မက္ကာသဘောတူညီချက် - တူရကီ၊ ဆော်ဒီနဲ့ ပါကစ္စတန်တို့ 'မွတ်ဆလင် နေတိုး'အဖွဲ့ဖြစ်လာနိုင်လား

ဘင် ဆယ်လ်မန်က ဆော်ဒီ ရိုးရာ အဖြူရောင်ဝတ်စုံရှည်နဲ့ အနီ၊ အဖြူရောင် ခေါင်းဆောင်းကို အနက်ရောင်ကြိုးကွင်းနဲ့ စည်းထားပြီး ပုံအလယ်မှာ ရပ်နေပါတယ်။ သူ့ရဲ့ ညာဘက်မှာ တူရကီသမ္မတ အာဒိုဝမ်၊ ဘယ်ဘက်မှာ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ် ရှရစ်ဖ်တို့ ရပ်နေကြပြီး နှစ်ဦးစလုံးက အစင်းကြောင်းပါတဲ့ အနောက်တိုင်းဝတ်စုံတွေ ဝတ်ထားကြပါတယ်။ ဓာတ်ပုံမှာပါသူ သုံးဦးစလုံးက သဘောတူညီချက်နဲ့ သက်ဆိုင်တဲ့ စာတမ်းစာရွက်တွေကို ကိုင်ထား။ နောက်ခံမှာတော့ သူတို့နိုင်ငံတွေရဲ့ အလံတွေကို ပေါင်းစပ်ထည့်သွင်းထားပြီး ပုံတစ်ပုံတည်းအဖြစ် ဖန်တီးထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

တူရကီ၊ ဆော်ဒီအာရေးဗျနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ မက္ကာသဘောတူညီချက် (Mecca Pact) လို့ ခေါ်တဲ့ ပူးတွဲကာကွယ်ရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြတာ သီတင်းတစ်ပတ်ကျော်သွားပြီဖြစ်ပါတယ်။

လေ့လာသုံးသပ်သူတချို့ကတော့ ဒီသဘောတူညီချက်ကို "ဆွန်နီမဟာမိတ်အဖွဲ့" လို့ သတ်မှတ်ကြသလို တချို့ကလည်း "မွတ်ဆလင် Nato" လို့တောင် ခေါ်ကြပါတယ်။

တချို့ကတော့ ဒီသဘောတူညီချက်ဟာ အီရန်နဲ့ အစ္စရေးလို နိုင်ငံတွေကို သတင်းစကားပါးလိုက်တဲ့သဘောလို့ မြင်ကြပါတယ်။ နောက်ပြီး အခုလိုသဘောတူညီချက် လက်မှတ်ထိုးလိုက်တာဟာတူရကီ၊ ဆော်ဒီအာရေးဗျနဲ့ ပါကစ္စတန်တို့အနေနဲ့ လုံခြုံရေးပိုင်းမှာ အမေရိကန်ကို မှီခိုနေရတာကို လျှော့ချချင်တဲ့ဆန္ဒကို ထင်ဟပ်တယ်လို့ ဆိုကြသူတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ သဘောတူညီချက်အပြည့်အစုံကို အများပြည်သူ သိရှိနိုင်အောင် အခုထိ မထုတ်ပြန်သေးတဲ့အတွက် ခန့်မှန်းပြောဆိုချက်တွေလည်း အများကြီးပေါ်ထွက်နေပါတယ်။

အကဲခတ်တွေကတော့ နယ်မြေချင်း မဆက်စပ်တဲ့ ဒီသုံးနိုင်ငံရဲ့အကျိုးစီးပွားတွေဟာ မတူညီကြဘူးလို့ ထောက်ပြပါတယ်။

စာချုပ်ပါ အချက်အလက်တွေကို မမျှဝေနိုင်သေးတာကို ကြည့်ရင် ပူးတွဲ ကာကွယ်ရေးသဘောတူညီချက်လို့ဆိုပေမဲ့ ရန်တစ်မျိုးမျိုးကို ကြုံရတဲ့အခါ အတူတားဆီးဟန့်တားနိုင်စွမ်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်နေစေတယ်လို့လည်း အကဲခတ်တချို့က ပြောပါတယ်။

