ငလျင်တွေပိုများလာတာကရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေလား

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
- ရေးသားသူ, လူးဝစ် ဘာရူချို
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၆
ဗင်နီဇွဲလားနိုင်ငံမှာ တစ်မိနစ်သာ ခြားပြီး ဆက်တိုက်လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၂ နဲ့ ၇ ဒသမ ၅ ရှိတဲ့ ပြင်းထန်တဲ့ ငလျင်နှစ်ခုဟာ အဆောက်အအုံအများအပြား ပြိုကျပျက်စီးခဲ့ပြီးလူတွေကို ထိတ်လန့်မှုတွေ ဖြစ်ပွားစေခဲ့ပါတယ်။
ဒုတိယလှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၅ ငလျင်ဟာ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံကို လှုပ်ခတ်ခဲ့သမျှထဲမှာ အပြင်းထန်ဆုံး ဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ပြောပါတယ်။ USGS ရဲ့ ခန့်မှန်းချက်အရ လူထောင်ပေါင်းများစွာ သေဆုံးနိုင်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။
လူနေထူထပ်တဲ့ဒေသတွေမှာ ငလျင်လှုပ်ခတ်တိုင်း မေးခွန်းတချို့က ထပ်တလဲလဲ ထွက်ပေါ်လာလေ့ရှိပါတယ်။ ငလျင်တွေ ပိုမိုမကြာခဏ လှုပ်ခတ်လာနေတာလား၊ ပိုပြီး အသေအပျောက်များလာနေတာလား၊ ဒါမှမဟုတ် ရာသီဥတုပြောင်းလဲမှုက အကြောင်းရင်းတစ်ခုလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားတတ်တယ်လို့ ဗြိတိန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (British Geological Survey) က ငလျင်ပညာရှင် ဒေါက်တာ ရစ်ချတ်လက်ကက် က ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့်ဗင်နီဇွဲလားငလျင်လို ပြင်းအားရှိတဲ့ ငလျင်တွေကတော့ ရှားပါးတယ်လို့ သူက ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်း အင်အား ၆ နဲ့ အထက် ငလျင် ၇ ကြိမ်သာ မှတ်တမ်းတင်ထားပြီး၊ အဲဒီထဲမှာ ၁၉၆၇ ခုနှစ်က အင်အား ၆ ဒသမ ၆ ငလျင်ကြောင့် မြို့တော် ကာရာကပ်စ် မှာ လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
"လူနေထူထပ်တဲ့ ဒေသမှာ အင်အား ၇ ဒသမ ၅ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ရင် ဘယ်လိုပဲဖြစ်ဖြစ် ဆိုးရွားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေမှာပါ" လို့ ဒေါက်တာ လက်ကက်က ပြောပါတယ်။
ဗင်နီဇွဲလား ငလျင်ဟာ ကမ္ဘာမြေမျက်နှာပြင်နဲ့ နီးတဲ့ နေရာကနေ စတင်ဖြစ်ပွားခဲ့တဲ့အတွက် မြေပြင်လှုပ်ခတ်မှု ပိုပြင်းထန်ခဲ့တယ်လို့လည်း သူက ရှင်းပြပါတယ်။

