သြဂုတ်လ ၂၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဦးမင်းဇင်ကို တရုတ်က မတရားဖမ်းဆီးထိန်းသိမ်းထားတာလို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး သတ်မှတ်တဲ့သတင်းအပါအဝင် ဩဂုတ် ၂၀ ရက် နိုင်ငံနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
သြဂုတ်လ ၂၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မြန်မာ့ရေးရာ သုတေသီနဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ဟာ တရုတ်နိုင်ငံမှာ မတရားထိန်းသိမ်းခံထားရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဦးမင်းဇင်ဟာ တရုတ်နိုင်ငံမှာ “မတရားဖမ်းဆီးခံထားရတယ်” လို့ သတ်မှတ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဇွန်လ ၃ ရက်တုန်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဦးမင်းဇင်ဟာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေကို လေ့လာသုတေသနပြုတဲ့ Institute for Strategy and Policy–Myanmar (ISP-Myanmar) ရဲ့တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါတယ်။
ISP-Myanmar ကလည်း အမေရိကန်ရဲ့သတ်မှတ်ချက်ကို ကြိုဆိုပြီး ဦးမင်းဇင် လွတ်မြောက်ရေးဟာ ဦးစားပေးကိစ္စဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် လွတ်လပ်တဲ့သုတေသီတွေနဲ့ ပညာရှင်တွေဟာ ခြိမ်းခြောက်ခံရမှာ၊ မတရားဖမ်းဆီးခံရမှာကို စိုးရိမ်စရာမလိုဘဲ အလုပ်လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
ISP-Myanmar က အမေရိကန်အစိုးရအနေနဲ့ ဦးမင်းဇင်အမှုကို ဆက်လက်ဦးစားပေးဆောင်ရွက်ပေးဖို့နဲ့ တရုတ်အစိုးရအနေနဲ့ ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
တရုတ်ဘက်ကတော့ တရုတ်ရဲ့အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့လှုပ်ရှားမှုတွေကို လုပ်တယ်လို့ စွပ်စွဲထားပါတယ်။
ဦးမင်းဇင်ဟာ တရုတ်အစိုးရရဲ့ဖိတ်ကြားချက်နဲ့ ပညာရေးညီလာခံတစ်ခုကို သွားခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။
ဒါကြောင့် အမေရိကန်နိုင်ငံသားတွေ လုံခြုံရေးဘေးကင်းရေးဟာ နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ဦးစားပေးဖြစ်လို့ ဦးမင်းဇင် အရေးကိုလည်း ဆက်ကြိုးပမ်းမယ်လို့ ဆိုပါတယ်။
ဦးမင်းဇင်ရဲ့ ISP-Myanmar သုတေသနအဖွဲ့ကလည်း အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်း စာထုတ်ပြန်ပါတယ်။
လာမယ့်လအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန် သမ္မတ ထရမ့်နဲ့ တွေ့ဆုံမှုမတိုင်ခင် ဦးမင်းဇင်လွတ်မြောက်ရေး ကြိုးပမ်းပေးဖို့ကိုလည်း နိုင်ငံခြားရေး၀န်ကြီးဌာနကို မေတ္တာရပ်ခံတယ်လို့ ISP က တောင်းဆို ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြည်တွင်းလက်နက်စီးဆင်းမှုကို လိုက်လံဖြတ်တောက်နေတဲ့ မြန်မာစစ်တပ်က နယ်စပ်ကတဆင့်စီးဝင်တဲ့လမ်းကြောင်းတွေကို တားဆီးပေးဖို့ ထိုင်းကိုပါအကူအညီ ထပ်တောင်းထားပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်းက အင်အားကြီးတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်တပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှာ စစ်ဦးစီးချုပ်အပြောင်းအလဲ ဖြစ်ပြီးနောက် စစ်ရေးအပြောင်းအလဲဖြစ်လာမလားစောင့်ကြည့်နေကြချိန်မှာ ထိုင်းကိုတောင်းဆိုချက် ထွက်လာတာပါ။
