တိုက်ရိုက်ထုတ်လွှင့်မှု, အောက်တိုဘာလအတွင်း ရန်ကုန်နဲ့ ပြင်ဦးလွင်မှာ နေအိမ်ဖောက်ထွင်းခိုးယူမှု လေးခုထက်မနည်းဖြစ်ပွား

ရန်ကုန်နဲ့ ပြင်ဦးလွင်မှာ နေအိမ်ဖောက်ထွင်းခိုးယူမှု လေးခုထက်မနည်းဖြစ်ပွားတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • အောက်တိုဘာလ တစ်လအတွင်း ရန်ကုန်နဲ့ ပြင်ဦးလွင်မြို့တို့မှာ နေအိမ်ဖောက်ထွင်းခိုးယူမှုနဲ့ ဆက်စပ်ဖြစ်စဉ် လေးခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့က ဖြစ်စဉ်တစ်ခုမှာတော့ လူသေဆုံးမှုပါ ဖြစ်ပွားခဲ့ပါတယ်။
  • အားကောင်းသောမုန်တိုင်းငယ် ၇၂ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ပြီး ဒီကနေ့စလို့ အောက်တိုဘာ ၂၉ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် ဒေသ ၁၁ ခုမှာမိုးကြီးနိုင်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းအားကောင်းလာ၊ ဒေသအများအပြားမှာ မိုးကြီးနိုင်

    ၇၂ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်
    ဓာတ်ပုံ ပုံစာ, ၇၂ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်

    ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အောက်တိုဘာ ၂၅ ရက် ညနေမှာ အားကောင်းလာပေမဲ့ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိဘူးလို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

    မုန်တိုင်းဟာ အောက်တိုဘာ ၂၆ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ပြီး အောက်တိုဘာ ၂၈ ရက်မှာ အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

    မုန်တိုင်းအရှိန်ကြောင့် မြန်မာမှာတေ့ာ အောက်တိုဘာ ၂၉ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာပြီး တချို့နေရာတွေမှာ မိုးကြီးနိုင်ပါတယ်။

    မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေပြင်းတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေအထိ ရှိနိုင်တာကြောင့် ရေကြီး၊ ရေလျှံမှု၊ မြေပြိုမှုနဲ့ ပင်လယ်ပြင်အန္တရာယ်တွေကို သတိပြုကြဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

  2. အောက်တိုဘာလအတွင်း နေအိမ်ဖောက်ထွင်းခိုးယူမှု၊ဓားပြမှုနဲ့ လုယက်မှုတွေဆက်တိုက်ဖြစ်နေ

    ရန်ကုန်မြို့မှာတွေ့ရတဲ့ရဲတပ်ဖွဲ့ဝင်အချို့ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့မှာတွေ့ရတဲ့ရဲတပ်ဖွဲ့ဝင်အချို့ (ပုံဟောင်း)

    ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန်နဲ့ ပြင်ဦးလွင်မြို့တို့မှာ နေအိမ်ဖောက်ထွင်းခိုးယူမှုနဲ့ ဆက်စပ်ဖြစ်စဉ် လေးခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့က ဖြစ်စဉ်တစ်ခုမှာတော့ လူသေဆုံးမှုပါ ဖြစ်ပွားခဲ့ပါတယ်။

    အဲဒီဖြစ်စဉ်တွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် ကောင်းခန့်တို့မိသားစုနဲ့ ဇာတ်မင်းသမီး နိုဘယ်လှိုင်တို့ရဲ့ နေအိမ်တွေ ဖောက်ထွင်းခံရမှုတွေအပြင် မင်္ဂလာတောင်ညွန့်မြို့နယ်က လူသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပြင်ဦးလွင်မြို့က အိမ်သုံးပစ္စည်းအများအပြား ခိုးယူခံရမှုတို့ ပါဝင်ပါတယ်။

    ရုပ်ရှင်သရုပ်ဆောင် ကောင်းခန့်တို့မိသားစုရဲ့ နေအိမ်ဟာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖိုးမြေရပ်ကွက်၊ ဖိုးမြေလမ်းမှာရှိပြီး မိသားစု ခရီးထွက်နေချိန်မှာ ကျူးလွန်သူတွေက အပေါ်ထပ်ဝရန်တာတံခါးသော့ကို ဖျက်ဆီးပြီး နေအိမ်အတွင်း ဝင်ရောက်ခိုးယူဖောက်ထွင်းခဲ့တာလို့ အနုပညာမီဒီယာအချို့ကိုဖြေကြားထားပါတယ်။