မြေငလျင်ဆိုတာ ကမ္ဘာမြေမျက်နှာပြင်အောက်က ကျောက်လွှာတွေထဲမှာ စုနေတဲ့ ဖိအားတွေ ရုတ်တရက် လွတ်ထွက်သွားတဲ့အခါ ဖြစ်လာတာလို့ ဆွစ်ဇာလန် ငလျင်ပညာရှင် ဒေါက်တာ ဗီရီနာ ဆိုင်မွန်က ဘီဘီစီ ရဲ့ ရာသီဥတုပြောင်းလဲမှုမေးခွန်းများ အစီအစဉ်မှာ ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကမ္ဘာမြေမျက်နှာပြင်အောက်မှာ အက်ကွဲကြောင်းတွေ၊ အားနည်းတဲ့နေရာတွေ ရှိပြီး အဲဒီနေရာတွေက ကမ္ဘာမြေချပ်တွေ ဆုံတဲ့နေရာတွေ ဖြစ်တတ်ပါတယ်။ အဲဒီကြောင့် ကျောက်ထုကြီးတွေ အချင်းချင်း ရွေ့လျားနိုင်တာပါ။
"ဒီမြေခွံပြားတွေ ရွေ့ပြီး တစ်ခုနဲ့တစ်ခု ဖိတွန်းနေတဲ့အခါ ဖိအားတွေ တဖြည်းဖြည်း စုပေါင်းလာတယ်။ တစ်ချိန်မှာတော့ ရုတ်တရက် ချော်ထွက်သွားတယ်" လို့ သူက ပြောပါတယ်။
"အဲဒီ ရုတ်တရက် ချော်ထွက်သွားတာကိုပဲ မြေငလျင်လို့ ခေါ်တာပါ" လို့လည်း ဆိုပါတယ်။
ကျောက်ချပ်ပြားတွေ ရွေ့လျားတာက နှစ်ထောင်ပေါင်းများစွာ၊ တစ်ခါတလေ သန်းပေါင်းများစွာ ကြာတဲ့ လုပ်ငန်းစဉ်ဖြစ်လို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်ရင် မြေငလျင်ဖြစ်ပွားနှုန်းနဲ့ ပြင်းအားက သိသိသာသာ မပြောင်းလဲဘဲ တည်ငြိမ်နေတတ်ပါတယ်။
ဒါပေမဲ့ အက်ကွဲကြောင်း (fault) အများစုက ပြတ်တော့မယ့် အခြေအနေနဲ့ နီးကပ်နေပြီး ပတ်ဝန်းကျင်အခြေအနေ နည်းနည်းလေး ပြောင်းလဲရုံနဲ့တင် ချော်ထွက်ပြီး ငလျင်ဖြစ်သွားနိုင်တယ်လို့ ဒေါက်တာ ဆိုင်မွန်က ပြောပါတယ်။
ဒါကြောင့် ရာသီဥတုပြောင်းလဲမှုက အဲဒီလို အခြေအနေတွေကို သက်ရောက်မှု ရှိနေလားဆိုတာကို သိပ္ပံပညာရှင်တွေ ပိုပြီး လေ့လာနေကြပါတယ်။

"အက်ကြောင်း (fault) တွေက ပြတ်ထွက်ဖို့ နီးနေတဲ့ အခြေအနေမှာ ရှိနေပြီဆိုရင်၊ ရာသီဥတုပြောင်းလဲမှုက မြေငလျင် ဘယ်အချိန် ဖြစ်လာမလဲဆိုတာကို သက်ရောက်မှု ပေးနိုင်ပါတယ်" လို့ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်တက္ကသိုလ် (Colorado State University) က တွဲဖက်ပါမောက္ခ ရှောင် ဂယ်လန် က ဘီဘီစီ ရဲ့ ရာသီဥတုပြောင်းလဲမှုမေးခွန်းများ အစီအစဥ်ကိုဖြေပါတယ်။
ဒီအထဲမှာ အရှင်းလင်းဆုံး ဆက်နွှယ်မှုတစ်ခုကတော့ ရေ နဲ့ သက်ဆိုင်ပါတယ်။
အယ်လ်ပ်တောင်တန်းဒေသမှာ အပူချိန် မြင့်တက်လာတာကြောင့် ရေခဲမြစ် (glacier) တွေ အများအပြား အရည်ပျော်ပြီး လျော့နည်းလာပါတယ်။
"ဆွစ်ဇာလန်က ရေခဲမြစ်တွေမှာ ၂၀၀၀ ပြည့်နှစ်ကစပြီး ရေခဲထုရဲ့ ၄၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားပြီ" လို့ ဒေါက်တာ ဗီရီနာ ဆိုင်မွန်က ပြောပါတယ်။ တခြားရေခဲမြစ်တွေကလည်း သိသိသာသာ လျော့နည်းသွားပါတယ်။
ဒေါက်တာ ဆိုင်မွန်က မောင့်တ်ဘလန့် ဒေသမှာ ပြုလုပ်ခဲ့တဲ့ သုတေသနမှာလည်း ထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
"၂၀၁၅ မတိုင်ခင် ကိုးနှစ်အတွင်း မြေငလျင် ရာဂဏန်းလောက်ပဲ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၅ နောက်ပိုင်းကစပြီး မြေငလျင်လှုပ်ရှားမှု သိသိသာသာ များလာပါတယ်" လို့ သူက ဘီဘီစီ ရဲ့ ရာသီဥတုပြောင်းလဲမှုမေးခွန်းများ အစီအစဉ်ကို ပြောပါတယ်။

