ဇွန် ၆ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - အိန္ဒိယမှာ အလုပ်အကိုင်ရှားပါးလို့ ဒေလီမှာ လူငယ်တွေ ဆန္ဒပြ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

အိန္ဒိယ နိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုကို ဆန္ဒပြတဲ့ လူငယ်တွေရဲ့ စုစည်း လှုပ်ရှားမှု တစ်ခု ပြီးခဲ့တဲ့ မေလ ကတည်းက အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် စရှိ လာခဲ့ပြီးတဲ့နောက်၊ အခုဆိုရင် ဒေလီမြို့တော်မှာပါ ပထမဆုံး အကြိမ် စုဝေး ချီတက် တာတွေ ပြုလုပ်တော့မယ် ဆိုပြီး အဲဒီ လှုပ်ရှားမှုကို ဦးဆောင်သူက ဆိုပါတယ်။

ဒီ လှုပ်ရှားမှုဟာ လက်ရှိ အာဏာရပါတီ BJP ကို သရော်ပြီး "Cockroach Janta Party" (CJP) ဆိုတဲ့ နာမည် ခံထားပါတယ်။ အဓိပ္ပာယ်ကတော့ ပိုးဟပ်ပြည်သူ့ပါတီ ဖြစ်ပါတယ်။

သူတို့ရဲ့ အွန်လိုင်းပေါ်က ပို့စ်တွေကိုတော့ အာဏာပိုင်တွေက ဖျက်ပစ်လို့ ရရင် ရမယ်၊ သူတို့ လှုပ်ရှားမှုကိုတော့ လုံးဝ ကွယ်ပျောက်သွားအောင် လုပ်လို့ရမှာ မဟုတ်ဘူးလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူ အာဘီးဂျိ ဒိ(ပ)ကေးက ဆိုပါတယ်။

အခုဆိုရင် သူဟာ ရဲ အစောင့်အကြပ်တွေ ထူထပ်နေတဲ့ ဒေလီကို ရောက်လာခဲ့ပြီ ဖြစ် ပါတယ်။

လူငယ်တွေရဲ့ အသံကို BJP အစိုးရက မျက်ကွယ်ပြုထားတယ်လို့ ဒီ လှုပ်ရှားမှုထဲ ပါဝင် ကြသူတွေက မြင်နေကြပါတယ်။ သူတို့ဟာ လူငယ်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေလိုမျိုး လေးနက်တဲ့ အကြောင်းအရာတွေကို အစိုးရ နားထောင်လာအောင် ကြိုးစားတဲ့ တချိန်တည်းမှာပဲ၊ ဒီလှုပ်ရှားမှုရဲ့ မူလဖြစ်တဲ့ ဟာသ အမြင် သရော်တဲ့ ဟန်ပန်ကိုလည်း ဆက်ပြီး ထိန်းထားမယ်လို့ ဆိုပါတယ်။

အဓိပ္ပာယ်ကတော့ ဒေလီမှာ ချီတက်ကြတဲ့အခါ အရောင်စုံ အဝတ်အစားတွေနဲ့ ပိုးဟပ် မျက်နှာဖုံးတွေ တပ်တာမျိုး၊ လုပ်မယ်လို့ ဆိုပါတယ်။ သူတို့ အဓိက တောင်းဆိုနေတဲ့ အချက်ထဲမှာ အိန္ဒိယ ဗဟိုအစိုးရ ပညာရေးဝန်ကြီး နုတ်ထွက်ပေးဖို့လည်း ပါဝင်ပါတယ်။

ရန်ကုန်၊ လှိုင်က ရပ်ကွက်တချို့မှာ မြေကြီးထဲကတုန်ခါသံကြားလို့ စိုးရိမ်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က ရပ်ကွက်တချို့မှာ ဒီနေ့ မနက် ၆ နာရီခွဲခန့်မှာ စက္ကန့်ပိုင်းမျှ မြေကြီးတုန်ခါတဲ့အသံကြားရပြီး မြေကျွံမယ့်အန္တရာယ်ကိုစိုးရိမ်မိတယ်လို့ မြို့ခံတချို့ဆီက သိရပါတယ်။

