ပရီးမီးယားလိဂ်ရာသီ အကောင်းဆုံးအသင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘီဘီစီ ဘောလုံးသုံးသပ်သူ ထရွိုင်ဒီနီက ပရီးမီးယားလိဂ် တစ်ရာသီစာ အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအသင်းမှာ ဘယ်သူတွေ ပါဝင်လာခဲ့သလဲ။
ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဥ်တွေ ပြီးဆုံးပြီးတိုင်းမှာ ဘီဘီစီရဲ့ ဘောလုံးဝေဖန်သူ ထရွိုင်က တစ်ပတ်တာအကောင်းဆုံးအသင်းနဲ့ မန်နေဂျာတွေကို ရွေးချယ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အကြီးမားဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပြီး တစ်ရာသီစာ အကောင်းဆုံးအသင်း ဖြစ်ပါတယ်။ ကိုယ်တိုင်အနေနဲ့ရော ဒါကို သဘောတူပါလား။
ဂိုးသမား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေးဗစ်ရာယာ (အာဆင်နယ်) - တကယ့် မယုံနိုင်စရာ ရာသီတစ်ခုပါပဲ။ အခုဆိုရင် သူဟာ သုံးရာသီဆက်တိုက် ရွှေလက်အိတ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါပြီ။
သူဟာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလားရအောင် လျှောက်လှမ်းနိုင်ခဲ့တဲ့ အကြောင်းရင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဝက်စ်ဟမ်းနဲ့ပွဲက သူ့ရဲ့ကာကွယ်မှုဟာ အာဆင်နယ် ချန်ပီယံဆု ရစေခဲ့တဲ့ ကာကွယ်မှု ဖြစ်ပါတယ်။
သူ တော်တော်ကောင်းပေမဲ့ စပိန်အသင်းရဲ့ ပထမဦးစားပေး ဂိုးသမား ဖြစ်မနေတာကတော့ ကျွန်တော် နားမလည်နိုင်ပါဘူး။
နောက်ခံလူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိုက်ကယ် ကိုင်ယိုဒီ (ဘရန့်ဖို့ဒ်) - အသက် ၂၁ နှစ်အရွယ်မှာတင် သူဟာ ဘရန့်ဖို့ဒ်အသင်းကို မယုံနိုင်စရာကောင်းတဲ့ အဆင့်အတန်းတစ်ခုဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
သူဟာ တိုက်စစ်မှူးတွေကို ထိန်းချုပ်နိုင်ခဲ့၊ စနစ်တကျ ကာကွယ်နိုင်ခဲ့သလို လက်ပစ်ဘော ဝေးဝေးရောက်အောင် ပစ်ရာကနေလည်း ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ သူဖန်တီးပေးနိုင်တဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ သူက အတော်ကောင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝီလျံ ဆလီဘား (အာဆင်နယ်) - သူဟာ ကွင်းထဲမှာ အရာအားလုံးကို အချိန်မီ တားဆီးရှင်းလင်းနိုင်တဲ့ ဉာဏ်ရည်မြင့်တဲ့ ကစားသမားပါ။
သူ နေရာယူမှားတာမျိုး တွေ့ရဖို့ တကယ်ခဲယဉ်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဘရီယယ်လ် (အာဆင်နယ်) - သူနဲ့ ဆာလီဘာတို့ဟာ အံ့ဩစရာကောင်းတဲ့ တွဲဖက်မှုပါပဲ။
ဒီနှစ်ယောက်က အာဆင်နယ်အသင်းအတွက် ၂၂ နှစ်တာအတွင်း ပထမဆုံး ချန်ပီယံဆုကို ယူဆောင်ပေးရာမှာ အင်မတန်ကြီးမားပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဂါဘရီယယ်ဆိုရင်လည်း ထောင့်ကန်ဘောတွေကနေ ဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကို ပါဝင်ပံ့ပိုးပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နစ်ကိုး အိုရွိုင်လီ (မန်စီးတီး) - ကျွန်တော့်အမြင်အရတော့ သူဟာ တစ်ရာသီစာ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။
သူဟာ မတူညီတဲ့ နေရာနှစ်ခုမှာ ကစားရင်း အင်မတန် ကောင်းမွန်ခဲ့ပါတယ်။
သူဟာ ရှေ့လျှောက် မန်ချက်စတာစီးတီးအသင်းကို တာဝန်ယူမယ့်သူ ဘယ်သူပဲဖြစ်ဖြစ် သူတို့အတွက် တကယ့် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်ပါတယ်။