တရုတ်အကူအညီနဲ့ ရှမ်းမြောက်စစ်မျက်နှာပြင်ကို တခန်းရပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြတ်တောက်ရေးတွေ ပိုဖိလုပ်လာတဲ့ စစ်တပ်က ထိုင်းအကူအညီနဲ့ တောင်ပိုင်းကိုပါ ဖိအားပေးလိုဟန် ရှိတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ထိုင်း - မြန်မာနယ်စပ်မှာ နှစ်ဆယ်နဲ့ချီအခြေစိုက်ခဲ့တဲ့ လက်နက်ကိုင်တပ်တွေအတွက်တော့ ဒါကထူးကဲတဲ့လုပ်ရပ် မဟုတ်ဘူးလို့ တုံ့ပြန်ကြပေမဲ့ လက်နက်ခဲယမ်းဈေးကွက်အပေါ်တော့ သက်ရောက်မှုရှိပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ပါ။
ထိုင်းစစ်တပ် စီစဥ်မယ့် Joint Staff Course (ပူးတွဲစစ်ဦးစီးသင်တန်း) အတွက် မြန်မာစစ်တပ်အရာရှိတွေကို တက်ရောက်ခွင့်ပေးဖို့ အသင့်ရှိတယ် ထိုင်းကာကွယ်ရေး ဦးစီးချုပ်ကပြောကြားကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
ထိုင်းစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ် ဘွန်တနွန်ဒါ က မြန်မာတပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဘန်ကောက်မှာကျင်းပနေတဲ့ ထိုင်း-မြန်မာ အဆင့်မြင့်ကော်မတီ (HLC) အစည်းအဝေးမတိုင်ခင် သြဂုတ် ၁၉ ရက်မှာ တွေ့ဆုံချိန်မှာ ပြောခဲ့တာလို့ ထိုင်းစစ်တပ်က သတင်းထုတ်ပါတယ်။
နှစ်နိုင်ငံ စစ်တပ်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးတက်လာတယ်လို့ ဗိုလ်ချုပ်ကြီး ဥကရစ်ဘွန်တနွန်ဒါ က ပြောပြီး လုံခြုံရေး၊ စစ်ဘက်ဆိုင်ရာ ပညာရေးနဲ့ လေ့ကျင့်ရေး၊ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်နဲ့ စွမ်းအင် ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ဥကရစ်က မြန်မာစစ်တပ်အရာရှိတွေ ထိုင်းနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ပညာရေးနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ဆက်လက်ပါဝင်နေတာကို ကြိုဆိုကြောင်း ထည့်ပြောပါတယ်။
ဒါအပြင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ မြန်မာမှာ ၉ ဦးမြောက် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတာကို ဂုဏ်ပြုကြောင်း ဗိုလ်ချုပ်ကြီး ဥကရစ်က ထည့်ပြောတယ်လို့ The Nation ကဖော်ပြပါတယ်။
မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တော့ ထိုင်းတပ်ချုပ်နဲ့ တွေ့ချိန်မှာ နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာကိစ္စရပ်တွေနဲ့ လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ကို ပြောခဲ့ကြောင်း နေပြည်တော် က သတင်းထုတ်ထားပါတယ်။
ဧရာ၀တီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ င၀န်မြစ်ရေတိုးနေတာ မကျသွားဘဲ ဆက်တက်နေတာကြောင့် ဒီနေ့မှာ မြို့အမြင့်ဆုံးရပ်ကွက်တွေအထိ ရေရောက်လာပြီး တစ်မြို့လုံးနီးပါး ရေမြုပ်နေပြီလို့ ကူညီကယ်ဆယ်ရေးသမားတွေဆီကနေ သိရပါတယ်။
ငါးသိုင်းချောင်းမြို့လယ်က ကုန်းမြင့်ပိုင်းအထိ ဒီနေ့မှာ ရေ၀င်လာတာလို့ ကူညီကယ်ဆယ်ရေးသွားခဲ့သူတစ်ဦးက ပြောပါတယ်။
‘‘မြို့လယ်ကုန်းမြင့်ပိုင်းက ရွှေတောင်လမ်းအထိ ရေ၀င်နေပြီ။ အဲဒီနေရာက မြို့ထဲမှာ ကုန်းအမြင့်ဆုံးအပိုင်းပဲ။’’ လို့ သူက ဒီနေ့ ငါးသိုင်းချောင်းမြို့မှာ မြစ်ရေတက်တဲ့အခြေအနေကို ပြောပြပါတယ်။
မိုးလေ၀သဌာနကတော့ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်ကျနိုင်တယ်လို့ ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
လက်ရှိရေကြီးနေတဲ့ ငါးသိုင်းချောင်းမြို့မှာ ရေဘေးသင့်သူ လူပေါင်း ၁,၅၀၀ ထက်မနည်း ရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ခန့်မှန်းပါတယ်။