"အပေါ်ဆုံးထပ်ကနေတောင် ဒုတ် ဒုတ် ဆိုတဲ့ အသံကိုကြားလိုက်ရတယ်။ မနက် ဟင်းချက်နေတဲ့ အချိန်ဆိုတော့ ဘေးမှာ အဆောက်အဦဖြိုတယ်လို့ထင်လိုက်တာ။ အိပ်ယာထဲလှဲနေတဲ့ အမျိုးသား ကတော့ ငလျင်လှုပ်သလိုခံစားရတယ်တဲ့။ ခဏလေးပဲ" လို့ လှိုင်မြို့နယ်၊ ၇ ရပ်ကွက်နေ အိမ်ရှင်မ တဦးက ပြောပါတယ်။

အင်းလျားကန်အနီး ကန်လမ်း၊ ၁၀ ရပ်ကွက်မှာနေထိုင်သူတချို့လည်း ဒီဖြစ်စဉ်ကိုသိလိုက်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ကန်လမ်းအနီး အင်းစိန်လမ်းမကြီးပေါ်က ၉ ရပ်ကွက် လူနေတိုက်ခန်းပေါ်မှာ နေထိုင်သူတွေ ကတော့ ဒီတုန်ခါမှုကို မသိလိုက်ဘူးလို့ ဆိုကြပါတယ်။

"အဲ့အချိန် မတ်တပ်ရပ်ရင်းဟင်းချက်နေတာပါပဲ၊ အသံလည်းမကြားရဘူး။ ဘယ်လိုမှ မနေဘူး" လို့ ၉ ရပ်ကွက်နေ အိမ်ရှင်မတဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ အထပ်မြင့်တိုက်ခန်းတွေထူထပ်လို့ မြေကျွံကျကာ၊ တိုက်တာပြိုကျတဲ့ ဖြစ်စဉ်တွေဖြစ်မှာ စိုးရိမ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်းရေးသားနေကြပါတယ်။

ဒါပေမဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသာမက ထိုင်းရော အမေရိကန်ရဲ့ ငလျင်စောင့်ကြည့်ရေးဝဘ်ဆိုဒ်စာမျက်နှာတွေမှာပါ ဒီနေ့မနက်ပိုင်း ရန်ကုန်မြို့ကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်သွားကြောင်း ဖော်ပြတာ မတွေ့ရပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံငလျင်ကော်မတီကို မေးမြန်းဖို့ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးပိတ်ပင်ချက်တွေကို အမေရိကန်တရားရုံး ပယ်ဖျက်

သမ္မတဒေါ်နယ်ထရမ့်အစိုးရရဲ့ နိုင်ငံပေါင်း ၃၉ နိုင်ငံက ပြည်သူတွေရဲ့ ခိုလှုံခွင့်၊ အစိမ်းရောင်ကတ်၊ အလုပ်ပါမစ်နဲ့ နိုင်ငံသားလျှောက်ခွင့်စတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပိတ်ပင်ချက်တွေကို အမေရိကန်ဖက်ဒရယ်တရားသူကြီးက ပယ်ဖျက်လိုက်ကြောင်း အမေရိကန်ကလာတဲ့သတင်းတွေ အရ သိရပါတယ်။

အာဖရိက၊ အာရှ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းနေပြောင်းရွှေ့လာသူတွေအပေါ် သက်ရောက်မှုများခဲ့တဲ့ ပိတ်ပင်ချက်တွေကို မနေ့ သောကြာနေ့တုန်းက ပယ်ဖျက်ကြောင်း ကြေညာခဲ့တာပါ။

