နေးတိုးအဖွဲ့ရဲ့ ဒေါ်လာ ဘီလျံ ၅၀ ကျော်တန် ဒုံးလက်နက် စီမံကိန်း အသစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကေနိုင်ငံ အပါအဝင် နေးတိုးအဖွဲ့ဝင် ၁၂ နိုင်ငံဟာ ဥရောပကို ကာကွယ်ဖို့ရာ တာဝေးပစ် ဒုံးကျည်စနစ် အသစ် တစ်ရပ်ကို လာမယ့် ၁၀ နှစ် အတွင်း ဖော်ဆောင် ဖို့ရာ ဒေါ်လာ ဘီလျံ ၅၀ ကျော် အသုံးပြုမယ်လို့ ကြေညာပါတယ်။
ယူကေနိုင်ငံ ဦးဆောင်တဲ့ စစ်ရေး မဟာမိတ်တွေရဲ့ ဒီ ဒုံး စံနစ် ပရောဂျက် အသစ်ကို "The Deep Precision Strike" ဆိုပြီး နာမည် ပေးထားပါတယ်။
ပစ်မှတ်တွေကို အစွမ်းကုန် အတိအကျ ထိမှန်အောင် တိုက်ခိုက်နိုင်တဲ့ စံနစ်လို့ အဓိပ္ပာယ်ရပြီး Deep Strike လို့ အတိုကောက် ရည်ညွှန်း ခေါ်ဝေါ် ကြပါတယ်။
ဒီ ဒုံးကျည် စီမံကိန်း အကြောင်း အမှတ် (၁၀) ဒေါင်းနင်းလမ်းကနေ စတင် ထုတ်ဖော် ပြောဆို လာခဲ့ပြီး၊ တူရကီ နိုင်ငံ မြို့တော် အန်ကာရာမှာ ကျင်းပနေတဲ့ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဗြိတိသျှ ဝန်ကြီးချုပ် ကီယာစတာမာက ဦးဆောင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ရာထူးကနေ နှုတ်ထွက်မယ့် အကြောင်း ကြေညာထားပြီး ဖြစ်တဲ့ မစ္စတာ စတာမာ အတွက် အခု အန်ကာရာ အစည်းအဝေးဟာ ဝန်ကြီးချုပ် အဖြစ် သူ နောက်ဆုံး တက်ရောက်တဲ့ နေးတိုး ထိပ်သီးဆွေးနွေးပွဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီ တာဝေးပစ် ဒုံးကျည် လက်နက် စံနစ်ဟာ နေတိုး အဖွဲ့ရဲ့ အဆင့်အမြင့်ဆုံး လက်နက်တွေထဲက တစ်ခု ဖြစ်လာဖို့ရာ ရည်မှန်းထားပါတယ်။
မိုင် ၂၀၀ နီးပါး (ကီလိုမီတာ အနေနဲ့ ဆို ၃၀၀ နီးပါး) အကွာက ပစ်မှတ်တွေကို အတိတကျ တိုက်ခိုက် ချေမှုန်းနိုင်မယ့် ဒုံးလက်နက်မျိုး တည်ဆောက် ကြမှာ ဖြစ်ပါတယ်။
"နေးတိုး အဖွဲ့ဝင် ဥရောပ မဟာမိတ် နိုင်ငံတွေ အားလုံးရဲ့ လုံခြုံရေးကို စုပေါင်း ကာကွယ် သွားဖို့ရာ လာမယ့်နှစ်ပေါင်းများစွာ အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ကြတာ" ဖြစ်တယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဆာ ကီယာက ဆိုပါတယ်။
ဗြိတိန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး အီဗက်ကူးပါးကလည်း အခုလို စီမံကိန်းမျိုး ထားရှိရတာဟာ လက်ရှိ နေထိုင်နေရတဲ့ ကမ္ဘာကြီးဟာ ဘယ်လောက် အန္တရာယ်ကြီးမား နေသလဲ ဆိုတဲ့ အပေါ် မဟာမိတ်တွေ အားလုံး နားလည် သဘောပေါက်ထားတာကို ပြသနေတယ်လို့ ဆိုပါတယ်။
ပိုပြီး တောင့်တင်းကြံ့ခိုင်တဲ့ နေးတိုးထဲမှာမှ ပိုပြီး သန်မာတဲ့ ဥရောပ ဖြစ်လာဖို့ရာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ဝန်ကြီး ကူးပါးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အထက်မှာ ပြောခဲ့သလို ဒီ ဒုံးလက်နက် စီမံကိန်းသစ်ကို ၁၀ နှစ် အထိ အချိန်ယူ သွားမယ်လို့ ရည်ရွယ်ထားတာကြောင့် သက္ကရာဇ် ၂၀၃၀ ပြည့်ကျော် နှစ်တွေ မှာမှ လက်တွေ့ အသုံးချနိုင်ဖို့ရာ အသင့် ဖြစ်လာမှာပါ။