ဒါဆို ဒီသဘောတူညီချက်အကြောင်း ဘယ်လောက်သိရပြီလဲ။ ဘယ်လိုထွက်ပေါ်လာပါသလဲ။ မရှင်းလင်းသေးတဲ့အချက်အလက်တွေကို သိရှိထားရသမျှ စုစည်းစေ့ငုကြည့်ထားပါတယ်။

''မွတ်ဆလင် နေတိုး(Nato) အဖွဲ့ဖြစ်လာမှာလား''

“မက္ကာ သဘောတူညီချက် (Mecca Pact)” ကို ဂုဏ်ပြုဖော်ပြထားတဲ့ ပိုစတာတစ်ခုမှာ တူရကီ၊ ပါကစ္စတန်နဲ့ ဆော်ဒီအာရေးဗျ နိုင်ငံခေါင်းဆောင်တွေရဲ့ပုံကို တစ်စုတစ်စည်းတည်း တွေ့ရတဲ့ဓာတ်ပုံ၊ မီးလုံး မီးတန်းအလှတွေ လည်း ပုံမှာ ချိတ်ဆွဲထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အကဲခတ်အချို့ကတော့ မက္ကာသဘောတူညီချက်လို့ခေါ်တဲ့ ဒီစာချုပ်ဟာ အရှေ့အလယ်ပိုင်းက ပဋိပက္ခနဲ့ အမေရိကန်- အစ္စရေး- အီရန်စစ်အတွက် တုံ့ပြန်ဖို့ လုပ်တာလို့ သုံးသပ်ပါတယ်

ဒီသဘောတူညီချက်အရ သုံးနိုင်ငံထဲက တစ်နိုင်ငံကို တိုက်ခိုက်တာဟာ ကျန်တဲ့နိုင်ငံအားလုံးကို တိုက်ခိုက်တာလို့ မှတ်ယူမှာဖြစ်ပါတယ်။ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်ကတော့ ဒါဟာ နေတိုးလို့ အတိုကောက်ခေါ်တဲ့ မြောက်အတ္တလန္တိတ်စာချုပ် (Nato) မဟာမိတ်အဖွဲ့ရဲ့စုပေါင်းကာကွယ်ရေးဆိုင်ရာအပိုဒ် ၅ (Article 5)နဲ့ သဘောသဘာ၀တူတယ်လို့ ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ ဆော်ဒီတိုက်ခိုက်ခံရတာမျိုးကြုံတဲ့အခါ ပါကစ္စတန်နဲ့ တူရကီတို့ဟာ နေတိုးအဖွဲ့ပုံစံလိုမျိုး အကောင်အထည်ဖော်မလား၊ ''ဆန္ဒရှိပြရုံသက်သက်ပဲလား'' ဆိုတာကတော့ တကယ်ကြုံရမှပဲ မြင်တွေ့နိုင်မယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ကာဒီယာ ဟက်စ် တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ ဆာရတ် ဂါဗန်ကတော့ "သဘောတူညီချက်ပါတဲ့စာတွေကို အပြည့်အစုံကို မမြင်ရသေးသရွေ့ ဘယ်လို အကောင်အထည်ဖော်ကြမလဲဆိုတာ ခန့်မှန်းချက်တွေပဲ ရှိနေဦးမှာပါ" လို့ ပြောပါတယ်။

သူကတော့ နေတိုး(Nato)အဖွဲ့မှာ အမေရိကန်ဟာ ငွေကြေးနဲ့ လက်နက်အင်အားပိုင်းမှာ အကြာကြီး လွှမ်းမိုးထားပေမဲ့ အခုသဘောတူညီချက်မှာတော့ လက်မှတ်ထိုးတဲ့ ၃ နိုင်ငံဟာ "တန်းတူညီမျှတဲ့မဟာမိတ်အဖွဲ့" ဖြစ်တယ်လို့ ဆိုပါတယ်။