ထရမ့်ရဲ့ ပိတ်ပင်ချက်ဟာ အမေရိကန်ကိုရွှေ့ပြောင်းနေထိုင်သူအမြောက်အများရဲ့ဘဝတွေကို တိကျသေချာမှုမရှိတဲ့ ဥပဒေဘောင်ထဲ သောင်တင်စေခဲ့တယ်လို့ တရားသူကြီးချုပ် ဂျွန် မက်ကော်နယ်က သူ့ရဲ့ အစီရင်ခံစာမှာထည့်ပြောပါတယ်။

အမေရိကန် နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ရဲ့ အမျိုးသားလုံခြုံရေးဆိုပြီး အကြောင်းပြလုပ်ဆောင်ချက်ကြောင့် ရွှေ့ပြောင်းလာသူတွေအပေါ်မုန်းတီးရေးတွေသာ ပိုမြင့်တက် စေခဲ့တယ်လို့ မက်ကော်နယ်က ပြောပါတယ်။

"အခုဆုံးဖြတ်ချက်ကြောင့် ခိုလှုံခွင့်လျှောက်ထားဆဲ မြန်မာနိုင်ငံသားတွေဟာ ကိုယ့်ရဲ့ လျှောက်လွှာတွေကို USCIS ကနေ ပြန်လည်စစ်ဆေးတာတွေ ရရှိတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ရက်ပေါင်း ၆၀ အတွင်း အယူခံဝင်နိုင်သေးတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ရမယ်" လို့ Los Angeles Myanmar Movement (LA2M) အဖွဲ့၊ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက ဝါရှင်တန်မြို့က လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံရတဲ့ဖြစ်ရပ်မှာကျူးလွန်သူဟာ ရွှေ့ပြောင်းနေထိုင်သူဖြစ်တယ်လို့စုံစမ်းတွေ့ရှိပြီးတဲ့နောက် အမေရိကန်က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်မှုတွေတိုးလုပ်လာခဲ့ပါတယ်။

USCIS ရဲ့ ဒုက္ခသည်အရေးမူဝါဒအရ မြန်မာအပါအဝင် နိုင်ငံထဲရောက်နှင့်ပြီးသား ဒုက္ခသည် ၂ သိန်းကျော်ရဲ့ မှတ်တမ်းတွေ ပြန်လည် ဆန်းစစ်တာနဲ့ အင်တာဗျူးပြန်ဖြေခိုင်းဖို့ကိုလည်း မနှစ် နှစ်ကုန်ပိုင်းမှာ ထရမ့်အစိုးရက စီစဥ်ခဲ့ပြီး မြန်မာအများအပြားအခက်အခဲကြုံခဲ့ရပါတယ်။

အဲဒီနောက် ထိခိုက်အလွယ်ဆုံးအသိုင်းအဝိုင်းဖြစ်တဲ့ ဒုက္ခသည်တွေအပေါ်အရေးယူတာမလုပ်ဖို့ကို ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေကပါ ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

SCEF က မြန်မာ/ ထိုင်းအခြေစိုက် သံတမန်တချို့နဲ့ ဘန်ကောက်မှာတွေ့ဆုံ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က ထိုင်းနဲ့မြန်မာအခြေစိုက် နိုင်ငံတကာသံရုံးတချို့က သံတမန်တချို့နဲ့ ဇွန် ၅ ရက်က ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ အဖွဲ့ဝင်တချို့ဆီက သိရပါတယ်။

အဲဒီအစည်းအဝေးကို နိုင်ငံပေါင်း ၂၉ နိုင်ငံက သံတမန်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့ တက်ရောက်ခဲ့ကြပြီး ဘယ်နိုင်ငံတွေပါဝင်တက်ရောက်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။

သံရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောကြားချက်အရ အဲဒီတွေ့ဆုံပွဲမှာ မြန်မာရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ် နိုင်ငံရေးအပြောင်းအလဲတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲအတွင်း SCEF ဘက်က နိုင်ငံတဝန်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ နိုင်ငံ မပြိုကွဲရေးအရေးကြီးမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး လိုအပ်ချက်တွေကို အဓိကဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်အခြေစိုက် သံတမန်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

