ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာမှာ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့ အမေရိကန်ပါဝင်တဲ့ Quad အဖွဲ့တိုက်တွန်း

မြန်မာမှာ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့ အမေရိကန်ပါဝင်တဲ့ Quad အဖွဲ့တိုက်တွန်း တဲ့ သတင်းအပါအဝင် မေလ ၂၇ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာပဋိပက္ခဟာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ နဲ့ ဒေသတွင်း လုံခြုံရေး အတွက် စိုးရိမ်စရာဖြစ်တယ်လို့ Quad အဖွဲ့ဝင် အမေရိကန်၊ ဩစတေးလျ၊ အိန္ဒိယ၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲထုတ်ပြန်
  • လာမယ့် ၅ နှစ်တာအတွင်း ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားမယ်လို့ ဦးမင်းအောင်လှိုင်ပြော
  • ပြီးခဲ့တဲ့နှစ်အတွင်းနေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ခဲ့တဲ့ ဘယ်လာရုဇ် သမ္မတ လူကာရှန်ကို က မြန်မာ-ဘယ်လာရုဇ်နှစ်နိုင်ငံအကြား ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ကို အတည်ပြု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ၅ နှစ်အတွင်း ငြိမ်းချမ်းရေးရအောင်လုပ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော

    မြန်မာမှာ ၅ နှစ်အတွင်း ငြိမ်းချမ်းရေးရအောင်လုပ်မယ်လို့ နေပြည်တော်မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်က မေလ ၂၇ ရက်တုန်းကပြုလုပ်တဲ့ သူ့အစိုးရအစည်းအဝေးမှာ ပြောလိုက်ပါတယ်။

    ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး လက်ရှိမှာလည်း တိုင်းရင်းသားလက်နက်ကိုင်(EAO) အချို့နဲ့ အောက်ခြေအဆင့် ထိတွေ့စကားပြောဆိုမှု ရှိတယ်လို့လည်း သူကပြောပါတယ်။

    ဒါပေမဲ့ နေပြည်တော်နဲ့ဆွေးနွေးနေတဲ့အဖွဲ့တွေက ဘယ်အဖွဲ့တွေလဲဆိုတာကိုတော့ သူက မပြောသွားပါဘူး။

    ဦးမင်းအောင်လှိုင်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို တည်ဆောက်မယ်လို့ သူ့မိန့်ခွန်းထဲပြောပေမဲ့ နယ်‌မြေဒေသကို ပေးတဲ့ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးတဲ့ ဖက်ဒရယ်စနစ် မဟုတ်ဘူးလို့လည်း ပြောပါတယ်။

    မြန်မာနိုင်ငံတွင်းက လူမျိုးတွေကို ဖက်ဒရယ်စနစ်မပေးဘဲ နယ်မြေဒေသတွေကို နေပြည်တော်က ဗဟိုချုပ်ကိုင်ထားတဲ့ ဖက်ဒရယ်စနစ်ပုံစံမျိုးလို့ နားလည်ရပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်အရေးတို့ကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လိုလားပါတယ်။

    နောက်ပြီး တိုင်းရင်းသားလူမျိုးတွေကို အခြေခံတဲ့ ပြည်နယ်တွေ ဒါမှမဟုတ် ဖက်ဒရယ်ယူနစ်တွေကို ဖွဲ့စည်းပြီး ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးဆိုတဲ့မူနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးဆောင်ရွက်နေကြပါတယ်။

    ဒါကြောင့် နေပြည်တော်က အကောင်အထည်ဖော်မယ်ဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစု အကောင်အထည်ဖော်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ အနှစ်သာရပိုင်းမှာ ကွဲလွဲမှုတွေရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။

  2. ခရီးသွားရာဂဏန်းသာရှိတဲ့ မြန်မာ-ဘယ်လာရုဇ်ကြား ဗီဇာကင်းလွတ်ခွင့်ကို ဘယ်လာရုဇ်သမ္မတအတည်ပြု

    ပြီးခဲ့တဲ့နှစ်အတွင်း နှစ်နိုင်ငံအပြန်အလှန် ခရီးသွား အယောက် ၅၀၀ တောင်မပြည့်တဲ့မြန်မာနဲ့ ဘယ်လာရုဇ်ကြား ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ကို ဘယ်လာရုဇ်သမ္မတ လူကာရှန်ကိုက အတည်ပြုလက်မှတ်ထိုးလိုက်ပြီလို့ ဘယ်လာရုဇ် သတင်းတွေမှာ ဖော်ပြပါတယ်။

    ဥရောပက နောက်ဆုံးအာဏာရှင်လို့ ဝေဖန်ခံရတဲ့ လူကာရှန်ကိုရဲ့ မနှစ်တုန်းက နေပြည်တော်ခရီးမှာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်စတင်ဖို့ အဲဒီအချိန်တုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လက်မှတ်ထိုးခဲ့ပါတယ်။

    နှစ်နိုင်ငံ ရက် ၃၀ ကြာ ဗီဇာကင်းလွတ်ခွင့်ကို သမ္မတ လူကာရှန်ကိုက အတည်ပြုတာဖြစ်ပြီး တစ်နှစ်ကို ရက်ပေါင်း ၉၀ ထက် မများတဲ့ပြည်ဝင်ခွင့်လည်း အကျုံးဝင်မှာဖြစ်ပါတယ်။

    နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်အစီအစဉ်ကို ဘယ်လာရုဇ် လွှတ်တော်က ပြီးခဲ့တဲ့ ဧပြီလမှာ အတည်ပြုခဲ့ပြီးနောက်မှာ သမ္မတ လက်မှတ်ထိုး အတည်ပြုလိုက်တာလို့ ဆိုပါတယ်။

