ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, အင်ဒိုနီးရှားမှာ ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျုရှိတဲ့အင်အားပြင်းငလျင်လှုပ်

အင်ဒိုနီးရှားနိုင်ငံမှာ ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၄ ရှိတဲ့ ငလျင်ကြီး ဒီနေ့ မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့ပြီး ဆူနာမီအန္တရာယ်သတိပေးချက်လည်း ချက်ချင်းထုတ်ပြန်ခဲ့တဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီသတိပေးချက်ပါထုတ်ခဲ့ရတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး အဆောက်အဦးပျက်စီးတာနဲ့ ထိခိုက်ဒဏ်ရာရတာရှိ
  • နှစ်ပေါင်း ၅၀ ကျော်အတွင်း လကမ္ဘာကို ပထမဆုံးအကြိမ် ပတ်မယ့် နာဆာရဲ့ အာတီမစ် ၂ (Artemis) အာကာသလေ့လာရေးခရီးစဉ် စတင်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုက်ပွဲတွေကြောင့် ၂ နှစ်ကျော်ပိတ်ခဲ့ရတဲ့အာရှလမ်း စစ်ကော်မရှင် ပြန်ဖွင့်ပေမဲ့ ကားကြီးတွေ သွားခွင့်မပေးသေး

    ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ ကရင်ပြည်နယ်ထဲက အာရှလမ်းကို ဧပြီ ၂ ရက်မှာ စတင်ဖွင့်လှစ်လိုက်ပြီလို့ နယ်စပ်ကုန်သွယ်ရေးသမားတချို့က ဘီဘီစီကို ပြောပါတယ်။

    အာရှလမ်းပေါ်မှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းအဖွဲ့တွေရဲ့တိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပိတ်ခဲ့တဲ့ဒီလမ်းကို စစ်ကော်မရှင်က ပြီးခဲ့တဲ့နှစ်အတွင်းက ပြန်လည်ထိန်းချုပ်အပြီး ပြန်လည် ဖွင့်လှစ်တာဖြစ်ပါတယ်။

    “လွန်းည ရေပြာအိုင်နားက တံတားဦးရွာမှာ ဖွင့်ပွဲလုပ်တာပါ။ တွဲကားနဲ့ ကုန်တင် ၁၂ ဘီးကားတွေက လွဲရင် ကျန်တဲ့ကားလေးတွေ ဖြတ်လို့ရတယ်။ တခြားကန့်သတ်ချက်တော့ မရှိဘူး” လို့ နယ်စပ်ကုန် သွယ်ရေးလုပ်သူတစ်ဦးက ပြောပါတယ်။

    စစ်ကော်မရှင်က အာရှလမ်းကို ပြန်ဖွင့်လိုက်ပြီဖြစ်ပေမဲ့ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ကို ဆက်သွယ်ထားတဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတဆင့် ထိုင်းနိုင်ငံနဲ့ကုန်သွယ်ရေးတော့ ပြန်မစနိုင်သေးဘူးလို့ နယ်စပ် ကုန်သည်တွေက ပြောပါတယ်။

    “ကုန်သွယ်ရေး မဖွင့်နိုင်သေးပါဘူး။ သွင်းကုန်လိုင်စင်ကိစ္စကို စီးပွား/ကူးသန်းကနေ မူဝါဒဘာမှ သေချာမသိရသေးဘူး” နယ်စပ် ပို့ကုန်-သွင်းကုန် ကုန်သည်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မြဝတီနယ်စပ်ကုန်သွယ်ရေးဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း တစ်ထောင်ကျော်အထိ ရှိနေတယ်လို့ မြန်မာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာအထိ အချက်အလက်တွေမှာ တွေ့ရပါတယ်။

