ဘီးလင်း၊ သထုံနဲ့ ကျိုက်ထိုမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာနေ
မွန်ပြည်နယ်ထဲ ကရင်အမျိုးသားအစည်းအရုံး(KNU)က တပ်မဟာ ၁ အဖြစ်နယ်မြေသတ်မှတ်ထားတဲ့ ဘီလင်း၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်/ပြည်သူ့ကာကွယ်ရေးတပ်(KNLA/PDF) ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ စစ်ဆိုင်ပြီး စစ်ရေးဆက် တင်းမာနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
''ဘီလင်း၊ သထုံနဲ့ ကျိုက်ထို တကြောကို စစ်တပ်က စစ်ကြောင်းနဲ့ ဝင်ရှင်းနေတာပါ။ သူတို့ ဗျူဟာက အဲဒီနယ်မြေခွင်ကို မလွှမ်းခြုံရင် စစ်တောင်းမြစ်ဘက်ခြမ်းမှာ ပဲခူးကနေ ရန်ကုန်ဘက်ကို တော်လှန်ရေးတပ်တွေ ကပ်နိုင်တယ်။ နောက်တဖက် ဘီးလင်း၊ သထုံ၊ ဘားအံ ကြောမှာလည်း ကုန်သွယ်ရေးလမ်းဘက်ကို တော်လှန်ရေးတပ်တွေ ကပ်နိုင်လို့ဆိုပြီး စစ်ကြောင်းတွေနဲ့ ဝင်နေတာ'' လို့ စစ်ရေးသတင်းရင်းမြစ်က သူသိထားတဲ့စစ်ရေးအခြေအနေကို ပြောပြပါတယ်။
ဇူလိုင် ၅ ရက်နေ့ကဆိုရင်လည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေါရပ်ကျေးရွာအုပ်စု ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်ခဲ့လို့ စစ်တပ်က ၅ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဇူလိုင် ၂၂ ရက်မှာ KNU က ထုတ်ပြန်ပါတယ်။
အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခလရ ၈၊ ပြည်သူ့စစ်နဲ့ အမှတ် ၃၁၄ အမြောက်တပ်ရင်းတို့ ပူးပေါင်း အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းနဲ့ KNLA တို့ ဇူလိုင် ၅ ရက် နဲ့ ၆ ရက်နေ့မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တာပါ။
အဲဒီတိုက်ပွဲမှာ KNLA ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ KNU က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအပြီးမှာ စစ်တပ်ဟာ ထိုင်းနိုင်ငံက သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေနဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးခဲ့ပြီး ကုန်ပစ္စည်းတချို့နဲ့ ကုန်တင်ယာဉ် နှစ်စီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU က ပြောပါတယ်။
နောက်ပြီး စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ ဒေါရပ်ကျေးရွာအုပ်စုက တက်တူကုန်းကျေးရွာ နဲ့ ကြက်ခြေခတ် ကျေးရွာကြားက စေတီတော်မုခ်ဦးအနီးမှာ ရှိတဲ့ အရပ်သားနေအိမ် ၆ လုံးကိုလည်း မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကနေ ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်မောင်းတစ်ဦး နဲ့ တက်တူကုန်းကျေးရွာက မောင်ခွန်ထက်ဦး ဆိုသူတို့ကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုချိန်အထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ KNU က ထုတ်ပြန်ပါတယ်။
စစ်တပ်စစ်ကြောင်းထိုးနေတဲ့ တပ်မဟာ ၁ နယ်မြေမှာ NUG ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသတပ်ရင်းတပ်ဖွဲ့တွေနဲ့ အထူးတိုင်းစစ်ဌာန လက်အောက်က တပ်တွေလည်း လှုပ်ရှားပါတယ်။
ဒီဒေသတွေဟာ ပဲခူးနဲ့ ရန်ကုန်အထိ ဆက်စပ်နေတာဖြစ်ပါတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းမှာလည်း ပဲခူးတိုင်းစစ်ဌာနတပ်တွေ စစ်ရေးဖော်ဆောင်နေပြီး ပဲခူးရိုးမတစ်ဖက်ခြမ်းက ပဲခူးအနောက်ခြမ်းမှာတော့ စစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းဖြန့်ကြက်တာတွေလုပ်နေပါတယ်။