    သူ့ရဲ့ နေအိမ်နဲ့ အိမ်နီးချင်းအိမ်ရဲ့ အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကိုလည်း ဖျက်ဆီးခဲ့ပြီး အောက်တိုဘာ ၁၅ ရက်မှာ ခရီးကပြန်ရောက်လာချိန် နေအိမ်ဖောက်ထွင်းခံထားရတာကို တွေ့ရှိခဲ့ပြီး ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

    အဲဒီဖြစ်စဉ်မှာ ရှေးဟောင်းကြေးဘုရားဆင်းတုတော်တွေ၊ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေ၊ မိသားစုအတွက် အစားထိုးပြန်လည်ရယူဖို့ မဖြစ်နိုင်တဲ့ အမှတ်တရပစ္စည်းတွေအပြင် တန်ဖိုးကြီးအိတ်တွေ၊ နာရီတွေနဲ့ ရေမွှေးတွေ ပျောက်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    သရုပ်ဆောင် ကောင်းခန့်ကတော့ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေးအတွက် အကူအညီပေးကြဖို့နဲ့ မျက်မြင်သက်သေရှိပါက သက်ဆိုင်ရာကို ဆက်သွယ်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

    အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က ဇာတ်မင်းသမီး နိုဘယ်လှိုင်ရဲ့ ရန်ကုန်မြို့ရှိ တိုက်ခန်းနေအိမ်လည်း အောက်တိုဘာလလယ်ပိုင်းမှာ ဖောက်ထွင်းခိုးယူခံခဲ့ရပါတယ်။

    နိုဘယ်လှိုင်နဲ့ မိခင်ဖြစ်သူတို့ဟာ ဖျော်ဖြေရေးအစီအစဉ်အတွက် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ကို ရောက်ရှိနေချိန်မှာ နေအိမ်ဖောက်ထွင်းခံခဲ့ရတာလို့ သူကိုယ်တိုင် ပြောကြားထားပါတယ်။

    အဲဒီဖြစ်စဉ်မှာ ငွေသား ကျပ်သိန်း ၄၂၀၊ ရွှေဆွဲကြိုးသုံးကုံး၊ လက်ကောက်တစ်ကွင်းနဲ့ မိဘအမွေအဖြစ် ရရှိထားတဲ့ ရွှေဆွဲကြိုးနဲ့ လော့ကတ်တစ်ခုတို့ ပျောက်ဆုံးခဲ့ပြီး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၆၀၀ ကျော်ရှိတယ်လို့ နိုဘယ်လှိုင်က မီဒီယာတချို့ကို ပြောထားပါတယ်။

    ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်မှာလည်း အောက်တိုဘာ ၂၁ ရက်က နေအိမ်နဲ့ တွဲဖက်ဖွင့်လှစ်ထားတဲ့ စတိုးဆိုင်အတွင်း ဖောက်ထွင်းမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ရှိခဲ့ပါတယ်။

    အဲဒီဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သူ့ရဲ့အဒေါ်ဖြစ်သူလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

    အဲဒီအမှုမှာတေ့ာ ကျူးလွန်သူတွေထဲက တစ်ဦးကို အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ ဓားတစ်ချောင်းနဲ့အတူ ဖမ်းဆီးခဲ့ပြီး ကျန်နှစ်ဦးကို အောက်တိုဘာ ၂၂ ရက် မှာ တောင်ဒဂုံမြို့နယ်အတွင်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင် အနီးစခန်းလေဆိပ်အနီး၊ မြတ်မင်္ဂလာရပ်ကွက်၊ မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်းဘေးက နေအိမ်တစ်အိမ်မှာလည်း အိမ်ရှင်မရှိချိန် ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ပါတယ်။