    နယ်စပ်ကုန်သွယ်ရေး မလုပ်နိုင်တာ ကြာပြီမို့ ကုန်သွယ်ရေးပြန်စနိုင်ဖို့ ထိုင်းဘက်က နေပြည်တော်ကို တိုက်တွန်းနေချိန်မှာပဲ စစ်တပ်က အာရှလမ်းစိုးမိုးရေးကို ပြန်လုပ်ပြီးတဲ့နောက် စစ်ကော်မရှင်က လမ်းပြန်ဖွင့်လိုက်တာဖြစ်ပါတယ်။

    နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့ မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလမှာ ဖူးကတ်မြို့မှာတွေ့ဆုံချိန် တိုက်တွန်းခဲ့တာဖြစ်ပြီး အဲဒီအတွက် နယ်စပ်က တိုင်းရင်းသား နက်လက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ စကားပြောမယ်ဆိုရင် ထိုင်းက ကြားဝင်ကူညီပေးဖို့ရှိတယ်လို့လည်း ထိုင်းဝန်ကြီးက ကမ်းလှမ်းခဲ့ပါတယ်။

  2. သတင်းထူး, လကမ္ဘာကို ပတ်လေ့လာမယ့် Artemis II ယာဉ် ကမ္ဘာပတ်လမ်းပေါ် ရောက်ပြီ

    နှစ်ပေါင်း ၅၀ ကျော်အတွင်း လကမ္ဘာကို ပထမဆုံးအကြိမ် ပတ်မယ့် နာဆာရဲ့ အာတီမစ် ၂ (Artemis II) အာကာသလေ့လာရေးခရီးစဉ် စတင်ပြီဖြစ်ပြီး အာကာသယာဉ်ဟာ အခုဆို ကမ္ဘာပတ်လမ်းထဲအထိ ချောချောမွေ့မွေ့ရောက်သွားပြီဖြစ်ပါတယ်။

    ဒီအာကာသယာဉ်မှာ လိုက်ပါသွားတဲ့ယာဉ်မှူးတွေက ယာဉ်ရဲ့ကြံ့ခိုင်မှုကို စစ်ဆေးတာတွေ လုပ်ကြမှာမို့ ဒီယာဉ်ဟာ ကမ္ဘာပတ်လမ်းထဲမှာ နောက်ထပ် ၂၄ နာရီအထိ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ ခရီးဆက်ဖို့ အဆင်ပြေတယ်ဆိုရင်တော့ လကမ္ဘာဆီ ဆက်လက်ပျံသန်းမှာဖြစ်ပါတယ်။

    လက်ရှိမှာတော့ ယာဉ်မှူးတွေဟာ ‘‘လုံခြုံ၊ ဘေးကင်းပြီး စိတ်အားလည်း ထက်သန်နေကြတယ်’’ လို့ နာဆာအကြီးအကဲတစ်ယောက်က ယာဉ်လွှတ်တင်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    ယာဉ်မှူးတစ်ဦးဖြစ်တဲ့ ရိဒ် ၀ိုက်စ်မန်းကတော့ ယာဉ်ပျံတက်အပြီးမကြာခင်မှာပဲ ကောင်းကင်ကနေ မြေကမ္ဘာကို သူမြင်တွေ့ရတဲ့မြင်ကွင်းကို ‘‘သိပ်လှတဲ့မြင်ကွင်း’’လို့ ပြောပြီး ‘‘လ တက်ချိန်အလှကို မြင်ခဲ့ရပြီ’’ လို့လည်း ပြောပါတယ်။

    ဒီယာဉ်လွှတ်တင်မှုဟာ အံ့သြဘနန်းဖြစ်စရာလို့ ဘီဘီစီ သိပ္ပံအယ်ဒီတာက ရေးပါတယ်။

    ယာဉ်ကို ပင့်တင်တဲ့ ဒုန်းပျံ အားယူတက်တဲ့အရှိန်ကနေ လူကို လာရိုက်တဲ့လှိုင်းအားဟာ တစ်ကိုယ်လုံးကို ဖြတ်သန်းသွားတယ်လို့လည်း သူက ရေးပါတယ်။