‘‘ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးသွားခဲ့တဲ့ ဘုရားကြီး၀င်းထဲမှာတင် လူ ၇၅၀ လောက်ရှိတယ်။ သာသနာ့အလင်းရောင်(ဘုန်းကြီးကျောင်း)ဆိုရင် လူ ၅၀၀၊ စာသင်ကျောင်းတွေမှာလည်း ဟိုမှာ လူ ၁၀၀ လောက်၊ ဒီမှာ လူ ၁၀၀ လောက်ရှိတယ်။ လမ်းဘေး တာဘောင်အမြင့်ပိုင်းတွေမှာ ဒီအတိုင်း ရွက်ထိုးပြီး ရေဘေးရှောင်နေကြရသူတွေလည်းရှိတယ်’’ လို့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။
အခု ရေကြီးမှုဖြစ်နေတဲ့ ငါးသိုင်းချောင်းမြို့ရဲ့င၀န်မြစ်တစ်ဖက်ကမ်းဟာ ဧရာ၀တီနဲ့ ရခိုင်ရိုးမ အစပ်ဖြစ်ပြီး အာရက္ခတပ်တော် (အေအေ)ပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေတွေနဲ့ဆက်နေပါတယ်။
အဲဒီဘက်အခြမ်းက မြစ်ကမ်းဘေး ကျေးရွာတွေက ရေကြီးတဲ့အခြေအနေကို သိရှိနိုင်အောင် ကယ်ဆယ်ရေးသမားအချို့ကို ဘီဘီစီက မေးမြန်းကြည့်ခဲ့ပေမဲ့ နယ်မြေအခြေအနေကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ငါးသိုင်းချောင်းမြို့ဘက်ခြမ်းကိုပဲ အာရုံစိုက်နေကြတယ်လို့ သိရပါတယ်။
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ရုရှားခရီးအပြီးမှာ ရုရှားအိမ်နီးချင်း ဘယ်လာရုဇ်နိုင်ငံ၊ မင့်စ်မြို့ကို ဒီနေ့ ရောက်ရှိနေပါတယ်။
ဦးမင်းအောင်လှိုင်ဟာ မနက်ဖြန်မှာ သမ္မတ လူကာရှန်ကိုနဲ့တွေ့ဆုံဖို့ရှိပြီး နေပြည်တော်နဲ့ ဘယ်လာရုဇ်ကြားကုန်သွယ်ရေးအပြင် စစ်ဘက်နည်းပညာကိစ္စတွေကိုပါ ဆွေးနွေးနိုင်ခြေရှိတယ်လို့ ဘယ်လာရုဇ်အစိုးရ အာဘော်သတင်းတွေက ဖော်ပြပါတယ်။
ဘယ်လာရုဇ်နဲ့ မြန်မာကြား အခုနှစ်ကနေ စလို့ ၃ နှစ်ကြာ ပူးပေါင်းဆောင်ရွက်မယ့်နယ်ပယ်တွေကို ဆွေးနွေးနိုင်တယ်လို့ဆိုပြီး အဲဒီထဲမှာ စိုက်ပျိုးရေး၊ ဆေး၀ါး၊ ကုန်သွယ်ရေးနဲ့ ပညာရေးကိစ္စတွေ ပါ၀င်တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ဘယ်လာရုဇ်ခေါင်းဆောင်ကတော့ ဒီနယ်ပယ်တွေအပြင် စစ်ဘက်ဆိုင်ရာနယ်ပယ်ကိုလည်း ဦးစားပေး နယ်ပယ်ထဲ ထည့်ထားတယ်လို့ မကြာသေးခင်တုန်းက သူ့ရဲ့နေပြည်တော်ခရီးမှာ ပြောထားပါတယ်။
ဥရောပရဲ့နောက်ဆုံးအာဏာရှင်လို့ ပြောကြတဲ့ ဘယ်လာရုဇ်သမ္မတ လူကာရှန်ကိုဟာ နေပြည်တော်မှာ ဦးမင်းအောင်လှိုင်က အာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ်ကနေ စစ်ဘက်ရာထူးစွန့်ပြီး အသွင်ပြောင်းသမ္မတ တာ၀န်ယူခဲ့အခါ နေပြည်တော်ကို ခပ်သုတ်သုတ်လာခဲ့တဲ့ ပထမဆုံးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်ဘက်ကလည်း ဘယ်လာရုဇ်- မြန်မာကြား စစ်ဘက်နည်းပညာပိုင်းပူးပေါင်းရေးကိုလည်း အစောပိုင်းတွေကတည်းက အလေးထားပြောထားတယ်လို့ ဆိုပါတယ်။
နေပြည်တော်ဘက်ကတော့ ဘယ်လာရုဇ်နဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းကို ထုတ်ပြောလေ့မရှိပါဘူး။
ဒါပေမဲ့ မြန်မာစစ်တပ်ကို လေ့လာစောင့်ကြည့်တဲ့လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်ာမစစ်တပ်ဟာ ဘယ်လာရုဇ်ကို ပညာတော်သင်တွေ စေလွှတ်နေပြီး ဘယ်လာရုဇ်ကလည်း မြန်မာစစ်တပ်ကို လက်နက်တွေရောင်းချနေတယ်လို့ထောက်ပြပြောဆိုထားကြပါတယ်။
မြန်မာနဲ့ ဘယ်လာရုဇ်ကြား စစ်ရေးပူးပေါင်းဆောင်ရွက်တဲ့အပိုင်းတွေနဲ့ပတ်သက်ပြီး နေပြည်တော်ဘက်က ထုတ်ပြန်ပြောဆိုလေ့ မရှိပေမဲ့ ဘယ်လာရုဇ်ဘက်က ထုတ်ပြန်ချက်တွေမှာတော့ မြန်မာနဲ့ ဘယ်လာရုဇ်ကြား ကာကွယ်ရေးနဲ့စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ကမ်းရိုးတန်းအနီး တရားမဝင် ဝင်ရောက်ငါးဖမ်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၄ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ထံ လွှဲပြောင်းပေးခဲ့တယ်လို့ အေအေ လှုပ်ရှားမှုတွေကို ဖော်ပြတဲ့ အာရကန်မင်းသမီးမီဒီယာက ဖော်ပြပါတယ်။