SCEF က မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို လက်နက်ကိုင်ပဋိပက္ခတစ်ခုတည်းအဖြစ် မမြင်သင့်ဘဲ နိုင်ငံရေးပြောင်းလဲမှုကြီးတစ်ခုအနေနဲ့ ရှုမြင်ဖို့ သံတမန်တွေကို ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် အရပ်သားကာကွယ်ရေး၊ လူသားချင်းစာနာမှုအကူအညီရရှိရေးနဲ့ နိုင်ငံရေးပါဝင်ခွင့် တိုးချဲ့ရေးကိစ္စတွေကိုလည်း နှစ်ဖက် ဆွေးနွေးကြတယ်လို့သိရပါတယ်။

SCEF ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်အရ ရေရှည်ငြိမ်းချမ်းရေးရရှိဖို့အတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ လိုအပ်ပြီး ပဋိပက္ခရဲ့ အရင်းအမြစ်တွေကို မဖြေရှင်းဘဲ တည်ငြိမ်ရေးမရနိုင်ကြောင်း ပြောခဲ့တယ်လို့ တွေ့ဆုံပွဲအခြေအနေကို သိရှိသူတစ်ဦးက ပြောပါတယ်။

SCEF မှာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လည်းပါဝင်တဲ့ ကရင်နီအင်အားစုတွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးပေါင်းဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဖူးခက်မီးလောင်မှု မြန်မာအလုပ်သမားရာနဲ့ချီ မီးဘေးသင့်

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က ဆောက်လုပ်ရေးအလုပ်သမားတန်းလျားမီးလောင်မှုမှာ မြန်မာအလုပ်သမား ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ရာနဲ့ချီ မီးဘေးရှောင်နေရတယ်လို့ ကူညီပေးနေသူတချို့ဆီက သိရပါတယ်။

"၃ ဦးလုံးမြန်မာပဲဗျ၊ မီးကအရမ်းမြန်တယ်ဗျာ၊ လူလွတ်ရုံလေးပဲ။ မီးလောင်တော့အခန်းတွေမီးခိုးတွေနဲ့ပြည့်ပြီး ဘာမှမမြင်ရတာမလို့ ထပြေးရင်းမီးဟပ်ပီး ဒဏ်ရာရ‌တာပါ" လို့ မီးဘေးလွတ်ခဲ့တဲ့ မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

ဘန်ကျိုးရပ်ကွက်မှာရှိတဲ့ DCM ဆောက်လုပ်ရေးကုမ္ပဏီတန်းလျားမှာ ဇွန် ၄ ရက် ည ၁၂ နာရီမထိုးခင် ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့လို့ အလုပ်သမားအယောက် ၄၀၀ နီးပါး မီးဘေးသင့်ခဲ့တာပါ။

မီးဘေးသင့်ခဲ့တဲ့ ထိုင်းနဲ့ မြန်မာအလုပ်သမားတွေ ချွန်ထလေဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့အထိ ခိုလှုံနေရဆဲလို့ မီးဘေးသင့်သူတွေကိုကူညီပေးနေသူတဦးကပြောပါတယ်။

"အကူအညီတွေကတော့ ဒီမြို့မှာရှိတဲ့ မြန်မာပြည်သားတွေကတော့ အ၀တ်အထည်၊ဆန်၊ ဆီ ၊စောင် ၊ ဖျာ ၊ စားစရာသောက်စရာ ၊ မုန့် အစုံပေါ့ လှူဒါန်းပေးနေတယ်" လို့သူက ဆက်ပြောပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီဘက်ကတော့ မီးထဲပါသွားတဲ့ မြန်မာအလုပ်သမားတွေရဲ့ စာရွက်စာတန်းတွေကို ပြန်လုပ်ပေးမယ်လို့ပြောထားကြောင်း မီးဘေးသင့်မြန်မာတချို့ဆီက သိရပါတယ်။