    အိမ်ရှင်ဖြစ်သူဟာ အောက်တိုဘာ ၇ ရက်မှာ နေအိမ်နဲ့ ခြံတံခါးတွေကို သော့ခတ်ပြီး မန္တလေးမြို့ကို ပြန်သွားခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ နေအိမ်ကို ပြန်ရောက်လာချိန်မှ ဖောက်ထွင်းခိုးယူခံထားရတာကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

    ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေထဲမှာ GS ဘက်ထရီနဲ့ မီးစက်ဆိုင်ရာပစ္စည်းတွေ၊ Samsung ၅၂ လက်မ တီဗီနှစ်လုံး၊ LG ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်၊ ကျွန်းပရိဘောဂတွေ၊ စတီရီယိုနဲ့ ဒီဗီဒီစက်တွေ၊ မွေ့ယာတွေနဲ့ တန်ဖိုးကြီးရေမွှေးတွေ ပါဝင်ပါတယ်။

    နေအိမ်နဲ့ ခြံဝန်းအတွင်းက အိမ်သုံးပစ္စည်းအများအပြားလည်း ပျောက်ဆုံးခဲ့ပြီး အိမ်ရှင်က ရဲစခန်းမှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။

    တစ်လအတွင်း ရန်ကုန်နဲ့ ပြင်ဦးလွင်မြို့တွေမှာ အခုလို နေအိမ်ဖောက်ထွင်းခိုးယူမှုတွေ ဆက်တိုက်ဖြစ်ပွားလာတာကြောင့် ပြည်သူလူထုက သူတို့ရဲ့ လုံခြုံရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

    ဒီဖြစ်စဉ်တွေက ရာဇဝတ်မှုတွေကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်မှုနဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေအပေါ် မေးခွန်းထုတ်စရာ ဖြစ်‌နေတယ်လို့ဆိုကြပါတယ်။

    တဖက်မှာလည်း စစ်ရေးမတည်မငြိမ်ဖြစ်နေတဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့မှာ အောက်တိုဘာလအတွင်း ဆိုင်ဓားပြတိုက်မှုနဲ့ လက်နက်ကိုင်လုယက်မှု နှစ်မှုဖြစ်ပွားခဲ့ပါတယ်။

    အောက်တိုဘာ ၅ ရက် ညပိုင်းက မြို့ရှောင်လမ်းရှိ “မိတ်ဆွေ” အိမ်ဆောက်ပစ္စည်းဆိုင်ကို ဧည့်စာရင်းစစ်မယ်လို့ အကြောင်းပြပြီး ဝင်ရောက်ဓားပြတိုက်ခဲ့သူတွေထဲက နှစ်ဦးကို အောက်တိုဘာ ၇ ရက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

    ဖမ်းဆီးခံရသူနှစ်ဦးထဲက တစ်ဦးဟာ ရှစ်တန်းကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။ ကျူးလွန်သူတွေဟာ ငွေသား၊ ဖုန်းနဲ့ KPay စကားဝှက်တွေ တောင်းယူခဲ့တယ်လို့ ဆိုပါတယ်။

    အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းမှာလည်း စက်မှုဇုန် (၆) လမ်းရှိ “တိုးတိုးရှိန်” စတိုးဆိုင်ကို လက်နက်ကိုင်အမျိုးသားငါးဦး ဝင်ရောက်ခဲ့ပြီး ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ KPay နဲ့ Wave Pay အသုံးပြုတဲ့ ဖုန်းတစ်လုံးကို ယူဆောင်သွားခဲ့ပါတယ်။

    ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာ ဆိုင်ရှင်အမျိုးသမီးနဲ့ ကလေးငယ်တို့ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဆိုင်ဟာ အခုအကြိမ်အပါအဝင် သုံးကြိမ်တိုင် တိုက်ခိုက်ခံခဲ့ရပြီး ယခင်ဖြစ်စဉ်တစ်ခုမှာ ဆိုင်ရှင်အမျိုးသမီးရဲ့ မိခင် ပြန်ပေးဆွဲခံခဲ့ရကာ ကျပ်သိန်း ၅၀၀ ပေးပြီး ပြန်လည်ရွေးယူခဲ့ရတယ်လို့ မြို့ခံတွေက ‌ပြောထားပါတယ်။

  3. မင်္ဂလာပါ။

    အောက်တိုဘာ ၂၆ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။