    ၁၀ ရက်ကြာမယ့် ဒီလေ့လာရေးဟာ လပေါ်ကို ဆင်းသက်မှာမဟုတ်ဘဲ လကို ပတ် ပျံသန်းမှာဖြစ်ပါတယ်။

  3. အင်ဒိုနီးရှားမှာ ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျုရှိတဲ့အင်အားပြင်းငလျင်လှုပ်, ဆူနာမီသတိပေးချက်ထုတ်ခဲ့ရ

    အင်ဒိုနီးရှားနိုင်ငံမှာ ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၄ ရှိတဲ့ ငလျင်ကြီး ဒီနေ့ မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်အရှိန်ကြောင့် ဆူနာမီအန္တရာယ်သတိပေးချက်လည်း ချက်ချင်းထုတ်ပြန်ခဲ့ရပြီး နှစ်နာရီအကြာမှာတော့ သတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

    အမေရိကန်ငလျင်တိုင်းတာစောင့်ကြည့်ရေးဌာန(USGS) ရဲ့ ကနဦးတိုင်းတာထုတ်ပြန်ချက်မှာတော့ ဒီငလျင်ဟာ မဂ္ဂနီကျု ၇ ဒသမ ၈ အဆင့်လို့ပြခဲ့တာပါ။ ငလျင်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေ ၂ သိန်းကျော်ရှိတဲ့ တာနတေ ကျွန်းမြို့ကနေ ၇၅ မိုင်ဝန်းကျင်အကွာက မိုလုကာပင်လယ်ထဲမှာ ဗဟိုပြုလှုပ်ခတ်တာ ဖြစ်ပါတယ်။

    ဒီမနက်လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ အနီးဆုံးကျွန်းမြို့တွေကတော့ တာနတေအပြင် ဘီတွန်နဲ့ မာနာဒိုမြို့တွေက အနီးဆုံးရှိနေတဲ့ မြို့တွေဖြစ်ပါတယ်။

    “အပြင်မှာ လူတွေက ကြောက်လွန်းလို့ အချင်းချင်းလက်ချင်းတွဲသူတွေ၊ တချို့ဆိုဖက်ထားကြတယ်။ အရင်ကလှုပ်တဲ့ငလျင်တွေက ဒီလောက်မကြမ်းဘူး” လို့ ဘီတွန်မှာ နေတာ ၂ နှစ်ရှိပြီဖြစ်ပြီး ငလျင်လှုပ်တာ မကြာခဏကြုံဖူးတဲ့ ကုန်စုံဆိုင်ပိုင်ရှင် ယာယုခ် အော့တီယာနီက ပြောပါတယ်။

    မာနာဒိုမြို့ခံကလည်း ဒီငလျင်က”အကြမ်းဆုံးလို့ ခံစားရတယ်” လို့ဆိုပါတယ်။

    ဆူလာဝေစီကျွန်းမြောက်ပိုင်းက အသက် ၇၀ အရွယ်အမျိုးသမီးတစ်ဦးကတော့ အဆောက်အဦးပြို ကျတဲ့အောက် ပိမိပြီး သေဆုံးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ နောက်ဆက်တွဲငလျင် ၂ ခုလည်း ဆက်လှုပ်ခဲ့ပြီး ငလျင်ငယ်တွေ ဆက်လာနိုင်သေးတယ်လို့ အင်ဒိုနီးရှားဘူမိဗေဒအေဂျင်စီက ပြောထားပါတယ်။

    “အဆောက်အဦးပျက်စီးတာနဲ့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းပေးပို့ချက်တွေရထားတယ်” လို့ အေဂျင်စီကဆိုပေမဲ့ အသေးစိတ်တော့ မထုတ်ပြန်ထားပါဘူး။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုလည်း တဖြည်းဖြည်းနဲ့ထွက်ပေါ် လာနေပါတယ်။

  4. မင်္ဂလာပါ။ ဧပြီ ၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။

    နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။