေးပွဲမှာ လေကြောင်းရန်ကာကွယ်ရေးအကူအညီတောင်းမယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပူးတွဲအိမ်ရှင်အသင်းတွေ နှုတ်ဆက်သွားရပြီဖြစ်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား

    ကနေဒါ အမေရိကန်နဲ့ မက္ကဆီကို ကစားသမားတွေကို အစိမ်းရောင် အနီရောင်နဲ့ ဘယ်ကနေညာအထိ ပေါင်းစပ်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်

    ၂၀၂၆ ကမ္ဘာ့ဖလားဟာ ၃ နိုင်ငံပူးတွဲပြီး ထူးထူးခြားခြား ကျင်းပတာဖြစ်ပေမဲ့ ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့ဟာ ၁၆ သင်း ရှုံးထွက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြလို့ ပြိုင်ပွဲကနေ နုတ်ထွက်သွားရတာဖြစ်ပါတယ်။

    ကနေဒါနဲ့ မက္ကဆီကိုအသင်းတို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပြိုင်ပွဲကနေ နုတ်ဆက်ထွက်ခွာသွားရတာဖြစ်ပေမဲ့ အမေရိကန်ကတော့ မနေ့ညက ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင် ကစားတဲ့ပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

    ပြိုင်ပွဲမတိုင်ခင်တုန်းကတော့ အရင်တစ်ပတ် ဘော့စနီးယားနဲ့ပွဲမှာ အနီကတ်အပြခံရတဲ့ အမေရိကန်တိုက်စစ်မှူးရဲ့ပြစ်ဒဏ်ကို ဆိုင်းငံ့ဖို့ ထရမ့်က ဖီဖာဥက္ကဋ္ဌကို ဖုန်းဆက်ပြောခဲ့တာကြောင့် ဝေဖန်သံတွေ ညံခဲ့ပါတယ်။

    ဒါကြောင့်ပဲ အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလဂန်ဟာ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ထားဖို့ ဖီဖာက ဆုံးဖြတ်ခဲ့လို့ မနေ့ညက ဘယ်လ်ဂျီယံနဲ့ပွဲမှာ ဝင်ပြိုင်ခွင့်ရပါတယ်။

    ဒါပေမဲ့ အခုတစ်ခေါက် ကမ္ဘာ့ဖလားမှာ အမေရိကန်အတွက် ၃ ဂိုးနဲ့ အများဆုံးသွင်းထားတဲ့တိုက်စစ်မှူးဟာ ဘယ်လ်ဂျီယံနဲ့ ကစားတဲ့ရှုံးထွက်ပွဲမှာတော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

    အမေရိကန်အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ မလိဒ် တေးလ်မန်းက ပထမပိုင်း ပွဲကစားချိန် ၃၁ မိနစ်မှာ သွင်းယူခဲ့ပေမဲ့ ဘယ်လ်ဂျီယံက မိနစ်ပိုင်းမှာ ချေပဂိုး အသွင်းခံရပြီး ပွဲပြီးချိန်အထိ ဂိုးထပ် မသွင်းနိုင်ခဲ့တာကြောင့် ဘယ်လ်ဂျီယံကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တာဖြစ်ပါတယ်။

    တဖက်မှာလည်း ဘယ်လ်ဂျီယံဟာ အမေရိကန်ကို နိုင်ပြီး ကွာတားဖိုင်နယ် တက်ပြီဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်တဲ့ ၄ ကြိမ်မှာ ၃ ကြိမ်အထိ ကွာတားဖိုင်နယ် ရောက်လာတာဖြစ်ပါတယ်။

  2. လွတ်လပ်ရေး၊ စစ်တပ်နဲ့ ဒီမိုကရေစီကို မွေးဖွားပေးခဲ့တဲ့ကျောင်းသားသပိတ်များ

    ကျောင်းသားသပိတ်ခေတ်အဆက်ဆက်ကို ပြသတဲ့သရုပ်ဖော်ပေါင်းစပ်ပုံ

    ၁၉၃၆ ဒုတိယ တက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်ပွားတာနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတည်ထောင်ခဲ့တာ နှစ် ၉၀ ပြည့်ခဲ့ပါပြီ။ ကိုလိုနီခေတ် ကျောင်းသားသပိတ်ကြီး သုံးခုကို မြန်မာပြည်မှာ အမှတ်တရ မရှိလှကြတော့ပေမယ့် ဒီသပိတ်တွေရဲ့ အကျိုးဆက်က ခုထိ တွေ့နေရပါတယ်။

    တည်ထောင်စ ရန်ကုန်တက္ကသိုလ်ကို မှောက်တဲ့ ၁၉၂၀ ပထမသပိတ်ကို အမျိုးသားနေ့နဲ့ တွဲပြီး သိကြသလို ၁၉၃၈-၃၉ က ဖြစ်တဲ့ တတိယသပိတ်ကိုလည်း ၁၃၀၀ ပြည့် အရေးတော်ပုံအဖြစ် မြန်မာပြည် နိုင်ငံရေးသမိုင်းမှာ သိကြပါတယ်။

