ပုပ်ရဟန်းမင်းကြီးအသစ်ကို ဘယ်လိုရွေးချယ်လဲ

၂၀၀၅ ခုနှစ်တုန်းက ပုပ်ရဟန်းမင်း ဂျွန်ပေါ ၂ ကို ဆက်ခံမယ့်သူကို ရွေးချယ်ရေး စုဝေးကြဖို့ ရဟန်းအမတ်တွေ စစ္စတင်းကျောင်းတော်ကို စုဝေးလာကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၀၅ ခုနှစ်တုန်းက ပုပ်ရဟန်းမင်း ဂျွန်ပေါ ၂ ကို ဆက်ခံမယ့်သူကို ရွေးချယ်ရေး စုဝေးကြဖို့ ရဟန်းအမတ်တွေ စစ္စတင်းကျောင်းတော်ကို စုဝေးလာကြတာ ဖြစ်ပါတယ်
    • ရေးသားသူ, ဂျယ်ရမီ ဟောင်းဝဲလ်
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၄

ဘယ်သူတွေက ရဟန်းမင်းဖြစ်နိုင်လဲ၊ ဘယ်သူတွေက ရွေးချယ် တင်မြှောက်လဲ

ရဟန်းမင်းကြီးကို တင်မြှောက်ဖို့ တံခါးပိတ် မစုဝေးကြခင် စိန့်ပီတာ ကျောင်းတော်ကြီးထဲမှာ ဝတ်ပြုကြတဲ့ ရဟန်းအမတ်တွေကို ၂၀၀၅ ခုနှစ်တုန်းက မြင်တွေ့ရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ရဟန်းမင်းကြီးကို တင်မြှောက်ဖို့ တံခါးပိတ် မစုဝေးကြခင် စိန့်ပီတာ ကျောင်းတော်ကြီးထဲမှာ ဝတ်ပြုကြတဲ့ ရဟန်းအမတ်တွေကို ၂၀၀၅ ခုနှစ်တုန်းက မြင်တွေ့ရတာ ဖြစ်ပါတယ်

ပုပ်ရဟန်းမင်းကြီး တစ်ပါး ပျံလွန်တော်မူရင် ဒါမှမဟုတ် (၂၀၁၃ ခုနှစ်တုန်းက ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် ၁၆ ရာထူးကနေ နုတ်ထွက်သလို) နုတ်ထွက်ရင် ပုပ် ရဟန်းမင်း အသစ်တစ်ပါးကို ရွေးချယ်လေ့ရှိပါတယ်။

အဲဒီလို အစားထိုးရွေးချယ်ခံရသူဟာ ရိုမန်ကက်သလစ်အသင်းတော်ရဲ့ ဦးသျှောင် ရဟန်းမင်းကြီး ဖြစ်လာပါတယ်။

ရေဖျန်းမင်္ဂလာခံယူထားတဲ့ ကက်သလစ် ခရစ်ယာန် အမျိုးသားမှန်သမျှ ပုပ်ရဟန်းမင်းအဖြစ် ဝင်အရွေးခံနိုင်ပါတယ်။

ဒါပေမဲ့ ရဟန်းမင်းကြီးတာဝန်ကိုတော့ ကက်ကလစ်အသင်းတော်မှာ အကြီးပိုင်း တာဝန်ရှိသူတွေလို့ မှတ်ယူခံရတဲ့ ရဟန်းအမတ်တွေထဲကနေပဲ ရွေးချယ် ခန့်အပ်လေ့ရှိပါတယ်။

ဒီရဟန်းအမတ်တွေကပဲ ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးချယ်တင်မြှောက်ကြတာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာ (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိဆိုရင်) ရဟန်းအမတ် ၂၅၂ ပါးအထိရှိပြီး သူတို့ဟာ သက်ဆိုင်ရာတိုင်း၊ ခရိုင် သာသနာပိုင်တွေလည်း ဖြစ်ကြပါတယ်။ ပုပ်ရဟန်းမင်းကြီး အသစ်ကိုတော့ သက်တော် ၈၀ အောက် ရဟန်းအမတ်တွေပဲ မဲပေး ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