အခု လက်ရှိ အချိန်မှာတော့ နေးတိုး အဖွဲ့ထဲမှာ အမေရိကန်နဲ့ ကျန် အဖွဲ့ဝင် နိုင်ငံတွေကြား ဆက်ဆံရေးဟာ အရင်ကာလတွေနဲ့ နှိုင်းယှဥ်ရင် နွေးထွေးမှု မရှိ ဖြစ်နေပါတယ်။
နေးတိုး အဖွဲ့တစ်ခုလုံးရဲ့ ဝန်ကို အမေရိကန်က ထမ်းထားရတယ်လို့ ရှုမြင်ထားတဲ့ သမ္မတထရမ့်က ကျန် နိုင်ငံတွေအားလုံး ကိုယ်စီ အချိုးကျ အသုံးစားရိတ်တွေ ထည့်ဝင်ကြဖို့ ဖိအားပေးနေခဲ့ပါတယ်။
အခုဆိုရင် ၂၀၃၅ အမှီ ကာကွယ်ရေး အသုံးစားရိတ်ကို တစ်နိုင်ငံချင်းစီ အနေနဲ့ ကိုယ့်နိုင်ငံ GDP ရဲ့ ၅% အထိ အနည်းဆုံး သုံးစွဲသွားဖို့ နေးတိုး အဖွဲ့ဝင် နိုင်ငံ အားလုံးနီးပါးက သဘောတူထားကြပါတယ်။
အခုရက်ပိုင်းကပဲ နေးတိုး အတွင်းရေးမှူးချုပ် မာ့ခ် ရူတာက ရုရှား ကိုကြည့်ရင် သူတို့ အသုံးစားရိတ် ဘတ်ဂျက်အားလုံးရဲ့ ထက်ဝက်ကို စစ်လက်နက် ပစ္စည်းတွေ ထုတ်လုပ် ပိုင်ဆိုင် နိုင်ရေးမှာ ပုံအော သုံးစွဲ နေပြီး၊ စစ် လက်နက် တပ်ဆင်ရေးကို ၂၄ နာရီပတ်လုံး အာရုံစိုက်ထားတာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆို ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု အန်ကာရာ အစည်းအဝေးမှာ ယူကေနိုင်ငံက အာရုံစိုက် ပြောမယ့် အထဲ ရုရှားရဲ့ ခြိမ်းခြောက်မှု အန္တရာယ်လည်း အဓိကပါဝင် နေပါတယ်။
နေးတိုးအဖွဲ့ ဝင် မဟာမိတ် နိုင်ငံ အသီးသီးရဲ့ ဝေဟင်ပိုင်နက်တွေဆီ ရုရှား လေယာဥ်တွေ ချည်းကပ်လာတဲ့ အတွက် ကြားဖြတ် ဟန့်တားခဲ့ရတဲ့ အကြိမ်ပေါင်း ၇၀၀ ကျော် ရှိခဲ့ပြီး၊ ယူကေရဲ့ ရေပြင် ပိုင်နက်အနီး ရုရှားစစ်တပ် လှုပ်ရှားမှုဟာ ရာခိုင်နှုန်း ၃၀ မြင့်တက်လာတယ်လို့ ယူကေ အစိုးရက ထုတ်ပြောထားနှင့်ပြီး ဖြစ်ပါတယ်။
နေးတိုးအဖွဲ့ အနေနဲ့ ရုရှားနဲ့ ထိပ်တိုက်တွေ့ဖို့ရာ ရည်ရွယ်ထားတာ မဟုတ်ပေမယ့်၊ အဖွဲ့ဝင် နိုင်ငံ အသီးသီးကို အကာအကွယ် ပြုပေးနိုင်ရေး အသင့် ရှိနေဖို့တော့ လိုတယ် ဆိုပြီး ဆာ ကီယာက ဆိုပါတယ်။
အခု ဒုံးလက်နက်ရဲ့ တတ်နိုင်စွမ်းဟာ တစ်ဘက်က စစ်ရေး ပစ်မှတ်တွေ၊ ထောက်ပို့ ယန္တရားတွေကို အတိတကျ ချေမှုန်းနိုင်ရေး အတွက် ရည်ရွယ်ထားပြီး၊ ရန်လိုသူတွေကို ဟန့်တားနိုင်ရေး အဓိက ဖြစ်တယ်လို့ ဗြိတိန်ရဲ့ အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်တဲ့ မစ္စ ကူးပါးကလည်း ပြောပါတယ်။
"နေးတိုး အဖွဲ့ဟာ ပိုပြီး တောင့်တင်းလာပြီး၊ ဥရောပ ပိုဆန်လာပြီ ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်နိုင်စွမ်း လည်း ရေရှည် အတွက်ပါ အသင့် ရှိနေတဲ့ အကြောင်း အခု အန်ကာရာ အစည်းအဝေးကနေ ရုရှား သမ္မတ ပူတင်ဆီ ရှင်းလင်း ပြတ်သားတဲ့ သတင်းစကား ပါးမှာ ဖြစ်တယ်" လို့လည်း ဝန်ကြီး ကူးပါးက ဆိုပါတယ်။