"ဒီအပိုင်းမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကိစ္စအားလုံးကို ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ရမယ်၊ နောက်ပြီး ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုလည်း အရင်ဦးစားပေး ထည့်တွက်ကြမှာ ဖြစ်လို့ပါ" လို့ သူက ပြောပါတယ်။

နိုင်ငံတကာရေးရာအမေရိကန် ပညာရှင်အဖွဲ့ အတ္တလန္တိတ်ကောင်စီ(Atlantic Council)က အယ်လီဆင် မိုင်နာကလည်း ဒီအမြင်ကို သဘောတူပါတယ်။

သူက "ဒီသုံးနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ မဟာဗျူဟာတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်သလို တစ်ခါတစ်ရံ အမြင်မတူတာတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် NATO အဖွဲ့ကြုံနေရတဲ့ အကျပ်အတည်းမျိုးစုံကို တုံ့ပြန်သလို၊ နေတိုးအဖွဲ့လို ဘက်စုံလွှမ်းခြုံတဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုမျိုး ရှိလာဖို့ရာ မမြင်ပါဘူး'' လို့ ဘီဘီစီ အူရဒူ ဘာသာစကားဌာနကို ပြောပါတယ်။

ဒါကြောင့် အနာဂတ်မှာ ယုံကြည်စိတ်ချရတဲ့စစ်ရေးမဟာမိတ်အဖွဲ့တစ်ခု ဒီသဘောတူညီချက်ကနေပေါက်ဖွားလာမလားဆိုတာကတော့ မေးခွန်းထုတ်စရာအဖြစ် ဆက်ရှိနေဖြစ်ပါတယ်။

ဒါ အီရန်ကို ရည်ရွယ်တာလား

ညဘက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံမှာ အဆောက်အအုံတစ်ခုရဲ့အပေါ်ဘက် ဒစ်ဂျစ်တယ်စခရင်ပေါ်မှာ အာဒိုဂမ်၊ ဘင် ဆယ်လ်မန်နဲ့ ရှာဘတ် ရှရစ်ဖ်တို့ကို သဘောတူညီချက်နဲ့ သက်ဆိုင်တဲ့စာတမ်းတွေကိုင်ထားတဲ့ပုံစံနဲ့ဖော်ပြထား။ သူတို့ရဲ့ နောက်ခံမှာတော့ တူရကီ၊ ဆော်ဒီအာရေးဗျနဲ့ ပါကစ္စတန်နိုင်ငံတို့ရဲ့အလံတွေကို ထည့်သွင်းဖော်ပြထား။
သူတို့ရဲ့ဘေးမှာ စာလုံးအကြီးတွေနဲ့ “တူရကီ၊ ဆော်ဒီအာရေးဗျနဲ့ ပါကစ္စတန်တို့ကြား လက်မှတ်ရေးထိုးခဲ့တဲ့ မက္ကာပူးတွဲကာကွယ်ရေးသဘောတူညီချက် အောင်မြင်ချောမွေ့ပါစေ” လို့ ရေးသားထား။

ဓာတ်ပုံ ရင်းမြစ်, Güven Yılmaz/Anadolu Ajansı/Getty Images

ဓာတ်ပုံ ပုံစာ, ဒီသုံးနိုင်ငံဟာ ကျောချင်းကပ်ခဲ့ကြတဲ့အတိတ်ကာလတွေလည်း ရှိခဲ့ဖူးပါတယ်

လေ့လာသုံးသပ်သူတချို့ကတော့ မက္ကာသဘောတူညီချက် (Mecca Pact) ဟာ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခတွေနဲ့ အမေရိကန် -အစ္စရေး- အီရန်ကြား ဖြစ်ပွားခဲ့တဲ့စစ်ရေးတင်းမာမှုတွေကို တုံ့ပြန်တဲ့အစီအစဉ်တစ်ခုလို့ မြင်ကြပါတယ်။

သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေထဲမှာ အီရန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဆွန်နီအများစုရှိရာ တူရကီနဲ့ ပါကစ္စတန်တို့ ပါဝင်နေသလို အီရန်ရဲ့ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ ဆော်ဒီအာရေးဗျလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဒါဟာ အထူးသဖြင့် အီရန်ကို ဝိုင်းပတ်ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ခြေလှမ်းတစ်ခုလို့ ယူဆနေသူတွေလည်းရှိပါတယ်။