    လက်ရှိမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနဲ့ ဘယ်လာရုဇ်ကြား အသွားအပြန်ခရီးသွား ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို တရားဝင်အချက်အလက် မသိရပါဘူး။

    ဘယ်လာရုဇ် အောက်လွှတ်တော် နိုင်ငံတကာရေးရာအမြဲတမ်းကော်မတီဝင် လွှတ်တော်အမတ် အလက်ဇန်းဒါး ရှာကော့စကီးကတော့ ၂၀၂၅ ခုနှစ်အတွင်း ဘယ်လာရုဇ် ခရီးသွား အယောက် ၃၀၀ မြန်မာကို လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံသား ၁၅၀ နီးပါး ဘယ်လာရုဇ်ကို လာရောက်ခဲ့တယ်လို့ ဧပြီလတုန်းက ပြောထားပါတယ်။

    မြန်မာနဲ့ ဘယ်လာရုဇ်ဟာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၁၉၉၇ ခုနှစ်ကစလို့ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တာဖြစ်ပါတယ်။

    သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ နှစ်နိုင်ငံဝန်ကြီးတွေ အပြန်အလှန် လည်ပတ်မှုတွေနဲ့ ဆက်ဆံရေး နီးကပ်ခဲ့ပေမဲ့ NLD အရပ်သား အစိုးရတက်လာတဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဆက်ဆံရေး ပြန်အေးသွားခဲ့ပါတယ်။

    ဒါပေမဲ့ မြန်မာမှာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း နေပြည်တော်နဲ့ မင့်စ်ကြားမှာ ဆက်ဆံရေး ပြန်နီးကပ်လာပြီး ဘယ်လာရုဇ်သမ္မတ ကိုယ်တိုင် နေပြည်တော်ကို ၂ ရက်ကြာ ခရီးထွက်ပေါ်ခဲ့လို့ သံတမန်ဆက်ဆံရေး အမြင့်ဆုံးကို ပြန်ရောက်ခဲ့ပါတယ်။

    လက်ရှိမှာ နေပြည်တော်မှာ သမ္မတရာထူး ယူထားတဲ့ ဦးမင်းအောင်လှိုင်ကိုယ်တိုင်လည်း စစ်ခေါင်းဆောင် တာဝန်ယူချိန်တုန်းက ဘယ်လာရုဇ်ကို သွားခဲ့သလို မြန်မာစစ်တပ်ရဲ့ပညာတော်သင်တွေလည်း ဘယ်လာရုဇ်မှာ ပညာသင်နေပါတယ်။

    မြန်မာပဋိပက္ခမှာ အရပ်သားတွေသေဆုံးမှုဖြစ်နေချိန် မြန်မာစစ်တပ်ကို ဘယ်လာရုဇ်က စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက် ထောက်ပြပါတယ်။

    ဒါပေမဲ့ မြန်မာစစ်တပ်နဲ့ ဘယ်လာရုဇ်ကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေး ဆက်ရှိနေပါတယ်။

    လက်ရှိမှာလည်း နေပြည်တော် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ မင့်ခ်စ်မြို့ကို ရောက်ရှိနေပြီး ဘယ်လာရုဇ် ကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံကာ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ဖို့ ပြောဆိုထားတဲ့အကြောင်း မင့်ခ်စ်ကနေလာတဲ့သတင်းတွေက ဆိုပါတယ်။

    ဗိုလ်ချုပ်ကြီး ထွန်းအောင်က ဘယ်လာရုဇ်လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဆက်သွယ်ရေး၊ ကာကွယ်ရေးကဏ္ဍ၊ မြန်မာစစ်ဘက်ကျွမ်းကျင်သူတွေကို ဘယ်လာရုဇ်ကို စေလွှတ်ဖို့ ဆန္ဒရှိတဲ့အကြောင်း အဲဒီတွေ့ဆုံမှုမှာ ဆွေးနွေးထားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

  3. မြန်မာမှာ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့ အမေရိကန်ပါဝင်တဲ့ Quad အဖွဲ့တိုက်တွန်း

    မြန်မာက ပဋိပက္ခအခြေအနေက စိုးရိမ်စရာဆက်ဖြစ်နေလို့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့ အမေရိကန်ပါဝင်တဲ့ Quad အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

    Quad ကို အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ ဩစတြေးလျ တို့ လေးနိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ မဟာဗျူဟာမြောက် မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။

    ပဋိပက္ခကြောင့် ထိခိုက်နစ်နာနေသူတွေ အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးဆိုတာကို အချက် ၁ ချက်အနေနဲ့ထည့်ပြောထားတာဖြစ်ပါတယ်။

    ဒါအပြင် မြန်မာက ပဋိပက္ခအခြေအနေဟာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ တိုးလာစေပြီး ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာထည့်ပြောထားပါတယ်။

    အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မေလ ၂၆ ရက်က ကျင်းပခဲ့တဲ့ Quad နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။

    ဒါ့အပြင် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ဖော်ပြထားပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လုံခြုံစွာ ဖြတ်သန်းနိုင်မယ့် အခြေအနေ ဖန်တီးပေးဖို့ တောင်းဆိုထားပါတယ်။

    တစ်ဖက်မှာလည်း လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ လိင်ပိုင်းဆိုင်ရာ ငွေညှစ်ခြိမ်းခြောက်မှုတွေ အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ပိုမိုကြီးထွားစေတဲ့ အရှေ့တောင်အာရှဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုလည်း အထူးစိုးရိမ်တယ်လို့ Quad က ဆိုပါတယ်။

    အဲဒီ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်လို့လည်း Quad ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  4. မင်္ဂလာပါ။ မေ ၂၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။