လောင်စာဆီအကျပ်အတည်း ဖြေရှင်းဖို့ အာရှနိုင်ငံတွေကို ဒေါ်လာ ၁၀ ဘီလျံကူမယ်လို့ ဂျပန်ပြော

ဓာတ်ပုံ ရင်းမြစ်, Japan Cabinet Public Affairs Office
- ရေးသားသူ, ခို အွေး
- ဖတ်ရန်အချိန်: မိနစ် ၂
အီရန်စစ်ပွဲကြောင့် အာရှဒေသမှာ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေကြချိန်မှာ ရေနံစိမ်းအပါအဝင် စွမ်းအင် လောင်စာဆီ ရနိင်ရေးအတွက် အိမ်နီးချင်း အာရှနိုင်ငံတွေ အထူးသဖြင့် အရှေ့တောင်အာရှဒေသက နိုင်ငံတွေကို အကူအညီပေးဖို့ ဒေါ်လာ ၁၀ ဘီလျံ ထောက်ပံ့ပေးမယ်လို့ ဂျပန်အစိုးရက ထုတ်ဖော် ကတိပြုလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က တခြားအာရှနိုင်ငံ ခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံအပြီးမှာ ပူးပေါင်းဆောင်ရွက်မှု အခြေခံမူဘောင်သစ်တစ်ခုအကြောင်း ဂျပန် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ဓာတ်ဆီကနေ ထွက်တဲ့ ထုတ်ကုန်တွေ အထူးသဖြင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေအတွက် အရှေ့တောင်အာရှဒေသပေါ် ဂျပန်က မှီခိုအားထားနေရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းကို တာကာအီချီက အလေးထား ပြောသွားခဲ့ပါတယ်။
"ဂျပန်ဟာ ကုန်စည်ထောက်ပံ့စီးဆင်းမှုကနေတဆင့် အာရှနိုင်ငံအချင်းချင်း နီးနီးကပ်ကပ် ဆက်နွှယ်နေပြီး အပြန်အလှန် မှီခိုအားထားနေကြပါတယ်" လို့ သူက ပြောပါတယ်။
ဂျပန်ရဲ့ ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူဘောင်သစ်ဟာ အာရှနိုင်ငံတွေကို ရေနံစိမ်းနဲ့ ဓာတ်ဆီထွက်ကုန်တွေ ရဖို့ရော၊ ကုန်စည်စီးဆင်းမှု ဆက်ထိန်းထားပြီး သိုလှောင်မှုတွေ ပိုလုပ်နိုင်ဖို့ကိုပါ ရည်ရွယ်ပါတယ်။
အာရှဒေသဟာ အထူးသဖြင့် ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့မှုကနေ ဖြစ်လာတဲ့ လောင်စာဆီ အထောက်အပံ့တွေ ထိခိုက်လာရမှုကို ခံနိုင်ရည်စွမ်း သိပ်မရှိလှပါဘူး။ အာရှဒေသအတွက် တင်ပို့တဲ့ ရေနံနဲ့ ဓာတ်ငွေ့ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်း နီးပါးလောက်ဟာ အရေးပါတဲ့ ရေကြောင်းလမ်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကို ဖြတ်လာရတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ငွေကြေးအထောက်အပံ့ ဒေါ်လာ ၁၀ ဘီလျံဟာ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့က နိုင်ငံတွေရဲ့ တစ်နှစ်စာ ရေနံစိမ်းတင်သွင်းမှုတန်ဖိုးနဲ့ အကြမ်းအားဖြင့် ညီမျှတယ်လို့ ပြောပါတယ်။
ဒီပဏာမဆောင်ရွက်ချက်ကို အွန်လိုင်းအစည်းအဝေး တက်ရောက်လာကြတဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ တောင်ကိုရီးယား အပါအဝင် နိုင်ငံခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပါတယ်။ ဒီစီမံကိန်းအတွက် ရန်ပုံငွေကို အရင်းအမြစ်နေရာ အမျိုးမျိုးကနေ ပေးမှာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီထဲမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဂျပန်ဘဏ်၊ နိပွန် ထုတ်ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှု အာမခံကုမ္ပဏီတို့ရော၊ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ အာရှဖွံ့ဖြိုးရေးဘဏ်တွေပါ ပါပါတယ်။