ဒါပေမဲ့ တူရကီဘက်ကတော့ ဒီသဘောတူညီချက်ကို ဖော်ဆောင်တဲ့လုပ်ငန်းစဉ်ဟာ လက်ရှိဒေသတွင်း တင်းမာမှုတွေ မဖြစ်ခင်ကတည်းက စတင်ခဲ့တာလို့ဆိုပြီး ဆွေးနွေးညှိနှိုင်းမှုတွေကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက လုပ်ခဲ့တာလို့ ပြောပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ အစ္စဟတ် ဒါကလည်း ဒီသဘောတူညီချက်ဟာ ဘယ်နိုင်ငံကိုမှ မရည်ရွယ်ဘူးလို့ ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက "ဒီသဘောတူညီချက်ဟာ အီရန်ကို ရည်ရွယ်တာဆိုပြီး စိုးရိမ်စရာအကြောင်းမရှိပါဘူး" လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

"အမေရိကန်ရဲ့လုံခြုံရေးအာမခံချက်တွေကိုပဲ အားကိုးနေလို့ မရတော့ဘူး" ဆိုတာ ဒီနိုင်ငံသုံးနိုင်ငံ နားလည်သွားတာကြောင့် ဒီသဘောတူညီချက်ထွက်လာတာလို့လည်း သူက ၀ေဖန်ပြောဆိုပါတယ်။

ဘယ်သူအမြတ်ထွက်မှာလဲ

ကရာချိမြို့မှာရှိတဲ့လမ်းမပေါ်က ကြော်ငြာဘုတ်ကြီးတစ်ခုပေါ်မှာ မက္ကာပူးတွဲကာကွယ်ရေး သဘောတူညီချက် (Mecca Joint Defence Agreement) လက်မှတ်ရေးထိုးပြီးနောက် တူရကီ၊ ဆော်ဒီအာရေးဗျနဲ့ ပါကစ္စတန် နိုင်ငံခေါင်းဆောင်တွေရဲ့ပုံတွေကို ဖော်ပြထားပါတယ်။ အဲဒီကြော်ငြာဘုတ်ရဲ့အောက်မှာတော့ ကုန်းကျော်တံတားတစ်ခု၊ ကားတွေနဲ့ လမ်းသွားလမ်းလာ လူတွေကို တွေ့မြင်ရပြီး ဓာတ်ပုံ အနောက်ပိုင်းမှာ အထိပ်မြင့် အဆောက်အဦအချို့ကိုလည်း မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သဘောတူညီချက်အကြောင်း ၀င့်ကြွားပြတဲ့ဆိုင်းဘုတ်ကြီးတစ်ခုကို ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာမြင်ရ

ဒီသဘောတူညီချက်ကနေ သုံးနိုင်ငံစလုံး အကျိုးကျေးဇူး ရနိုင်ကြပေမဲ့ တစ်နိုင်ငံချင်းစီကတော့ မတူညီတဲ့အားသာချက်တွေကို ဆောင်ကျဉ်းလာမှာပါ။

ဆော်ဒီအာရေးဗျက ငွေကြေးအင်အား၊ သံတမန်ရေးဩဇာနဲ့ ရေနံသိုက်တွေရှိတဲ့စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ဒုံးကျည်နဲ့ ဒရုန်းခြိမ်းခြောက်မှုတွေ၊ ဟူသီအဖွဲ့ရဲ့တိုက်ခိုက်မှုတွေနဲ့ အရေးပါတဲ့ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းတွေ နှောင့်ယှက် ခံရတာကြောင့် လုံခြုံရေးပိုင်းမှာ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

အစ္စတန်ဘူလ် နိုင်ငံရေးသုတေသနအင်စတီကျုက ရစ်ကာဒို ဂက်စကိုကတော့ ဆော်ဒီအာရေးဗျ ဟာ ဒီသဘောတူညီချက်ကနေ အကျိုးအမြတ်အများဆုံးနဲ့ အမြန်ဆုံးရနိုင်တယ်လို့ မြင်ပါတယ်။

