တိုက်ရိုက်ထုတ်လွှင့်မှု, အမေရိကန်သမ္မတ ထရမ့် နဲ့ တရုတ်သမ္မတ ရှီ တွေ့ဆုံမှု ဘာတွေဆက်ဖြစ်နေလဲ

ဘေကျင်းမှာတွေ့ဆုံပြီးတဲ့နောက် အီရန်ကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေ မပေးတော့ဘူးလို့ ရှီ က ကတိပေးကြောင်း ထရမ့် ပြောတဲ့သတင်းအပါအဝင် မေလ ၁၅ ရက်နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဒီနေ့ဟာ ဘေဂျင်းခရီးစဉ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပြီး ထရမ့်နဲ့ ရှီ ဆက်တွေ့ဆုံဖို့ရှိနေ
  • တရုတ်ဟာ အီရန်ကနေ လောင်စာဆီတွေအများကြီးဝယ်ယူနေရပြီး ဆက်ပြီး ဝယ်ချင်ပုံရတယ်လို့ ထရမ့်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထရမ့်နဲ့ ရှီတွေ့ဆုံမှု - စူပါအင်အားကြီး အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကိုဘယ်လိုပုံဖော်ပေးနိုင်မလဲ

    ထရမ့်နဲ့ ရှီ သရုပ်ဖော်ပုံ
    ဓာတ်ပုံ ပုံစာ, ထရမ့်နဲ့ ရှီ သရုပ်ဖော်ပုံ

    ထရမ့်အတွက်တော့ အမေရိကန်- တရုတ် ဆက်ဆံရေးဟာ ဦးစားပေးအဖြစ် ရှေ့တန်းမရောက်တာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်ပါတယ်။ အီရန်နဲ့ဆက်ဖြစ်နေတဲ့ စစ်ပွဲ၊ အနောက်ကမ္ဘာခြမ်းမှာဖြစ်နေတဲ့စစ်ရေးနဲ့ ပြည်တွင််းကိစ္စရပ်တွေကို သူ အာရုံစိုက်နေပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ အခုသီတင်းပတ်အတွင်းမှာပဲ ပြောင်းလဲသွားပါတယ်။

    ကမ္ဘာ့ကုန်သွယ်ရေးအနာဂတ်၊ ထိုင်ဝမ်နဲ့ တင်းလာတဲ့ဆက်ဆံရေးနဲ့ နည်းပညာမြင့်မြင့်တွေအရေးဟာ ရလဒ်ပြတ်ပြတ်သားသား ထွက်ရမယ့်ကိစ္စတွေ ဖြစ်နေပါတယ်။

    စီးပွားရေးအရဆိုရင်တော့ အမေရိကန်နဲ့ ဆက်ဖြစ်နေတဲ့ကုန်သွယ်စစ်၊ အီရန်မှာ ဖြစ်နေတဲ့စစ်ပွဲကိစ္စတွေဟာ သမ္မတရှီအတွက် သတင်းကောင်းတော့ မဟုတ်ပါဘူး။

    ဒါပေမဲ့ နိုင်ငံရေးအရနဲ့ အယူအဆသဘောတရားအရဆိုရင်တော့ ဒါတွေက သူ့အတွက် လက်ဆောင်ဖြစ်နိုင်ပြီး ဒီကိစ္စတွေမှာ သူ့ဘက်က အသာစီးရမယ့်အနေအထားလို့ သူ ခံစားမိမှာပါ။ အခုအလည်အပတ်ခရီးစဉ်ဟာ လာမယ့်နှစ်တွေအတွင်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ပူးပေါင်း ဆောင်ရွက်မှု ဒါမှမဟုတ် ပဋိပက္ခအတွက် အခြေခံအုတ်မြစ် တည်မှုလည်းဖြစ်နိုင်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  2. တရုတ်က အီရန်ကို စစ်ဘက်သုံးပစ္စည်းတွေမထောက်ပံ့တော့ဘူးလို့ ထရမ့်ပြော