အဲဒီငါးဖမ်းသမားတွေဟာ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အစောပိုင်းအတွင်း ဖမ်းဆီးမိသူတွေလို့ဆိုပါတယ်။
တရားမဝင် ဝင်ရောက်ငါးဖမ်းသူတွေကို စစ်ဆေးဖော်ထုတ်ပြီး ဥပဒေအတိုင်း အရေးယူသွားမယ်လို့ အေအေက ထုတ်ပြန်ပြီးနောက် ဒီလိုလွှဲပြောင်းမှု ဖြစ်လာတာပါ။
အခုလွှဲပြောင်းပေးချိန်မှာနောက်ထပ်မလုပ်ဖို့ ကတိဝန်ခံချက်ထိုးခိုင်းပြီး သြဂုတ် ၁၉ ရက် မှာ နတ်မြစ်တစ်လျှောက် နယ်စပ်မျဉ်းမှာ BGB ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
ငါးဖမ်းသမားတွေရဲ့ မိသားစုစားဝတ်နေရေး အခက်အခဲတွေကို ထောက်ထားပြီး နှစ်နိုင်ငံနယ်စပ်ရေးရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးအတွက် ပြန်လွှတ်ပေးခဲ့တာလို့ အာရကန်မင်းသမီးမီဒီယာက ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက နန်ခရိုင်မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးသည်းပြီး ရုတ်တရက်ရေကြီးမှုမှာ လူ ၂ ဦး သေဆုံးတယ်လို့သိရပါတယ်။
နန်ခရိုင်ထဲမှာ မိုးများခဲ့လို့ နမ်မြစ်ရေလျှံပြီး ခရိုင်အလယ်ပိုင်းနဲ့ အထက်ပိုင်းက မြို့နယ်တွေဟာ ကြာသပတေးနေ့မှာ ရေဘေးကို အဆိုးရွားဆုံး ခံခဲ့ရတာဖြစ်ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ မြစ်ရေ ဆုတ်သွားပြီဖြစ်လို့ ရေလွှမ်းခဲ့တဲ့မြို့နယ်တွေမှာ အာဏာပိုင်တွေက ရှင်းလင်းရေးတွေ စလုပ်နေပါတယ်။
ဒါပေမဲ့ မြစ်အောက်ပိုင်းမြို့နယ်တွေကို ရေကြီးရေလွှမ်းမှု သတိပေးချက်တွေကို ခရိုင်အာဏာပိုင်တွေက ထုတ်ပြန်ထားတုန်းဖြစ်ပါတယ်။
ရေကြီးမှုကြောင့် နမ်ဆေးရုံကို အရေးပေါ်နဲ့ ခွဲစိတ်ကုသမှုတွေကလွဲပြီး အထွေထွေ ရောဂါ ကုသမှုတွေကို ၂ ရက်ကြာ ရပ်ဆိုင်းထားဦးမယ်လို့ ဆေးရုံဘက်က သတင်းထုတ်ပါတယ်။
ထိုင်းသတင်းတွေမှာ အခုတစ်ကြိမ် နန်ရေဘေးကြောင့် ရွာပေါင်း ၆၀ ခန့်က လူ ၁၆,၀၀၀ ကျော် ရေဘေးသင့်တယ်လို့ ဖော်ပြပါတယ်။
အခုတော့ ရေကျသွားတဲ့နေရာတွေမှာ ရှင်းလင်းရေးတွေ လုပ်နေပြီး လာမယ့် ၂ ရက်အတွင်း ပြီးစီးမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
အိန္ဒိယမှာ အသက် ၃၃ နှစ်အရွယ် မော်ဒယ်နဲ့ သရုပ်ဆောင် သတို့သမီးတစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုစွဲချက်တွေကို ရဲတပ်ဖွဲ့က တရားရုံးဆီ တင်သွင်းလိုက်ပါတယ်။ သူဟာ အိမ်ထောင်ကျပြီး ငါးလ အကြာ မေလမှာ အိမ်ထောင်ဖက်နဲ့အတူ နေထိုင်တဲ့ အိမ်မှာ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။
မော်ဒယ်နဲ့ သရုပ်ဆောင် တွစ်ရှာရှားမား သေဆုံးမှုဟာ ၂၀၂၆ မေလ ၁၂ ရက်က ဘိုပါးလ်မြို့မှာ ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် မီဒီယာတွေကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး၊ လူသတ်မှုလား၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလားဆိုတဲ့ မေးခွန်းတွေကြားမှာ ဒီအမှုက သတင်းခေါင်းကြီးပိုင်းတိုင်းမှာပါခဲ့ပါတယ်။
အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) က တင်သွင်းတဲ့ အမှုစွဲချက်မှာတော့ တွစ်ရှာရဲ့ ခင်ပွန်းနဲ့ ယောက္ခမကို " သူ့ကိုယ်သူသတ်သေဖို့အားပေးလှုံ့ဆော်မှု" နဲ့ "ဖိနှိပ်ဆက်ဆံမှု" တို့နဲ့ စွဲချက်တင်ထားပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။
ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုတွေထဲက အထင်ရှားဆုံး နှစ်ခုအပေါ် အစ္စရေး စစ်တပ်က တပ်တွင်း စုံစမ်းစစ်ဆေးရေးတွေ စတင်ဖို့ ရှိပါတယ်။
၂၀၂၄ ဇန်နဝါရီက ဂါဇာကနေ မိသားစုနဲ့အတူ ထွက်ပြေးတဲ့ ငါးနှစ်အရွယ် ပါလက်စတိုင်း ကလေးငယ် ဟင်းဒ် ရာဂျက်ဘ် အသတ်ခံရမှုနဲ့ နောက်တနှစ်မှာ ဖြစ်တဲ့ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ကူညီရေး လုပ်သား ၁၅ ယောက် သတ်ဖြတ်ခံရမှုတွေကို စုံစမ်းမှာဖြစ်ပါတယ်။
ဒီဖြစ်ရပ် ၂ ခုကြောင့် နိုင်ငံတကာမှာ အမျက်ဒေါသထွက်ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ်တုန်းက ဂါဇာကနေ မိသားစုနဲ့ထွက်ပြေးဖို့ ကြိုးပမ်းတဲ့ ဟင်းဟာ အစ္စရေးတင့်ကားတွေ ပစ်ခတ်မှုလုပ်ချိန် တိုက်ပွဲကြားရောက်ခဲ့တဲ့အခြေအနေနဲ့ သေဆုံးခဲ့ပုံ ပေါ်ပါတယ်။
ဟင်းဟာ ကားထဲမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့အသက်ရှင် ကျန်ရစ်သူဖြစ်ပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေ မတွေ့အောင် အမျိုးဖြစ်သူတွေရဲ့အလောင်းတွေ ကြားမှာ ပုန်းအောင်းနေခဲ့တာလို့ ဟင်းနဲ့ အရေးပေါ်ကယ်ဆယ်ရေးဖုန်းလိုင်း ဖြေဆိုသူတို့ကြားက ဖုန်းခေါ်ဆိုမှု မှတ်တမ်းအရ နားလည်ရပါတယ်။
သူ့ကို လာကယ်ဖို့ အကူအညီတောင်းခံတဲ့အရေးပေါ် ဖုန်းခေါ်ဆိုမှုဟာ ပစ်ခတ်သံတွေကြားမှာပဲ ပြတ်တောက် သွားခဲ့တာဖြစ်ပါတယ်။
အခုတော့ အစ္စရေးဘက်က ဟင်း ရာဂျစ်ပါလာတဲ့ကားကို စစ်သားတွေက ပစ်ခတ်ခဲ့တယ်လို့ အတည်ပြုပြီး ရာဇ၀တ်ကြောင်းအရ စုံစမ်းမှု စတင်မှာလို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်၀ါရီလတုန်းက ဖော်ပြခဲ့တဲ့ဆောင်းပါးကို ဒီလင့်ခ် ကနေ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာလူဦးရေနဲ့ ပတ်သက်လို့ နေပြည်တော်ရဲ့ အချက်အလက်က မှားယွင်းနေပြီး ကုလသမဂ္ဂမှာ မှတ်တမ်းတင်ထားတာကသာ မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလာပါတယ်။
ပြီးခဲ့တဲ့ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မိုဟာမက် တိုဖစ်-အူရ်-ရာဟ်မန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စိုးမိုးကိုခေါ် ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲဒီမှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၅ ရက် ထုတ်ပြန်ချက်အပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်ချက်တွေကို ပြောကြားခဲ့တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လာတာပါ။
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဦးရေ ၁ သန်းကျော်ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေက မှားယွင်းနေကြောင်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်မှာထုတ်ပြန်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဘက်က ဦးကျော်စိုးမိုးကို ခေါ်ယူတုံ့ပြန်ခဲ့တာလို့ဆိုပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်တွေအရ ရိုဟင်ဂျာတွေရဲ့ အထောက်အထား စိစစ်ရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုထားပါတယ်။ စာရင်းကောက်ယူထားတာမှာလည်း ၂၀၁၇ နောက်ပိုင်းမှာ ရခိုင်ကနေ နေရပ်စွန့်ခွာလာတဲ့ဦးရေ၊ ဒုက္ခသည်စခန်းမှာမွေးဖွားတဲ့ကလေးသူငယ် ဦးရေကိုလည်း ထည့်သွင်းတွက်ချက်ဖို့လိုကြောင်းပါ ထည့်ပြောပါတယ်။