"တူရကီရဲ့နည်းပညာစွမ်းရည်နဲ့ ပါကစ္စတန်ရဲ့စစ်အင်အား၊ စစ်ရေးအတွေ့အကြုံတွေ ပေါင်းစပ်သွားရင် ရန်ပေါ်တဲ့အခါ ထိရောက်တဲ့တားဆီးဟန့်တားနိုင်စွမ်းတစ်ခု ဖြစ်လာနိုင်တယ်" လို့ သူက ဆိုပါတယ်။

တူရကီကတော့ နေတိုး(Nato)အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နေတိုးထဲမှာ စစ်တပ်အင်အား အကြီးဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ တူရကီဟာ နေတိုးနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကြားမှာ ပထဝီအရရော သံတမန်ရေးအရပါ ပေါင်းကူး တံတားတစ်ခုအဖြစ် ရပ်တည်လိုနေပါတယ်။ ဒါ့အပြင် ဒီသဘောတူညီချက်က တူရကီရဲ့ကာကွယ်ရေးပစ္စည်းတင်ပို့မှုနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်တယ်လို့ မြင်နေပါတယ်။

ပါကစ္စတန်ကလည်း ကိုယ်ပိုင် စစ်အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ဒီသုံးနိုင်ငံထဲမှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကလည်း အရင်ကတည်းက ရှိထားပြီးသား ဆက်ဆံရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အခြေခံပြီး ဆက်တည်ဆောက်ထားတာဖြစ်ပါတယ်။

ဖေဆယ်ဘုရင်သုတေသနနဲ့ အစ္စလာမ္မစ်လေ့လာရေးဌာနက အိုမာ ကရင်မ်ကတော့ ဒီသဘောတူညီချက်ဟာ ပါကစ္စတန်ရဲ့အရှေ့အလယ်ပိုင်းဒေသဆိုင်ရာအခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်သလို ဆော်ဒီအာရေးဗျနဲ့ ပိုနီးကပ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကနေ စီးပွားရေးနဲ့ ကာကွယ်ရေးအကျိုးကျေးဇူးတွေ ရလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

Atlantic Council က အယ်လီဆန် မိုင်နာကတော့ အကြီးမားဆုံးအကျိုးကျေးဇူးက နိုင်ငံတစ်နိုင်ငံချင်းအတွက်ထက် ပူးပေါင်းလုပ်ဆောင်မှုကနေ ရရှိလာမယ့်စုပေါင်းအားမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒီမိတ်ဖက်ဆက်ဆံရေးက သုံးနိုင်ငံစလုံးကို နိုင်ငံရေးသတင်းစကား အားကောင်းကောင်း ပါးနိုင်ဖို့၊ သံတမန်ရေး ချိန်ခွင်လျှာ သာသာထိုးထိုးဖြစ်လာဖို့နဲ့ မဟာဗျူဟာဆိုင်ရာအားသာချက်တွေ ရရှိဖို့ အခွင့်အရေးပေးနေတယ်လို့ ပြောပါတယ်။

ဒီမဟာမိတ်အဖွဲ့ဟာ အနာဂတ်မှာ ဘယ်လိုဖြစ်လာနိုင်မလဲ

တူရကီ၊ ဆော်ဒီအာရေးဗျနဲ့ ပါကစ္စတန်နိုင်ငံက ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေ စုပေါင်းဓာတ်ပုံ အရိုက်ခံရတဲ့ပုံ။ သူတို့ထဲမှာ ဆော်ဒီရိုးရာ အဖြူရောင်ဝတ်စုံတွေ၊ အနောက်တိုင်းဝတ်စုံတွေ၊ စစ်ယူနီဖောင်းတွေနဲ့ ပါကစ္စတန်ရိုးရာ တူနစ်ဝတ်စုံတွေကို ရောနှောဝတ်ဆင်ထားတာ တွေ့ရပါတယ်။
သူတို့ရဲ့နောက်ဘက် ပြတင်းပေါက်တွေမှာတော့ အဝါရောင်အစင်းပါတဲ့ ကန့်လန့်ကာတွေ ချထားတာကို တွေ့မြင်ရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဒါကတော့ အားလုံးသိချင်နေတဲ့ ဒေါ်လာ ၁ သန်းတန် မေးခွန်းလို့တောင် ဆိုနိုင်ပါတယ်။