ပုံမှန်ဆို ဒီလို ''ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ ရဟန်းအမတ်'' အရေအတွက်ဟာ အယောက် ၁၂၀ အထိ ကန့်သက်ထားပေမဲ့ လက်ရှိမှာ ပုပ်ရဟန်းမင်းအသစ်ကို မဲပေးရွေးချယ် တင်မြှောက်ခွင့်ရှိတဲ့ ရဟန်းအမတ်အရေအတွက်ဟာ ၁၃၅ ပါး အထိ ရှိနေပါတယ်။ (ပုပ်ရဟန်း မင်းကြီးဖရန်စစ်ဟာ ရဟန်းအမတ်သစ် ၂၁ ပါးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ခန့်အပ်ခဲ့ပါတယ်။)

ရဟန်းအမတ်တွေက ပုပ်အသစ်ကို ဘယ်လို ရွေးကြသလဲ

ပုပ်ရဟန်းမင်းကြီးအသစ်ကို မဲပေး ရွေးချယ်မှုကိုတော့ စစ္စတင်း ဘုရားကျောင်းဆောင်ထဲမှာ ပြုလုပ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်းကြီးအသစ်ကို မဲပေး ရွေးချယ်မှုကိုတော့ စစ္စတင်း ဘုရားကျောင်းဆောင်ထဲမှာ ပြုလုပ်ပါတယ်။

ပုပ်ရဟန်းမင်း အသစ်တစ်ပါးကို ရွေးချယ်ဖို့ အကြောင်းဖန်လာပြီဆိုရင် ကွန်းကလေ့ဗ် လို့ခေါ်တဲ့ ပုပ်ရဟန်းမင်းကို တံခါးပိတ် မဲပေးရွေးချယ်မှု ပြုလုပ်ဖို့ ဒီရဟန်းအမတ်တွေဟာ ဗာတီကန်နန်းတော်ရှိရာ ရောမမြို့ကို ဆင့်ခေါ် ဖိတ်ကြားခံရပါတယ်။ ကွန်းကလေ့ဗ်လို့ ခေါ် တဲ့ တံခါးပိတ် မဲပေးရွေးချယ်မှု ထုံးတမ်းစဥ်လာဟာ မပြောင်းလဲသလောက်ရှိနေတာ နှစ်ပေါင်း ၈၀၀ နီးပါး ရှိနေပါပြီ။

တံခါးပိတ် မဲပေးရွေးချယ်မှု ပထမဆုံးနေ့မှာ ရဟန်းအမတ်တွေဟာ စိန့်ပီတာ ကျောင်းတော်ကြီးထဲမှာ စုပေါင်း ဝတ်ပြုကြပါတယ်။ အဲဒီနောက်မှာတော့ ဗာတီကန်က စစ္စတင်းကျောင်းဆောင်ထဲမှာ စုဝေးကြပါတယ်။ အဲဒီမှာ လက်တင်ဘာသာလို "extra omnes" လို့ ခေါ်ပြီး ''မလိုသူတွေအားလုံးထွက်'' ဆိုတဲ့ အမိန့်ကို ပြန်ကြားပါတယ်။

အဲဒီအမိန့်ထုတ်ချိန်ကစလို့ ရဟန်းအမတ်တွေဟာ နောက် ရဟန်းမင်းအသစ် ရွေးလို့ မပြီးမချင်း ဗာတီကန်ထဲကနေ အပြင်ကို ထွက်ခွင့် မရတော့ပါဘူး။

ရောမမြို့ထဲမှာရှိတဲ့ ပုပ်ရဟန်းမင်းကြီး နန်းတော် ဗာတီကန် စီးတီးကို ဂြိုဟ်တုကနေ မြင်ရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ စိန့်ပီတာ ကျောင်းဆောင်၊ စိန့်ပီတာ ရင်ပြင်နဲ့ စစ္စတင်း ကျောင်းဆောင်ဆို့ကို လူနေဆောင်၊ အုပ်ချုပ်ရေးအဆောင်တွေနဲ့ မြင်တွေ့ရတာဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မဲပေးရွေးချယ်မယ့် ရဟန်းအမတ်တွေဟာ စစ္စတင်း ကျောင်းဆောင်ထဲ တံခါးပိတ်စုဝေးမှုရဲ့ ပထမနေ့ မှာ ကနဦး မဲပေးမှု လုပ်ကြပါတယ်။