    အိုးဝေမဂ္ဂဇင်းပါ ငရဲခွေးကြီး ဆောင်းပါးနဲ့ ပတ်သက်ပြီး အယ်ဒီတာကိုအောင်ဆန်းနဲ့ တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုနုကို ကျောင်းထုတ်ရာကနေ စတင်တဲ့ ၁၉၃၆ ဒုတိယသပိတ်ကို ဒီခေတ်လူငယ်တွေ အမှတ်တမဲ့ ဖြစ်တတ်ကြပေမယ့် ဒီသပိတ်ကစတဲ့ လှုပ်ရှားမှုအဆင့်ဆင့်နဲ့ပဲ ဂျပန်လက်အောက်မှာ မြန်မာ့တပ်မတော် စတင်ပေါ်ထွန်းလာသလို မြန်မာပြည် လွတ်လပ်ရေးကိုလည်း ဒုတိယကမ္ဘာစစ်အတွင်းနဲ့ စစ်ပြီးစမှာ နှစ်ကြိမ်ယူခဲ့ကြပါတယ်။

    နောက် ဒီကျောင်းသားအုပ်စုတွေ ပါဝင်တဲ့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် ပါတီတွေကြောင့်ပဲ မြန်မာပြည်မှာ ၁၉၈၈ ထိ လက်ဝဲနက္ခတ်နဲ့ စန်းယှဉ်ပြီး ဆိုရှယ်လစ်အစိုးရတွေ တက်ခဲ့ကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ရခိုင်ဝန်ကြီးချုပ် ဦးညီပုသမီး မမိုးဆန်းစုကြည် ထောင် ၅ နှစ်ထပ်ချခံရ

    NLD လူငယ် မမိုးဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, NLD

    ဓာတ်ပုံ ပုံစာ, NLD လူငယ် မမိုးဆန်းစုကြည်(ပုံဟောင်း)

    လွတ်ရက်စေ့ပေမဲ့ ပြန်မလွတ်လာသေးတဲ့ NLD လူငယ် မမိုးဆန်းစုကြည်ကို ကမာရွတ်တရားရုံးက ဇူလိုင် ၆ ရက်မှာ ထောင်ဒဏ် ၅ နှစ်ထပ်ချလိုက်တယ်လို့ မိသားစုဆီကနေ သိရပါတယ်။

    အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ပုဒ်မ ၅၂(က)နဲ့ ချလိုက်တာလို့ မိခင်ဖြစ်သူ ဒေါ်ဝင်းကြည် က ဘီဘီစီကို ပြောပါတယ်။

    မမိုးဆန်းစုကြည်ကို ဒီပုဒ်မတပ်ရတဲ့အကြောင်းရင်းကိုတော့” NUGကို ဆက်သွယ်အားပေးမှု၊ ဒေါ်ဇင်မာအောင်တို့နဲ့ ဆက်သွယ်မှု၊ CDM တွေကိုအားပေးမှု၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ဆက်သွယ်မှုတွေတွေ့ရှိရတယ်လို့ တရားရုံးက ပြောပါတယ်”လို့ မိသားစုဘက်က ဘီဘီစီကိုပြောပါတယ်။

    မမိုးဆန်းစုကြည်ကို တပ်လိုက်တဲ့ အကြမ်းဖက်ပုဒ်မဟာ ပြီးခဲ့တဲ့လွတ်ငြိမ်းတုန်းက အကျဥ်းသူ/ အကျဥ်းသား ၇၃၀၀ ကျော်ကို လွတ်ငြိမ်းပေးပြီး အမှုပေါင်း ၉၅၀၀ ကျော်ကိုပိတ်သိမ်းပေးခဲ့တဲ့ ပုဒ်မ ၂ ခုထဲက တစ်ခုဖြစ်ပါတယ်။

    “မိသားစုအနေနဲ့ကတော့ သမီးဖြစ်သူဟာ အပြစ်ကျခံနေချိန်မှာ ဘယ်အဖွဲ့နဲ့မှ ဆက်သွယ်တာမရှိ သလို နိုင်ငံတော်က ဒီ ၅၂(က)အမှုတွေကို တရားဝင်ပိတ်ပေးတဲ့အတွက် လွှတ်ပေးစေချင်ပါတယ်” လို့ မိခင်ဒေါ်ဝင်းကြည်ကပြောပါတယ်။

    မမိုးဆန်းစုကြည်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားသင်းဆက်သွယ်မှုတို့နဲ့ ၂၀၂၁ ခုနှစ်ကတည်းက ထောင် ၆ နှစ် ချခံထားရတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ် ၇ ရက်ကတည်းက လွတ်ရက်စေ့နေပေမဲ့ အင်းစိန်ထောင်မှာ ဆက်လက် ဖမ်းဆီးခံရထားပြီး မနေ့က အကြမ်းဖက်ပုဒ်မနဲ့ထောင်ဒဏ်ထပ်မံချခံလိုက်ရတာဖြစ်ပါတယ်။

    စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရတဲ့ NLDအစိုးရရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကိုတော့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပြီး အခုထိပြန်လည်လွတ်မြောက်တာမရှိသေးပါဘူး။

    ထောင်တွင်းမှာနေချိန် မျက်စိခွဲစိတ်ကုသမှုလည်းခံယူထားရတယ်လို့ မိသားစုဆီကနေသိရပါတယ်။

  4. မင်္ဂလာပါ။ ဇူလိုင် ၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။