တူရကီ သမ္မတ ရီဆပ် တာရစ် အာဒို၀မ်က "ကျွန်တော်တို့ မျှော်မှန်းချက်ကတော့ ဒီသုံးနိုင်ငံနဲ့ပဲ ရပ်တန့်နေတာ မဟုတ်ပါဘူး။ ပိုပြီးကျယ်ပြန့်လာဖို့နဲ့ ဖြစ်နိုင်မယ်ဆိုရင် တစ်နေ့နေ့မှာ ဒီဒေသက နိုင်ငံအားလုံး ဒီထီးရိပ်အောက်မှာ အတူတကွ ပူးပေါင်းလာနိုင်ဖို့ ဖြစ်ပါတယ်" လို့ ပြောထားပါတယ်။

အမှန်တော့ အီဂျစ်နိုင်ငံဟာ ဆော်ဒီအာရေးဗျ၊ ပါကစ္စတန်၊ တူရကီတို့နဲ့အတူ အလွတ်သဘော လေးနိုင်ငံအဖွဲ့ထဲမှာ ပါဝင်နေပြီးသားဖြစ်တဲ့အတွက် ဒီသဘောတူညီချက်မှာ ပါဝင်လာမယ်လို့ လူအများက ထင်ထားခဲ့ကြပါတယ်။

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်က အီဂျစ်ဟာ "သဘာဝအရ မိတ်ဖက်နိုင်ငံ" ဖြစ်တယ်လို့ ပြောခဲ့ပြီး အနာဂတ်မှာ ပါဝင်လာနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အဘ်ဒယ်လတ်တီကလည်း ကိုင်ရိုအစိုးရဟာ ဒီသဘောတူညီချက်ကို "လေးလေးနက်နက်လေ့လာနေပါတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ Chatham House က အာမက် အဘူဒူးကတော့ သမ္မတ အက်ဘ်ဒယ် ဖတ်တာ အယ်လ် စီစီ လက်ထက်မှာ အီဂျစ်ဟာ မဟာမိတ်အုပ်စုတွေထဲ ဝင်ရောက်တာကို သတိရှိရှိနဲ့ခြေလှမ်းလာတယ်လို့ ဆိုပါတယ်။ အဲဒီလိုဝင်လိုက်တဲ့အခါ တခြားနိုင်ငံတွေနဲ့ မိတ်ဖက်ဆက်ဆံရေး ထိခိုက်သွားနိုင်ခြေရှိတဲ့အန္တရာယ်ကိုလည်း ထည့်တွက်တာကြောင့်ဖြစ်ပါတယ်။

အခုအခြေအနေမှာဆိုရင် အီရန်၊ အစ္စရေး၊ ယူအေအီး၊ ဂရိ၊ ဆိုက်ပရပ်စ်နဲ့ အိန္ဒိယလို နိုင်ငံတွေနဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

တကယ်တော့ ဒီလိုအန္တရာယ်မျိုးက အီဂျစ်တစ်နိုင်ငံတည်း သတိထားနေရတာတော့ မဟုတ်ပါဘူး။ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ သုံးနိုင်ငံကလည်း စစ်ပွဲတွေကြောင့် ပြောင်းလဲမှုတွေဖြစ်နေတဲ့အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ မဟာမိတ်ဆက်ဆံရေးတွေကို ဘယ်လိုဟန်ချက်ညီညီ ထိန်းညှိမလဲဆိုတဲ့စိန်ခေါ်မှုကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

အခုသတင်းဆောင်းပါးကို ဘီဘီစီ တူရကီဘာသာစကားဌာနနဲ့ အူရဒူဘာစကားဌာနတို့က သုံးသပ်ချက်တွေကို အခြေခံပြီး Global Journalism အဖွဲ့က ရေးသားတာဖြစ်ပါတယ်။