လားရှိုးမှာ ရှော့တိုက်ဒုံးကြောင့် သေဆုံးတဲ့အမျိုးသမီး ဒီနေ့သင်္ဂြိုဟ်မယ်

ဓာတ်ပုံ ရင်းမြစ်, SSPP Info
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဇူလိုင် ၉ ရက်ညနေပိုင်းက ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးကို ဒီနေ့ သင်္ဂြိုဟ်မှာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ပေါ်က ရပ်ကွက် ၆၊ ရပ်ကွက် ၁၀ ၊ ရပ်ကွက် ၇၊ ရပ်ကွက် ၉ စတဲ့ နေရာတွေကို ဇူလိုင် ၉ ရက် ညနေပိုင်းမှာ ရှော့တိုက်ဒုံး ၄ လုံးကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပြီး ရပ်ကွက် ၁၀ က အသက် ၃၅ နှစ်အရွယ် အမျိုးသမီး သေဆုံးပြီး ရပ်ကွက် ၆ က အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။
“အဲဒီအမျိုးသမီးက တနေကုန် ဘုရားကျောင်းမှာ လုပ်ကိုင်ပေးပြီး ပင်ပန်းလာလို့ အိမ်မှာပြန်အိပ်တဲ့အချိန်အိမ်ပေါ် ဒုံးကျတော့ ပြေးချိန်မရလိုက်ဘူး။ ဆေးရုံပို့တဲ့လမ်းမှာပဲ ဆုံးတာ။ သူ့မှာ ကိုယ်ဝန်ရှိနေတာတော့သိတယ်၊ ဘယ်နှလလည်းတော့ မသိဘူး”လို့ သေဆုံးသူ အမျိုးသမီး မိသားစုဝင်နဲ့ နီးစပ်သူ လားရှိုးမြို့ခံက ပြောပါတယ်။
ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတဲ့ နေရာတွေကို စစ်တပ်က မနေ့ညနေပိုင်းက လိုက်စစ်ဆေးတာတွေ ရှိပေမဲ့ ဇူလိုင် ၁၀ ရက် မနက်ပိုင်းအထိတော့ ပြည်သူတွေ ပုံမှန်သွားလာနေကြတယ်လို့ သိရပါတယ်။
တချို့ မိဘတွေကတော့ ကလေးတွေကို ကျောင်းမပို့ဘဲ အခြေအနေ စောင့်ကြည့်နေတယ်လို့ နောက်ထပ် မြို့ခံတစ်ယောက်က ပြောပါတယ်။
ရှော့တိုက်ဒုံး ပစ်တဲ့နေရာဟာ မြို့ရှောင်လမ်းရှိတဲ့ ဆင်တောင်ဘက်က ဖြစ်တယ်လို့လည်း ခန့်မှန်းကြပါတယ်။
လားရှိုးမြို့ထဲက ရပ်ကွက် ၁၂ ခုထဲမှာသာ စစ်တပ်က စိုးမိုးနိုင်ပြီး လားရှိုးမြို့ပြင်ဘက်တွေကိုတော့ ကိုးကန့်တပ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
လားရှိုး- သီပေါ- မိုင်းရယ်လမ်းကိုလည်း ပြန်စိုးမိုးခွင့်ရဖို့ စစ်တပ်နဲ့ ကိုးကန့်တပ်တို့ မကြာခဏ ညှိနှိုင်းတာတွေ ရှိနေတယ်လို့လည်း ရှမ်းမြောက်အရေး ကျွမ်းကျင်တဲ့ လားရှိုးမြို့ခံက ပြောပါတယ်။
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတွေကနေ ဖြတ်သန်းလာတဲ့ တရုတ်ပစ္စည်းသယ်ကုန်ကားတွေကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ရက် ၁၀၀ စီမံချက်ဆိုပြီး စစ်တပ်က လားရှိုးမြို့ထဲကို ဝင်ခွင့်မပြုတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ဟာ ကိုးကန့်တပ်-MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ် မှာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရရဲ့ ညှိနှိုင်းမှုကြောင့် ၂၀၂၅ ခုနှစ်မှာ ဧပြီမှာ စစ်တပ်က ပြန်ထိန်းချုပ်တာဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးဟာ နှစ်နိုင်ငံ အစိုးရချင်းသာ ဆောင်ရွက်ရတာဖြစ်ပြီး ဘယ်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ဘဲအိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေ မြန်မြန်အကောင်အထည်ဖော်နိုင်အောင် လုံခြုံရေးနဲ့ ထိန်းချုပ်ရေးပိုင်းတွေကို ဆောင်ရွက်ဖို့ကိုလည်း အသွင်ပြောင်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၉ ရက်မှာ ပြောထားပါတယ်။