မြန်မာအပါအဝင် ကမ္ဘာတဝန်းလူသားစာနာအကူအညီပေးဖို့ အမေရိကန်က ဒေါ်လာ သန်း ၂၄၀ ကျော်ထောက်ပံ့

မြန်မာ၊ ကွန်ဂို၊ အီသီယိုးပီးယား၊ ဟေတီ၊ နိုင်ဂျီးရီးယား၊ ဆူဒန်စတဲ့ လူသားချင်စာနာထောက်ထားမှုအကူအညီအရေးပေါ်လိုအပ်နေတဲ့ နိုင်ငံတွေအတွက် ထောက်ပံ့ငွေ ဒေါ်လာ သန်း ၂၄၀ ကျော်ကို ကဏ္ဍစုံအကူအညီပေးရေးမှာအသုံးပြုသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အစားအသောက်၊ အာဟာရဆိုင်ရာ၊ ကျန်းမာရေး၊ ရေနဲ့ သန့်ရှင်းရေးအပါအဝင် အမိုးအကာ ထောက်ပံ့ရေးအတွက် ဒီငွေတွေကိုအသုံးပြုသွားမယ်လို့ မနေ့ကရက်စွဲနဲ့ အမေရိကန်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ယုံကြည်စိတ်ချရတယ်လို့သတ်မှတ်ထားတဲ့အဖွဲ့အစည်းတွေထဲက တခုဖြစ်တဲ့ ကက်သလစ်ကူညီရေးအဖွဲ့ Catholic Relief Services (CRS) ကို ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ကမ္ဘာတဝန်းက အရေးပေါ်အသက်ကယ်ဆယ်ရေးအတွက် ၂၄ နာရီအတွင်း တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ကြောင်း ဖော်ပြပါတယ်။

အမေရိကန်က ကမ္ဘာတဝန်းမှာရှိတဲ့အဖွဲ့အစည်းတွေကိုထောက်ပံ့ရေးအစီအစဉ်အရ ပထမဆုံးပေးအပ်တဲ့အဖွဲ့လည်းဖြစ်ပါတယ်။ CRS ဟာ ကူညီရေးအတွေ့အကြုံ နှစ် ၈၀ နီးပါးရှိပြီး မြန်မာမှာလည်း ကူညီရေးတွေဆောင်ရွက်နေတဲ့အဖွဲ့ပါ။

ဒါဟာ ဒေါ်လာ ၃.၈ ဘီလီယံ ထောက်ပံ့မယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) နဲ့ သဘောတူချက်ရဲ့ တစိတ်တပိုင်းအဖြစ်ကူညီတာဖြစ်ပြီး အကူအညီတွေကို ပိုပြီး အကျိုးရှိရှိ မြန်မြန်ဆန်ဆန်ရောက်အောင် အခုလိုဆောင်ရွက်တာလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထည့်ပြောပါတယ်။

အမေရိကန်မှာသမ္မတဒေါ်နယ်ထရမ့်အာဏာရလာပြီးနောက် နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) ကိုဖျက်သိမ်းခဲ့တာဟာ နယ်စပ်ကမြန်မာဒုက္ခသည်တွေအတွက် သာမက ပြည်တွင်းမှာလူသားစာနာအကူအညီရရှိမှုအတွက်ပါ အခက်အခဲတွေကြုံခဲ့ရပါတယ်။

မနှစ်ကဖြစ်ခဲ့တဲ့ မြန်မာ့ငလျင်ကြီးအတွက်ကူညီပေးရေးမှာလည်း USAID ကိုဖျက်သိမ်းလိုက်လို့ အမေရိကန်က ပြည့်ပြည့်ဝဝ ကူညီတုံ့ပြန်နိုင်စွမ်းမရှိဖြစ်ခဲ့ရတယ်လို့ အမေရိကန်အကြီးတန်း အရာရှိတွေကပါ ဝေဖန်ခဲ့ကြပါတယ်။