ဒါအပြင် ရိုဟင်ဂျာတွေကို “ဘင်္ဂါလီ” လို့ ခေါ်ဆိုထားတာကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်ပြီး ရိုဟင်ဂျာတွေဟာ ကိုယ်ပိုင်လူမျိုးရေးအမှတ်သညာရှိသူတွေဖြစ်ပြီး မြန်မာအာဏာပိုင်တွေကလည်း မကြာသေးခင်အချိန်အထိ အဲဒီအချက်ကို လက်ခံထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာထည့်ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒီပြဿနာရဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ဟာ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို လုံခြုံ၊ ဂုဏ်သိက္ခာရှိပြီး မိမိဆန္ဒအလျောက် ပြန်လည်နေထိုင်နိုင်ရေး ဖြစ်တယ်လို့ ထပ်မံပြောခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသံအမတ် ဦးကျော်စိုးမိုးကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားတဲ့ အချက်တွေကို မြန်မာအစိုးရ ဘက်ကို ပြန်လည်တင်ပြပေးမယ်လို့ ပြောခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်ထဲထည့်ပြောထားပါတယ်။
ဒါပေမဲ့ မြန်မာဘက်ကတော့့ လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်တုံ့ပြန်တာမတွေ့ရသေးပါဘူး။
နေပြည်တော်ကလည်း မြန်မာဘက်က စိစစ်ပြီးတဲ့ နေရပ်စွန့်ခွာသူတွေကို ဆန္ဒအလျောက်၊ လုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကတော့ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တွေနဲ့ ဖိနှိပ်ညှဉ်းပန်းတွေက လွတ်မြောက်ဖို့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၁၈ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအရေအတွက်ဟာ ၂၀၂၆ ခုနှစ် ဇွန်လအထိစာရင်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်မှာ မြန်မာအလုပ်သမား ၃၄ ဦးကို ကိုယ်တိုင်ပြုပြင်တပ်ဆင်ထားတဲ့ နောက်တွဲယာဉ်နဲ့ သယ်ယူပို့ဆောင်တဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဒဏ်ရိုက်အရေးယူခဲ့ပါတယ်။
ဩဂုတ် ၁၉ ရက်မှာ ပုံမှန်မဟုတ်တဲ့ ယာဉ်တစ်စီး ရယောင်းခရိုင် ဘန်ခိုင်မြို့နယ် လမ်းမကြီးပေါ် မောင်းနှင်လာတာကို တွေ့ရှိသူတွေက ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့တာကြောင့် ရဲတွေက စစ်ဆေးခဲ့ပါတယ်။
ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ အသက် ၃၀ ကျော်အရွယ် တရုတ်နိုင်ငံသားတစ်ဦး မောင်းနှင်လာတဲ့ Toyota Fortuner ကားနောက်မှာ လူသယ်ဆောင်ဖို့ ကိုယ်တိုင်ပြုပြင်တပ်ဆင်ထားတဲ့ အရွယ်အစားကြီးနောက်တွဲယာဉ်တစ်စီး ချိတ်ဆက်ထားတာ တွေ့ရှိခဲ့ပါတယ်။
အဲဒီနောက်တွဲယာဉ်ပေါ်မှာ အမျိုးသားနဲ့ အမျိုးသမီး မြန်မာအလုပ်သမား ၃၄ ဦး နေရာမလုံလောက်ဘဲ ကျပ်ကျပ်တည်းတည်း လိုက်ပါလာကြတာကို တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အလုပ်သမားတွေရဲ့ ကိုယ်ရေးအထောက်အထားနဲ့ အလုပ်လုပ်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေကို စစ်ဆေးရာမှာ အားလုံး တရားဝင်ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ဒါမှမဟုတ် အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်နေမှုနဲ့ ပတ်သက်တဲ့ ပြစ်မှု မတွေ့ရှိခဲ့ပါဘူး။
ကနဦး စစ်ဆေးချက်အရ အလုပ်သမား ၃၄ ဦးဟာ တရုတ်လုပ်ငန်းရှင်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။
ယာဉ်မောင်း တရုတ်နိုင်ငံသားကိုတော့ ခွင့်ပြုချက်မရှိဘဲ ယာဉ်ဆွဲခြင်း နဲ့ ယာဉ်ကို သတ်မှတ်ထားတဲ့ အမျိုးအစားမဟုတ်ဘဲ အသုံးပြုခြင်းဆိုတဲ့ အမှု ၂ ခုနဲ့ အရေးယူခဲ့ပြီး တစ်မှုကို ဘတ် ၅,၀၀၀ စီ၊ စုစုပေါင်း ဘတ် ၁၀,၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။
