လေယာဉ်ပျံနေချိန် ပြတင်းပေါက်ပျက်စီးလို့ ခရီးသည်အသက်အန္တရာယ်ကြုံ

ဗီဒီယို ပုံစာ, ပျံသန်းနေစဉ် ပြတင်းပေါက် ပျက်စီးခဲ့တဲ့ Ryanair လေယာဉ်အတွင်းမြင်ကွင်း
    • ရေးသားသူ, ယာရိုဆလပ် လူကစ်ဗ်
    • ရေးသားသူ, သီယို လက်ဂက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၃

Ryanair လေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စင်းဟာ ပျံသန်းနေချိန်မှာပဲ လေယာဥ်ပြတင်းပေါက်တခု ပျက်စီးပြီး အမျိုးသားခရီးသည်တစ်ဦးရဲ့ ဦးခေါင်းပိုင်းဟာ အပြင်ဘက်လေထုထဲကို လေထုဆွဲအားနဲ့ ဆွဲထုတ်ခံရလုနီးပါး ဖြစ်ခဲ့ပါတယ်။

လေယာဉ်ပျံသန်းမှု အချက်အလက်များအရ လေယာဉ် ပျံတက်ပြီး ၁၀ မိနစ်ခန့်အကြာမှာ ရုတ်တရက် ပေ ၉,၀၀၀ (မီတာ ၂,၇၀၀ ခန့်) အထိ အမြင့်လျှော့ချ ဆင်းသက်ခဲ့ပါတယ်။ ခရီးသည်တွေလည်း "ပေါက်ကွဲသံတစ်မျိုးမျိုး" ကြားခဲ့ရကြောင်း မီဒီယာတွေကိုဖြေဆိုထားပါတယ်။

ဂရိနိုင်ငံရှိ ဆေးရုံတာဝန်ရှိသူတစ်ဦးက လေယာဥ်ပေါ် ပါ အသက် ၆၁ နှစ်အရွယ် ဆားဘီးယားနိုင်ငံသား တစ်ဦးကို အရေပြားပွန်းပဲ့ ပွတ်တိုက်ဒဏ်ရာတွေကို ဆေးကုသမှုပေးနေကြောင်း ပြောပါတယ်။

"သူ့ဇနီးက လေယာဉ်အပြင်ဘက်ကို လေထုက ဆွဲထုတ် မသွားအောင် သူ့ ယောက်ျားရဲ့ ခြေထောက်ကို ငါးမိနစ်လောက် အတင်းဆွဲထားခဲ့ရတယ်" လို့ မီခါလစ် ဂျန်နာကိုစ် က ပြောပါတယ်။

Ryanair က ထုတ်ပြန်ချက်မှာတော့ ဂရိနိုင်ငံ သက်ဆာလိုနီကီ ကနေ ဂျာမနီနိုင်ငံ မမ်မင်ဂန် (Memmingen) ကို သောကြာနေ့ မနက်က ထွက်ခွာခဲ့တဲ့ လေယာဉ်ဟာ ပျံတက်ပြီး မကြာမီ ပျံသန်းနေချိန်မှာ ခရီးသည်ဘေးက ပြတင်းပေါက်တစ်ခု ချော်ထွက်သွားခဲ့သဖြင့် လေဆိပ်ကို ပြန်လည်ဆင်းသက်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

Ryanair ကတော့ လေယာဉ်ဟာ ပုံမှန်အတိုင်း ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်တွေကိုလည်း လေဆိပ်ခရီးသည်နားနေဆောင်ဆီ ပြန်ပို့ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သက်ဆာလိုနီကီ လေဆိပ်မှာ ခရီးသည်တစ်ဦးက ဆေးကုသမှုလိုအပ်တယ်လို့ တောင်းဆိုခဲ့တဲ့အတွက် မြေပြင်မှာပဲ ဆေးဝန်ထမ်းတွေက ကုသပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