အဲဒီနောက် ဒုတိယနေ့မှာတော့ ရဟန်းအမတ်တစ်ဦးတည်းက မဲအပြတ်အသတ် အနိုင်ရတဲ့ရလဒ် ထွက်တဲ့အထိ မနက်ခင်းတိုင်းမှာ မဲ နှစ်ကြိမ်၊ မွန်းလွဲပိုင်းတိုင်းမှာ မဲ ၂ ကြိမ် ပေးကြပါတယ်။

မဲပေးတိုင်းမှာ မဲပေးရာမှာပါဝင်တဲ့ရဟန်းအမတ်တိုင်းဟာ လက်တင်ဘာသာနဲ့ "Eligio in Summum Pontificem" လို့ ရေးပြီး ''ကျွန်ုပ်သည် ဦးသျှောင်ရဟန်းအမတ်ကို ရွေးချယ်ပါသည်'' လို့ အဓိပ္ပာယ်ရတဲ့ စာလုံးတွေပါတဲ့ မဲစာရွက်ပေါ်မှာ ကိုယ်ပေးချင်တဲ့ ရဟန်းမင်းလောင်း နာမည်ကို ချရေးရပါတယ်။

လျှို့ဝှက်မဲပေးမှုမြောက်အောင် ရဟန်းအမတ်တွေဟာ သူတို့ပေးတဲ့မဲစာရွက်မှာ သူတို့ ပုံမှန် ရေးနေကျ လက်ရေးလက်သားအတိုင်း နာမည်ကို မရေးရပါဘူး။

ဒုတိယနေ့ ကုန်တဲ့အထိ မဲအပြတ်အသတ် မထွက်ဘူးဆိုရင် ဝတ်ပြုဆုတောင်းမှုနဲ့ ပြန်လည်ဆင်ခြင်သုံးသပ်မှု ပြုလုပ်ဖို့ တတိယနေ့မှာ မဲပေးတာကို ဆက်မလုပ်တော့ပါဘူး။ နောက်ဒီနောက်ပိုင်းမှာတော့ မဲပေးမှုကို ထုံးတမ်းစဥ်လာအတိုင်း ပြန်လည်စတင်ပါတယ်။

ရွေးကောက်ခံ ပုပ်ရဟန်းမင်းကြီးတစ်ပါး ဖြစ်ဖို့ဆိုရင်တော့ ပုပ်ရဟန်းမင်းကြီးလောင်းတစ်ပါးဟာ မဲထည့်သူ အမတ်တွေရဲ့မဲ သုံးပုံ နှစ်ပုံအထိ လိုအပ်မှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဥ်ဟာ ရက်နဲ့ချီကြာမြင့်နိုင်ပြီး တစ်ခါတလေမှာ သီတင်းပတ်ချီ ကြာနိုင်ပါတယ်။

တံခါးပိတ် ရွေးချယ်မှုအတွင်းမှာ ဘာဖြစ်လဲ

၂၀၁၃ ခုနှစ်တုန်းက ပုပ်ရဟန်းမင်းကြီးကို ရဟန်းအမတ်ကို တံခါးပိတ် ရွေးချယ်နေချိန်မှာ လူထုက ရလဒ်ကို စိန့်ပီတာ ရင်ပြင်ကနေ စုဝေး စောင့်ဆိုင်းခဲ့ကြပါတယ်။
ဓာတ်ပုံ ပုံစာ, ရဟန်းအမတ်တွေ တံခါးပိတ်ပြီး စုဝေးမဲပေးနေချိန်မှာ ဧည့်ပရိသတ်က စိန့်ပီတာ ရင်ပြင်မှာ စုဝေးပြီး ရလဒ်ကို စောင့်ဆိုင်းကြပါတယ်။