အခုလို ကိုယ်ပိုင်ခရီးသည်တင်ကားကို နောက်တွဲချိတ်ပြီး လူအများအပြား သယ်ဆောင်တာဟာ အရေးပေါ်အခြေအနေ ဒါမှမဟုတ် ယာဉ်အရှိန်မထိန်းနိုင်တာ ဖြစ်လာရင် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တာဝန်ရှိသူတွေက လုပ်ငန်းရှင်တွေနဲ့ ယာဉ်မောင်းသူတွေကို ယာဉ်ကို သတ်မှတ်ထားတဲ့ အသုံးပြုမှုအတိုင်း အသုံးပြုဖို့နဲ့ ဥပဒေစည်းမျဉ်းတွေကို လိုက်နာဖို့ သတိပေးထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ အဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ကိုယ်တိုင်ပါဝင်ပြီး ဂျပန်ရောက်မြန်မာတွေအပါအဝင် သတင်းဌာနတွေနဲ့ပါ တွေ့ဆုံကြောင်း သတင်းထုတ်လာပါတယ်။
ပဒိုစောကွယ်ထူးဝင်းဟာ SCEF အတွင်း စုပေါင်းနိုင်ငံရေးဦးဆောင်မှုပေးရေးအမြင့်ဆုံးအဖွဲ့ "မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့" မှာလည်း ပါဝင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးရဲ့ စီစဉ်ပေးမှုနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်မှာ ဂျပန်ရောက်မြန်မာတွေနဲ့တွေ့ခဲ့ပြီး ၁၀ ရက်နေ့မှာတော့ ဂျပန်သတင်းဌာနတွေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြောင်း မနေ့က သတင်းထုတ်ပြန်ခဲ့တာပါ။
ဒီဂျပန်ခရီးစဉ်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အကုန်လုံးရဲ့ အမြင်တွေ၊ အတွေ့အကြုံတွေနဲ့ အကြံပြုချက်တွေကို မျှဝေဖလှယ်နိုင်ခဲ့တဲ့ အရေးပါတဲ့ တွေ့ဆုံမှုလို့လည်း ဖော်ပြပါတယ်။
အခုခရီးစဉ်မှာ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး ၁ မဇူးပဒုမ္မာအပါအဝင် SCEF ရဲ့ နိုင်ငံခြားရေးအဖွဲ့ဝင်လည်း ပါဝင်ပါတယ်။
ဇူလိုင်နဲ့ သြဂုတ်လအတွင်း SCEF အနေနဲ့ အာရက္ခတပ်တော် (AA) ၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တို့လို လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေး ဖက်ဒရယ်ယူနစ်တွေနဲ့ပါ တွေ့ဆုံညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်နေပါတယ်။
တဖက် နေပြည်တော်ကလည်း နိုင်ငံတကာ စင်မြင့်ထက် လှမ်းနိုင်ရေး ကြိုးစားနေတာကြောင့် ၂၀၂၆ နှစ်ကုန်ပိုင်းဟာ ပြည်တွင်းနိုင်ငံရေးအပြင် သံတမန်ရေးမှာပါ နှစ်ဖက်အားပြိုင်မှုပိုရှိနိုင်မယ်လို့ အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။
ဂျပန်အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလား၊ မြန်မာ့လူထုဘဝ တိုးတက်အောင် လုပ်ထားပေးလား ဆိုတဲ့ နိုင်ငံရေးတိုးတက်မှုတွေကို အခြေခံပြီး မြန်မာနဲ့ဆက်ဆံရေးကို စဥ်းစားသုံးသပ်တဲ့ အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေဂီ တာရှိမိဇုက အခုနှစ် ဇူလိုင် ၂၈ ရက်မှာ ပြောထားပါတယ်။
‘‘အကြမ်းဖက်မှုချက်ချင်း လျှော့ချတာ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားတွေကို လွှတ်ပေးတာ၊ သက်ဆိုင်ရာပါ၀င်ပတ်သက်သူတွေအားလုံးပါ၀င်တဲ့စစ်မှန်တဲ့တွေ့ဆုံပြောဆိုမှု ထွက်ပေါ်လာတာမျိုးလို နိုင်ငံရေးတိုးတက်မှုတွေ အားထုတ်မှုတွေ ရှိနေပြီလားဆိုတဲ့ အချက်တွေနဲ့ ချိန်ထိုးကြည့်ပါတယ်’’ လို့ ၀န်ကြီးက ပြောခဲ့ပါတယ်။
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၄ ဦးဟာ ဘင်္ဂလားဒေ့ရှ်၊ ဘန်ဒါဘန်ခရိုင် အလီကဒမ်နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ထံ အညံ့ခံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာန TIMES of Bangladesh က ဖော်ပြပါတယ်။
အဲဒီ ၁၄ ဦး ထဲမှာ မြန်မာဘက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ရောက်လာချိန်မှာ လက်နက်မပါဘဲ အရပ်ဝတ်တွေ ဝတ်ဆင်ထားကြတယ်လို့ ဆိုပါတယ်။