နာရီအနည်းငယ်အကြာမှာတော့ ခရီးသည်တွေကို ဂျာမနီနိုင်ငံ မမ်မင်ဂန် မြို့ဆီ ပို့ဆောင်ဖို့ အစားထိုးလေယာဉ်တစ်စင်း စီစဉ်ပေးခဲ့တယ်လို့ Ryanair က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေသခံမီဒီယာတွေမှာဖော်ပြချက်အရ ဒဏ်ရာရခဲ့တဲ့ အမျိုးသားဟာ ပခုံးအထိ လေယာဉ်ပြတင်းပေါက်အပြင်ဘက်ကို စုပ်ထုတ်ခံခဲ့ရပြီး တခြားခရီးသည်တွေက အားစိုက်ဆွဲယူခဲ့လို့သာ လေယာဉ်အတွင်း ပြန်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည်တချို့ကတော့ ဂျက်အင်ဂျင်ကနေ လွင့်လာတဲ့ အပိုင်းအစတွေကြောင့် ပြတင်းပေါက်ကွဲသွားတာ လို့ ပြောကြပေမယ့် Ryanair ကတော့ ဒီအချက်အပေါ် မှတ်ချက်မပေးသေးပါဘူး။

ခရီးသည်တစ်ဦးဖြစ်တဲ့ ခရစ္စတီနာ ကတော့ "လေယာဉ်အတွင်း ဖိအားရုတ်တရက် ကျသွားတာကို ချက်ချင်းသိလိုက်တယ်။ လူတွေ အော်ဟစ်နေကြတယ်။ အရေးပေါ်ထွက်ပေါက်တံခါးကို တစ်ယောက်ယောက်က ဖွင့်လိုက်တာလားလို့တောင် ထင်ခဲ့တယ်" လို့ရေဒီယို သက်ဆာလိုနီကီ ကို ပြောပါတယ်။

"အောက်ဆီဂျင်မျက်နှာဖုံးတွေ ကျလာတယ်၊ အနံ့ပြင်းတစ်မျိုးလည်း ထွက်လာတယ်။ ခရီးသည်တစ်ယောက်ရဲ့ ဦးခေါင်းနဲ့ ပခုံးက ပြတင်းပေါက်အပြင်ဘက် ရောက်နေခဲ့တယ်။ ကံကောင်းတာက သူက ထိုင်ခုံခါးပတ်ကို မဖြုတ်ထားဘူး" လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ်ခရီးသည် ဆိုဖီယာ ကလည်း "ခေါင်းပေါ်ကနေ အရေးပေါ် အောက်ဆီဂျင်မျက်နှာဖုံးတွေ ကျလာချိန်မှာ ဘာဆက်ဖြစ်မလဲဆိုတာ မသိခဲ့ဘူး။ အသက်ရှင်ပြီး ပြန်ရောက်နိုင်မလားတောင် မသေချာဘူး။ ကျွန်မတို့က လေယာဉ်နောက်ပိုင်းမှာ ထိုင်နေခဲ့တာပါ။ တစ်ခုခုပေါက်ကွဲသလို အသံကြားလိုက်ရတယ်" လို့ ပြောပါတယ်။

"လေယာဉ်ပျက်ကျတော့မယ်လို့ ထင်ခဲ့တယ်။ လေဖိအားကျသွားတာက အရမ်းပြင်းတယ်။ အသက်ရှူမရသလို ခံစားရတယ်။ ဒဏ်ရာရတဲ့ အမျိုးသားက သွေးထွက်လာပြီး အောက်ဆီဂျင်ပြတ်လပ်မှုနဲ့ ထိတ်လန့်မှုကြောင့် သတိလစ်သွားတာ အကြိမ်ကြိမ် ဖြစ်ခဲ့တယ်" လို့လည်း ဆိုဖီယာက ပြောပါတယ်။

နောက်ပိုင်းမှာတော့ ဂရိအစိုးရဆေးရုံဝန်ထမ်းများအဖွဲ့ချုပ် ဥက္ကဋ္ဌ မီခါလစ် ဂျန်နာကိုစ် က အသက် ၆၁ နှစ်အရွယ် ဆားဘီးယားနိုင်ငံသား တစ်ဦးဟာ အရေပြားပွန်းပဲ့ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ပြောပါတယ်။