တံခါးပိတ် စုဝေး မဲပေးမှုကို ပြင်ပလူနဲ့လုံးဝ ထိတွေ့မှုမရှိဘဲ သီးသန့် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ရဟန်းအမတ်တွေဟာ ဗာတီကန်ထဲကနေ ထွက်ခွင့်မရှိသလို၊ သတင်းစာ မဖတ်ရ၊ ရေဒီယို နားမထောင်ရ၊ တီဗီမကြည့်ရတဲ့အပြင် အပြင်ကလူတွေနဲ့လည်း ဖုန်းပြောခွင့် မရှိပါဘူး။

အိပ်ခန်းဆောင် သန့်ရှင်းရေးနဲ့ ဆရာဝန်တွေ၊ နောက်ပြီး သူတို့ရဲ့ ဝန်ခံချက်တွေကို နားထောင်ပေးတဲ့ ဘုန်းတော်ကြီးတွေကလွဲရင် ရဟန်းအမတ်တွေနေထိုင်တဲ့နေရာကို ဘယ်သူမှ ဝင်ခွင့်မပြုပါဘူး။ သူတို့ အားလုံးဟာ နှုတ်လုံပါမယ်ဆိုတဲ့အကြောင်းလည်း သစ္စာပြုရပါတယ်။

မဲပေးတဲ့ကာလအတောအတွင်းမှာ ရဟန်းအမတ်တွေ(မဲပေးတဲ့အရွယ်ရဟန်းအမတ်တွေရော၊ သက်တော် ၈၀ ကျော်လို့ မဲပေးမှုမှာ မပါဝင်တဲ့ ရဟန်းအမတ်တွေရော)ဟာ ပုပ်ရဟန်းမင်းလောင်းတွေရဲ့ အသင်းတော် ကောင်းကျိုးဆောင်နိုင်မယ့်ဂုဏ်တွေကို ဆွေးနွေးကြလေ့ ရှိပါတယ်။

ဒါပေမဲ့ ဘယ်သူ့အတွက် ဘယ်သူက မဲဆွယ်တာမျိုး ပေါ်ပေါ်ထင်ထင် လုပ်တာကိုတော့ တားမြစ်ထားပါတယ်။ ရဟန်းအမတ်တွေဟာ သန့်ရှင်းသော ဝိဉာဥ်တော်ရဲ့ လမ်းပြမှုကို ခံယူကြသူတွေလို့ ဗာတီကန်က ဆိုပါတယ်။ ဒါပေမဲ့လည်း ပုပ်ရဟန်းမင်းလောင်း ရဟန်းအမတ်တစ်ပါးကို ထောက်ခံဖို့ နောက်တစ်ပါးက ဆွေးနွေးစုဝေးတာက နိုင်ငံရေးဆန်တယ်လို့ မှတ်ယူနိုင်ပါတယ်။

ပုပ်ရဟန်းမင်းအသစ်ကို ရွေးချယ်လိုက်ပြီဆိုရင်တော့ စစ္စတင်း မီးခိုးခေါင်းတိုင်က မီးခိုးအဖြူတွေ ထွက်လာပါတယ်။
ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်းအသစ်ကို ရွေးချယ်လိုက်ပြီဆိုရင်တော့ စစ္စတင်း မီးခိုးခေါင်းတိုင်က မီးခိုးအဖြူတွေ ထွက်လာပါတယ်။

တံခါးပိတ် မဲပေးမှုအတွင်း မဲရလဒ်တွေကို တစ်နေ့ကို နှစ်ကြိမ် မီးရှို့ပါတယ်။ မီးရှို့လိုက်တဲ့ စစ္စတင်း ကျောင်းဆောင်က မီးခိုးခေါင်းတိုင်ကနေ ထွက်လာတဲ့ မီးခိုးအရောင်ကို ကြည့်ပြီး ပုပ်ရဟန်းမင်းကြီးကို ရွေး၊ မရွေးကို ဗာတီကန်နန်းတော် ပြင်ပက လူတွေ သိနိုင်ပါတယ်။