ပေါက်၊ ကုက္ကိုစုရွာက ပြည်သူ့စစ် အယောက် ၇၀ ကျော်ကို တော်လှန်ရေးတပ်တွေဖမ်းဆီး

တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာ ကနေ မြိုင်မြို့နယ်၊ စက်မှု ၂ ဘက်ကိုထွက်ပြေးတဲ့ ပြည်သူ့စစ် (အရပ်အခေါ်) ပျူစောထီး အယောက် ၇၀ ကျော်ကို မနေ့ ည ၇ နာရီခန့်မှာ ဖမ်းဆီးရမိတယ်လို့ အညာမြေတပ်ပေါင်းစုကနေ သိရပါတယ်။

အညာမြေတပ်ပေါင်းစုက ထုတ်ပြန်တဲ့ ရုပ်သံဗီဒီယိုနဲ့ ဓာတ်ပုံတွေအရ အမျိုးသားတွေအပြင် ကလေးသူငယ်နဲ့ အမျိုးသမီးတွေပါ ပါဝင်တာကို တွေ့ရပါတယ်။

ဖမ်းဆီးရမိတဲ့အထဲ ကလေးငယ် ၅ ဦးထက်မနည်းပါဝင်တယ်လို့လည်း အညာမြေတပ်ပေါင်းစုက ပြောပါတယ်။

"ပျူစောထီးတွေ ပျူစောမတွေ အဆုံးအထိလက်နက်ကိုင်ပြီးတော့ ကျွန်တော်တို့ကို ခုခံခဲ့တယ်။ နောက်ဆုံးဖမ်းမိတဲ့အချိန်အထိတောင် သူတို့ကအရှုံးပေးတာမျိုးမရှိဘဲနဲ့ လက်နက်နဲ့ ထွက်ပြေးတာ ဖြစ်တယ်။ သူတို့အားလုံးကို စစ်သုံ့ပန်းအဖြစ်သတ်မှတ်ပြီး ဂျနီဗာကွန်ဗန်းရှင်းအတိုင်း အကာအကွယ်ပေးတယ်၊ ကလေးသူငယ်တွေကိုလည်း အခွင့်အရေးအပြည့်အဝပေးနိုင်ဖို့ ကြိုးစားနေပါတယ်" လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား ၃၀၀ နီးပါးရှိတဲ့ ကုက္ကိုရွာကို အခုလအစမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဇွန် ၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစု ကနေသိရပါတယ်။ အခုဖမ်းဆီးရမိတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ မြိုင်မှာ စစ်တပ်အခြေချတဲ့ စက်မှု ၂ ထဲကို သွားဖို့ကြိုးစားခဲ့ရာကနေ ဖမ်းဆီးရမိပြီး ၆၀ မမ စိန်ပြောင်းအပါအဝင် သေနတ် ၁၇ လက်ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။

ပုသိမ် - မုံရွာလမ်းမကြီးဘေးမှာရှိတဲ့ ကုက္ကိုစုရွာဟာ ပေါက်မြို့နယ်ထဲ ပြည်သူ့စစ်အားကောင်းတဲ့ ကျေးရွာဖြစ်ပြီး စစ်တပ်ထောက်ခံတဲ့ ပေါက်ကိုယ်တော်ရဲ့ အမာခံရွာအဖြစ်လည်း လူသိများပါတယ်။ ဒီရွာကိုလက်လွှတ်ခဲ့ရရင် ပေါက်မြို့နယ်ကို အန္တရာယ်ကျစေလိမ့်မယ်လို့ ပေါက်ကိုယ်တော်က ဇွန် ၃ ရက်မှာ ရုပ်သံဗီဒီယိုနဲ့ ထုတ်ပြောခဲ့ပါတယ်။

"ကုက္ကိုစုကအဖြေပဲ၊ ပေါက်မြို့နယ် PDF အားလုံးပေါင်းပြီးတိုက်နေကြတာ။ ပေါက်မြို့ရဲ့ အန္တရာယ်ကို ကုက္ကိုစုက ဆုံးဖြတ်လိမ့်မယ်။ ကုက္ကိုစု၊ ရေပြာ၊ ရှခွကြီး၊ ရှခွလေး အကုန်လုံး က ပေါက်ကို တိုက်ရိုက်ဝင်လို့ရတယ်။ ရေပြာ တဖက်ကအကုန် P ရွာတွေပဲ" လို့ ပေါက်ကိုယ်တော်က ဇွန် ၃ ရက်မှာ ပြောခဲ့တာပါ။