တာကာအီချီ က ဒီပဏာမ ဆောင်ရွက်ချက်ကြောင့် ဂျပန်နိုင်ငံရဲ့ ပြည်တွင်း ရေနံထောက်ပံ့မှုအပေါ် ဆိုးကျိုးသက်ရောက်စရာ မရှိဘူးလို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်အကုန်မှာ ဂျပန်နိုင်ငံရဲ့ အရန် လောင်စာဆီဟာ ပြည်တွင်းမှာ ရက်ပေါင်း ၂၅၄ ရက် သုံးစွဲဖို့ လုံလောက်တဲ့ ပမာဏ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာတဝန်း လောင်စာဆီ အကျပ်အတည်းကြောင့် အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ အရန် လောင်စာဆီထဲကနေ ထုတ်သုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့လက ဂျပန်အစိုးရက သူတို့ရဲ့ အရန်လောင်စာဆီတွေထဲကနေ ရက် ၅၀ စာဆီတွေ စံချိန်တင်ထုတ်ခဲ့ရပါတယ်။ မေလအစပိုင်းကျရင် နောက်ထပ် ရက် ၂၀ စာ ဆီတွေ ထပ်ထုတ်မယ်လို့ အာဏာပိုင်တွေက ပြောထားပြီး ဖြစ်ပါတယ်။
ရေနံစိမ်းကနေ ထုတ်တဲ့ ဓာတ်ဆီဓာတု ပစ္စည်းတစ်မျိုးနဲ့ ပလတ်စတစ်မှာ ပါတဲ့ အရေးပါတဲ့ ကုန်ကြမ်းပစ္စည်းတစ်မျိုးဖြစ်တဲ့ နက်ဖ်သာ ပြတ်လပ်သွားမှာကို ဂျပန်မှာ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ အထူးသဖြင့် အဲဒီကုန်ကြမ်းပါတဲ့ ဆေးထိုးအပ်တွေ ၊ လက်အိတ်တွေနဲ့ ကျောက်ဆေးတဲ့ စက်ပစ္စည်းတွေက အဲဒီပစ္စည်းနဲ့ လုပ်တာ ဖြစ်ပါတယ်။
ဂျပန်ပြည်သူတွေကို စိတ်အေးအေး ထားကြဖို့ တာကာအီချီက တိုက်တွန်းလိုက်ပြီး ဒီလိုရုတ်တရက်ကြီး ပစ္စည်း ပြတ်လပ်သွားတာမျိုး ဖြစ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါပေမဲ့ အဲဒီ နက်ဖ်သာ ကုန်ကြမ်းပစ္စည်း ပြတ်သွားရင် နဂိုကတည်းကိုက သက်ကြီးရွယ်အိုတွေ များလာနေတာကြောင့် အကျပ်အတည်း ကြုံနေတဲ့ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှုစနစ်အပေါ် နောက်ထပ်ဝန်ပိလာမှာကို စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဆီစျေးတွေ ထိုးတက်လာနေတဲ့ ဒဏ်ကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အရှေ့တောင်အာရှဒေသတဝန်းမှာလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ စွမ်းအင်ချွေတာဖို့ ကြိုးစားတဲ့အနေနဲ့ ကား ဝေမျှသုံးကြဖို့၊ လေအေးစက် သုံးတာကို ရှောင်ကြဉ်ကြဖို့ ပြည်သူတွေကို နိုင်ငံအစိုးရတွေက တိုက်တွန်းထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် နိုင်ငံတဝန်း အရေးပေါ် စွမ်းအင်ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဗုဒ္ဓဟူးနေ့က ဂျပန် ဧည့်ခံကျင်းပတဲ့ အဲဒီထိပ်သီးဆွေးနွေးပွဲမှာပဲ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ က လောင်စာဆီ မျှဝေရေးသဘောတူချက်ကို အသက်ဝင်အောင် လုပ်ဖို့ အာဆီယံအဖွဲ့ကြီးကို ပန်ကြားခဲ့ပါတယ်။
"အာရှဒေသက ဘယ်နိုင်ငံမှ ဒီလောက်ကြီးမားတဲ့ ကုန်စည်စီးဆင်းမှု အကျပ်အတည်းကြီးကို သူတို့တဦးတည်း ဖြေရှင်းနိုင်စွမ်း မရှိဘူး"လို့ သူက ပြောပါတယ်။