မဲစာရွက်တွေပေါ်မှာ အဖြူရောင် ဒါမှမဟုတ် အနက်ရောင် ဆေးသုတ်ထားပါတယ်။ မီးခိုးခေါင်းတိုင်က အမည်းရောင် မီးခိုးတွေထွက်လာပြီဆိုရင်တော့ ဒါဟာ မဲမပြတ်သေးတာကို ညွှန်းပါတယ်။ အဖြူရောင် မီးခိုးတွေထွက်လာပြီဆိုရင်တော့ ရဟန်းမင်းကြီးအသစ်တစ်ပါး ထွက်ပေါ်ပါပြီ။

ပုပ်ရဟန်းမင်းအသစ်ကို ရွေးချယ်ပြီးရင် ဘာဆက်လုပ်လဲ

၂၀၁၃ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရပြီးတဲ့နောက် စိန့်ပီတာ ကျောင်းတော် ပြတင်းထက်ကနေ လူထုကို မိန့်ခွန်းပြောနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်းကြီးတစ်ပါးကို ရွေးချယ်လိုက်ပြီဆိုရင်တော့ အစဥ်အလာအားဖြင့် အဲဒီပုပ်ရဟန်းမင်းကြီးဟာ စိန့် ပီတာ ရင်ပြင်က လူထုပရိသတ်ကို မိန့်ခွန်းပြောပါတယ်။

မဲနိုင်ပြီဆိုတာတဲ့ ပုပ်ရဟန်းမင်းအသစ်ကို ဒီမေးခွန်းမေးပါတယ်။

''(ကက်သလစ်) သာသနာ့ဦးသျှောင် ရဟန်းမင်းကြီးအဖြစ် လက်ခံမှာပါလား'' ဆိုတဲ့မေးခွန်းပါ။

အဲဒီနောက် ရွေးချယ်ခံ ရဟန်းမင်းကြီးဟာ ပုပ်ရဟန်းမင်းအဖြစ် ခံယူချင်တဲ့ နာမည် တစ်ခုကို ရွေးချယ်ပါတယ်။ ပြီးရင်တော့ ရုံးတော်မှာ ရဟန်းမင်းအဆောင်အယောင် ဝတ်ရုံ ဝတ်ဆင်ပါတယ်။

အဲဒီနောက် ရဟန်းအမတ်တွေကလည်း သူ့ကို အရိုအသေဂါရဝပြုကြပြီး နာခံမယ့်အကြောင်း ကတိပြုကြပါတယ်။

ကြေညာချက်ကိုတော့ စိန့်ပီတာ ကျောင်းတော် ပြတင်းကနေ ရင်ပြင်မှာရှိတဲ့လူအုပ်ကို ထွက်ကြေညာတာပါ။ "habemus papam" လို့ လက်တင်လို ပြောပါတယ်။ ''ရဟန်းမင်းကြီးတစ်ပါး ထွက်ပေါ်ပါပြီ။''

အဲဒီနောက်မှာ ပုပ်ရဟန်းမင်းအသစ်ရဲ့ နာမတော်ကိုလည်း ကြေညာသလို ရဟန်းမင်းကြီးကိုယ်တိုင်လည်း ထွက်ပေါ်လာပါတယ်။ အဲဒီနောက် ရဟန်းမင်းကြီးအသစ်ဟာ မိန့်ခွန်းတိုတိုပြောပြီး ထုံးတမ်းစဥ်လာအတိုင်း ''ကမ္ဘာနဲ့ ဗာတီကန်'' ကိုလို့ အဓိပ္ပာယ်ရတဲ့ ကောင်းချီးစကား မိန့်ပါတယ်။

အဲဒီနောက်မှာတော့ တံခါးပိတ်မဲပေးမှုအတွင်း အကြိမ်ကြိမ်ပေးခဲ့တဲ့မဲပေးမှုမှာ ရတဲ့ရလဒ်တွေကို ပုပ်ရဟန်းမင်းကြီးထံ ပြသပါတယ်။ အဲဒီရလဒ်တွေကို ချိပ်ပိတ်ပြီး ဗာတီကန်က မော်ကွန်းတိုက်မှာ သိမ်းဆည်းပါတယ်။ နောင်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ အခွင့်အမိန့်နဲ့မှသာ ချိပ်ကို ဖြည်ကြည့်နိုင်မှာဖြစ်ပါတယ်။