    အမေရိကန် သမ္မတ ထရမ့် နဲ့ တရုတ် သမ္မတ ရှီတို့ မျက်နှာချင်းဆိုင် လက်ဆွဲနှုတ်ဆက်နေကြချိန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မေ ၁၄ ရက် ထရမ့် နဲ့ ရှီ တွေ့ဆုံမှု

    သမ္မတနှစ်ဦး မနေ့က ဘေကျင်းမှာတွေ့ဆုံပြီးတဲ့နောက် အီရန်ကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေ မပေးတော့ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

    ဒါနဲ့ပတ်သက်လို့ တရုတ်ဘက်ကတုံ့ပြန်ချက်ကို အခုထိမရသေးပါဘူး။

    အီရန်စစ်ပွဲအကြောင်း နှစ်နိုင်ငံသမ္မတတွေဆွေးနွေးတဲ့အခါ အမေရိကန်က တရုတ်ကို ကူညီပေးရာရောက်တဲ့အကြောင်းထည့်ပြောခဲ့တယ်လို့ သမ္မတ ထရမ့်က Fox သတင်းဌာနနဲ့ သီးသန့် အင်တာဗျူးမှာ ဖြေခဲ့တာပါ။

    “တရုတ်ကလည်း အီရန်မှာ နျူကလီးယားလက်နက်ရှိသွားမှာ လိုလားပုံမရဘူး” လို့ ထရမ့်က ပြောပါတယ်။

    အီရန်ကို တရုတ်ကလက်နက်မထောက်ပံ့တော့ဘူးဆိုတဲ့ကတိက အရေးကြီးတဲ့ ကြေညာချက် တခုဖြစ်တယ်လို့လည်း သူက ထည့်ပြောသွားပါတယ်။

    ဒါပေမဲ့ တရုတ်ဟာ အီရန်ကနေ လောင်စာဆီတွေအများကြီးဝယ်ယူနေရပြီး ဆက်ပြီး ဝယ်ချင်ပုံ ရတယ်လို့လည်း ထရမ့်က Fox သတင်းဌာနကို ပြောခဲ့ပါတယ်။

    တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံတာဟာ အရေးကြီးတဲ့အခိုက်အတန့်လို့ ထရမ့်က ညွှန်းဆိုပြီး “ G2” ထိပ်သီးနှစ်နိုင်ငံတွေ့ဆုံမှုလို့လည်း သုံးနှုန်းခဲ့ပါတယ်။ ဒီနေ့ဟာ ဘေဂျင်းခရီးစဉ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပြီး ထရမ့်နဲ့ ရှီ ဆက်တွေ့ဆုံဖို့ရှိနေပါတယ်။

    အသစ်ဖြည့်စွက်ချက် - အီရန်အရေးနဲ့ပတ်သက်လို့တော့ အမေရိကန်နဲ့ အီရန်သာမက ဒေသတွင်းရော ကမ္ဘာအတွက်ပါ အကျိုးရှိမယ့် ဖြေရှင်းနည်းကို အမြန်ဆုံးရှာဖွေဖို့ တရုတ်ဘက်က တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလာပါတယ်။

    နှစ်နိုင်ငံအပြင် ကမ္ဘာတလွှားက အရေးကြီးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်အသစ်တွေရခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

    ဆွေးနွေးခဲ့တဲ့အကြောင်းအရာအသေးစိတ်ကို ထုတ်မပြောပေမဲ့ “တဖက်ချင်းစီ စိုးရိမ်နေရတဲ့ အကြောင်းအရာတွေကို ကိုင်တွယ်နိုင်ဖို့အတွက် အရေးကြီးတဲ့သဘောတူညီချက်တွေ လုပ်နိုင်ခဲ့တယ်” လို့ပြောကြောင်း တရုတ်ကလာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။

  3. မင်္ဂလာပါ။

    မေလ ၁၅ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။​