သူတို့ဟာ အင်္ဂါနေ့က အလီကဒမ် BGB တပ်ရင်း ၅၇ လက်အောက်ရှိ ကူရူကပတာ-ခီလိုင်ပါရာ စစ်ဆေးရေးဂိတ်ကနေ ဝင်ရောက်လာပြီး အညံ့ခံခဲ့တာဖြစ်တယ်လို့ BGB တပ်ရင်းမှူးက TIMES of Bangladesh ကို ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ညမှာတော့ BGB က သူတို့ ၁၄ ဦးကို အလီကဒမ်ရဲစခန်းထံ လွှဲပြောင်းပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုအတွက် နိုင်ငံခြားသားများဆိုင်ရာဥပဒေ၊ နယ်စပ်ထိန်းချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အလီကဒမ် BGB တပ်ရင်း ၅၇ ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဗ္ဗဒူလာ အယ်လ် မဟေဒီက ကနဦးစစ်ဆေးမေးမြန်းမှုတွေအရ အဲဒီ ၁၄ ဦးဟာ မြန်မာအစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ပြောပါတယ်။
ဖြစ်စဉ်နောက်ပိုင်း BGB က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ထားပြီး ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုရောက်နေတဲ့ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာကိစ္စရပ်တွေနဲ့ လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေ ကို ပူးပေါင်းတိုက်ဖျက်မယ်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ကို ပြောပါတယ်။
နယ်စပ်ကတဆင့်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဆီစီးဝင်နေတဲ့ လက်နက်လမ်းကြောင်းကို ဖြတ်တောက်ပေးဖို့ ထိုင်းဝန်ကြီးချုပ်အနုတင်ကို ဦးမင်းအောင်လှိုင်က ထိုင်းခရီးစဉ်မှာ တောင်းဆိုခဲ့အပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်းရောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အခုလိုထပ်ပြောတာပါ။
ဒါဟာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ တပ်ချုပ်ရာထူးယူအပြီး ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သလို မနေ့တုန်းက ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ပြီး နှစ်နိုင်ငံနယ်စပ်အရေးကို ဆွေးနွေးခဲ့ကြောင်း နေပြည်တော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်း - မြန်မာနယ်စပ်က ကျောက်ခက်နဲ့ ရွှေကုက္ကိုမှာ ကျားဖြန့်နှိမ်နင်းအရေးအဖြစ် အဆောက်အအုံတွေကို ဖြိုချနေပြီး ဒီအွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အနေနဲ့ ဆောင်ရွက်နေကြောင်းပါ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ထိုင်းကို ပြောခဲ့ပါတယ်။
ဒါအပြင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေကိုလည်း တားဆီးနှိမ်နင်းနေတယ်ဆိုပြီး လည်း ထည့်ပြောပါတယ်။ ဘန်ကောက်ရောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ မနေ့တုန်းက ထိုင်းကာကွယ်ရေးဝန်ကြီးနဲ့လည်း တွေ့ပြီး နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့တားဆီးကာကွယ်မယ်ဆိုပြီးလည်း ဆွေးနွေးခဲ့ပါတယ်။
သူဟာ ၉ ကြိမ်မြောက် ထိုင်း - မြန်မာ အဆင့်မြင့်အရာရှိကြီးတွေအစည်းအဝေးကိုတက်ဖို့ ရှိပါတယ်။
မြန်မာမှာအသွင်ပြောင်းအစိုးရတက်လာပြီးတဲ့နောက် အိမ်နီးချင်းထိုင်းနိုင်ငံက ဆက်ဆံရေးပြန်လည် တည်ဆောက်လာသလို အခုသြဂုတ်လအစမှာလည်း နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံဆီဖိတ်ခေါ်ခဲ့တာကြောင့် ထိုင်းဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုနဲ့ ကြုံခဲ့ရပါတယ်။
မင်္ဂလာပါ။ ဩဂုတ် ၂၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။