ကွင်းလယ်လူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒက်ကလန်ရိုက်စ် (အာဆင်နယ်) - အာဆင်နယ်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ခဲ့ပြီး အင်္ဂလန်အသင်းက ကမ္ဘာ့ဖလားမှာ နောက်ပိုင်းအဆင့်တွေအထိ တက်နိုင်ခဲ့ရင် သူဟာ ဘလွန်းဒေါဆုကို ရဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
သူ အင်မတန်ကောင်းခဲ့ပါတယ်။ သူက အာဆင်နယ်အသင်းရဲ့ အဓိက မောင်းနှင်အားဖြစ်ပြီး တစ်ပတ်ထက်တစ်ပတ် ပိုကောင်းမွန်လာတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘရူနို ဖာနန်ဒက်စ် (မန်ယူ) - သူဟာ ဂိုးဖန်တီးမှု ၂၁ ကြိမ်နဲ့ ဂိုးဖန်တီးမှု စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။
သူက ထူးချွန်ပြောင်မြောက်ခဲ့ပြီး မန်ယူအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီအနည်းငယ်က ကျွန်တော်တို့ ပြောခဲ့ဖူးသလိုပဲ သူသာမရှိရင် မန်ချက်စတာယူနိုက်တက်အသင်း ဘယ်လိုအခြေအနေမျိုး ရောက်နေမလဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါမနစ် စဘော့စလိုင်း (လစ်ဗာပူး) - ပြီးတော့ စဘော့စလိုင်းသာမရှိရင် လစ်ဗာပူးအသင်းရော ဘယ်လိုအခြေအနေမျိုး ဖြစ်နေမလဲ။
သူဟာ နေရာစုံမှာ ကစားခဲ့ပြီး ဒီရာသီမှာ သူရခဲ့တဲ့ ဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေက သူ့ရဲ့စွမ်းဆောင်ရည် အစစ်အမှန်ကို အပြည့်အဝ ထင်ဟပ်မပြနိုင်ပါဘူး။
သူဟာ အသင်းအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ခြည် ဖြစ်ခဲ့ပါတယ်။
တိုက်စစ်မှူးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အန်တွိုင်း ဆမန်ညို (မန်စီးတီး) - သူဟာ ဘုန်းမောက်အသင်းနဲ့အတူ ရာသီအစမှာ မယုံနိုင်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလမှာ မန်စီးတီးဆီ ရောက်လာပြီး အသင်းကို မီးတောက်တစ်ခုလို အရှိန်ရစေခဲ့သလို နောက်ဆုံးမှာတော့ သူတို့ကို ပရီးမီးယားလိဂ် ဖလားလုပွဲလမ်းကြောင်းပေါ်မှာ ဆက်ရှိနေစေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျရတ် ဘိုဝင် (ဝက်စ်ဟမ်း) - တန်းဆင်းသွားခဲ့ရတဲ့ အသင်းတစ်သင်းနဲ့အတူ သူစွမ်းဆောင်ပြခဲ့တာတွေဟာ မယုံနိုင်စရာ ကောင်းလှပါတယ်။
တန်းဆင်းသွားတဲ့ အသင်းတစ်သင်းအတွက် ပရီးမီးယားလိဂ်မှာ ဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း အကြိမ် ၂၀ စွမ်းဆောင်နိုင်ခဲ့တာဟာ ကြောက်ခမန်းလိလိပါပဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီဂေါ သီယာဂို (ဘရန့်ဖို့ဒ်) - ပရီးမီးယားလိဂ် သွင်းဂိုး ၂၂ ဂိုး ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ သွင်းဂိုး ၂၀ ကျော် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ဘရာဇီးလ် ကစားသမား ဖြစ်ပါတယ်။ သူဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။
မန်နေဂျာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မီခေးလ် အာတက်တာ (အာဆင်နယ်) - အာတက်တာဟာ အာဆင်နယ်အသင်းကို အလှောင်ခံစရာ ဖြစ်လုနီးပါး အခြေအနေကနေ နောက်ထပ် သုံးနှစ်၊ လေးနှစ်လောက်အထိ လွှမ်းမိုးနိုင်မယ့် အလားအလာရှိတဲ့ အသင်းအဖြစ် ပြန်ပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။
သူဟာ သူလုပ်ဆောင်ခဲ့သမျှ အဆင့်တိုင်းမှာ အင်မတန်ကောင်းမွန်ခဲ့ပါတယ်။ သူယုံကြည်တဲ့စနစ်ကနေ ဘယ်တော့မှ သွေဖည်မသွားခဲ့တာကြောင့် ကျန်တဲ့ ပရီးမီးယားလိဂ်အသင်းတွေအတွက်တော့ အလွန်တရာ ကြောက်စရာကောင်းတဲ့ အနေအထားလို့ ပြောရမှာ ဖြစ်ပါတယ်။