ပုသိမ် - မုံရွာလမ်းမကြီး နဲ့ မင်းတပ် - ပခုက္ကူလမ်းမကြီး ဆုံရာမှာရှိတဲ့ ရေပြာရွာက ရဲစခန်းကိုလည်း တော်လှန်ရေးတပ်တွေက ဇွန်ပထမအပတ်ထဲမှာပဲ သိမ်းပိုက်ထားပြီလို့ အညာမြေတပ်ပေါင်းစုကလည်းပြောသလို ပေါက်ကိုယ်တော်က ဗီဒီယိုရုပ်သံဖိုင်ထဲမှာ ထည့်ပြော ခဲ့ပါတယ်။

အခုတော်လှန်ရေးတပ်တွေသိမ်းပိုက်လိုက်တဲ့ ရေပြာ၊ ကုက္ကိုစုတို့ဟာ စစ်တပ်က ထိုးစစ်ဆင်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ဘက်အထိ သွားလာနိုင်သလို စစ်တပ်စစ်ကြောင်းဝင်ခဲ့တဲ့ မြစ်ခြေမြို့နယ် နဲ့ပါ နယ်နိမိတ်ထိစပ်နေတဲ့ သွားလာရေးအခရာကျတဲ့နေရာတွေဖြစ်ပါတယ်။

မြန်မာက တရုတ်စီမံကိန်းတွေတွန်းအားပေးဖို့ ဝမ်ယိပြော

တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ တွေ့ဆုံချိန်မှာ တရုတ်လုပ်ငန်းရှင်တွေ မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ကို ကြိုဆိုကြောင်း ပြောပါတယ်။

မနေ့က နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံချိန်မှာ တရုတ် - မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိက စီမံကိန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ တွန်းအားပေးလိုကြောင်း မစ္စတာ ဝမ်ယိက ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ပါတယ်။ ဦးတင်မောင်ဆွေဘက်ကလည်း ဒီလို တွန်းအားပေးဖို့ဆန္ဒရှိပြီး လုပ်ငန်းရှင်တွေကို ကြိုဆိုကြောင်းပြောခဲ့တာလို့ တရုတ်ဘက်က ဖော်ပြပါတယ်။

နယ်စပ်ဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကိုနှိမ်နင်းဖို့အပါအဝင် မြန်မာက တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို အစွမ်းကုန် ကာကွယ် စောင့်ရှောက်သွားမယ်လို့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ကြောင်း တရုတ်က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတဲ့ နယ်ပယ်စုံမှာ တရုတ်နဲ့ ပိုပြီးပူးပေါင်းနိုင်ဖို့ မျှော်လင့်ကြောင်း နေပြည်တော်ဘက်က ပြောခဲ့တာပါ။ ဒါအပြင် တရုတ်တနိုင်ငံတည်းမူဝါဒနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအမံ ၄ ရပ်ကိုလည်း ထောက်ခံပြောဆိုခဲ့ပါတယ်။

အသွင်ပြောင်းအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အပြီးမှာပဲ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တရုတ်ကိုသွားကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်ရေး ဆွေးနွေးခဲ့တာကို နှစ်ဖက်ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

ဦးတင်မောင်ဆွေဟာ ပြီးခဲ့တဲ့ မတ်လအထိ ဘေကျင်းမှာ တရုတ်သံအမတ်ကြီးဖြစ်ခဲ့သူပါ။ ဒါဟာ နိုင်ငံခြားရေးဝန်ကြီးရာထူးရပြီးနောက်ပိုင်း ဘေကျင်းကို ပထမဆုံးပြန်သွားတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။