"သူ ထိတ်လန့်နေသေးပေမယ့် သတိတော့ ရနေပါတယ်" လို့လည်း သူက ပြောပါတယ်။

ဗီဒီယို ပုံစာ, ပြတင်းပေါက် ပေါက်ထွက်သွားပြီးနောက် လေယာဉ်အတွင်း မြင်ကွင်း (ရုပ်သံ)

ဒီလေယာဉ်ဟာ သက်တမ်း ၁၈ နှစ်ရှိပြီလို့ ယူဆရတဲ့ လေယာဉ်ဖြစ်ပြီး Ryanair ရဲ့ လက်အောက်ခံ Malta Air က ပြေးဆွဲတဲ့ လေယာဉ်ဖြစ်ပါတယ်။

သက်ဆာလိုနီကီလေဆိပ်ကို စီမံခန့်ခွဲတဲ့ Fraport Greece ကုမ္ပဏီကကတော့ ဒီဖြစ်စဉ်ကို ဂရိ လေကြောင်းနဲ့ မီးရထားဘေးကင်းရေး စုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ က စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

လေယာဉ် အရေးပေါ်ပြန်လှည့်ဆင်းသက်ခဲ့ပြီးနောက် သတ်မှတ်ထားတဲ့ အရေးပေါ်တုံ့ပြန်ရေး လုပ်ထုံးလုပ်နည်းတွေကို ချက်ချင်း ဆောင်ရွက်ခဲ့သလို၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်လို့ Fraport Greece က ဆိုပါတယ်။

အိုင်ယာလန် လေကြောင်းအာဏာပိုင်အဖွဲ့ (IAA) ကလည်း ဒီဖြစ်စဉ်ကို သိရှိထားပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ လိုအပ်တဲ့ အကူအညီမှန်သမျှ ပေးသွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

လေကြောင်းလိုင်းလေယာဉ်မှူးဟောင်း ခရစ် ဘရေဒီ ကတော့ ခရီးသည်အမျိုးသားသာ ထိုင်ခုံခါးပတ် မပတ်ထားဘူးဆိုရင် ဒီဖြစ်ရပ်ဟာ ဒီထက်ပိုပြီး ဆိုးရွားသွားနိုင်တယ် လို့ ပြောပါတယ်။

"ကျွန်တော်တို့ လေယာဉ်မှူးတွေက ခါးပတ်တပ်ထားဖို့ အချက်ပြမီးပိတ်ထားတဲ့ အချိန်မှာတောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထိုင်ခုံခါးပတ် ဆက်ပတ်ထားဖို့ အမြဲပြောလေ့ရှိပါတယ်။"

"အခုလို မမျှော်လင့်ထားတဲ့ ဖြစ်ရပ်မျိုး ဒါမှမဟုတ် လေထန်တာမျိုး ကြုံရတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ထားတာက အကောင်းဆုံး အလေ့အကျင့်ပါပဲ" လို့ သူက ပြောပါတယ်။

၂၀၁၈ ခုနှစ် တုန်းကလည်း အမေရိကန်နိုင်ငံမှာ Southwest Airlines လေယာဉ်တစ်စင်းရဲ့ အင်ဂျင်ပျက်စီးပြီး လွင့်ထွက်လာတဲ့ အပိုင်းအစတွေကြောင့် ပြတင်းပေါက်တစ်ခု ကွဲသွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦးဟာ လေယာဉ်အပြင်ဘက်ကို တစ်စိတ်တစ်ပိုင်း လေထုရဲ့ စုပ်ထုတ်ခံခဲ့ရပြီး သေဆုံးခဲ့ဖူးပါတယ်။

ဒီသတင်းကို Mark Allison နှင့် Nikos Papanikolaou တို့ကလည်း ပူးပေါင်းရေးသားထားပါတယ်။

Get in touch

Have you been affected by the issues in this story? Let us know.