ဒီဆက်နွယ်မှုက ရေခဲမြစ် အရည်ပျော်လာတဲ့ ရေတွေဟာ ကျောက်တုံးတွေရဲ့ အက်ကြောင်းတွေထဲ စိမ့်ဝင်သွားတာကြောင့် ဖြစ်ပါတယ်။ အဲဒီရေတွေက အက်ကြောင်း (fault) တစ်လျှောက်ရှိ ပွတ်တိုက်မှုကို လျှော့ချပေးပြီး၊ ကမ္ဘာမြေချပ်ပြားတွေ ရွေ့လျားဖို့ ပိုလွယ်ကူစေပါတယ်။
"ဖိအားများတဲ့ ရေတွေ အက်ကြောင်းကြားထဲ ဝင်သွားတဲ့အခါ အဲဒီအက်ကြောင်းတွေ ပိုလွယ်လွယ် ချော်ထွက်နိုင်ပြီး၊ အဲဒီအချိန်မှာ မြေငလျင် ဖြစ်လာနိုင်ပါတယ်" လို့ ဒေါက်တာ ဗီရီနာ ဆိုင်မွန်က ဘီဘီစီ ရဲ့ ရာသီဥတုပြောင်းလဲမှုမေးခွန်းများ အစီအစဉ်ကို ပြောပါတယ်။
ကံကောင်းတာကတော့ လက်ရှိအချိန်အထိ ဒီလိုအကြောင်းရင်းနဲ့ ဆက်စပ်နေတဲ့ မြေငလျင်တွေက အားပျော့တဲ့ မြေငလျင်တွေပဲ ဖြစ်နေသေးပါတယ်။
"ကျွန်မတို့ မှတ်တမ်းတင်ခဲ့တဲ့ အကြီးဆုံး မြေငလျင်က ပြင်းအား ၃ ဒသမ ၁ ပဲရှိပါတယ်။ ပျက်စီးမှုဖြစ်စေတဲ့ အဆင့်တော့ မဟုတ်ပါဘူး" လို့ ဒေါက်တာ ဆိုင်မွန်က ပြောပါတယ်။
တစ်ဖက်မှာလည်း ရေခဲမြစ်တွေ အရည်ပျော်လာတာကြောင့် ကမ္ဘာမြေမျက်နှာပြင်အပေါ် ဖိထားတဲ့ အလေးချိန် လျော့နည်းလာပါတယ်။
"ဒါက fault ပေါ်မှာ ဖိထားတဲ့ အလေးချိန်ကို ပြောင်းလဲစေပါတယ်။ တစ်နည်းအားဖြင့် ဖိညှပ်ထားတဲ့ အား လျော့သွားသလိုမျိုး ဖြစ်ပါတယ်" လို့ ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ရှောင် ဂယ်လန်က ဘီဘီစီ ရဲ့ ရာသီဥတုပြောင်းလဲမှုမေးခွန်းများ အစီအစဉ်ကို ပြောပါတယ်။

မိုးအလွန်ရွာတာ၊ မိုးခေါင်တာလိုမျိုး ရေ ပမာဏ ပြောင်းလဲမှုတွေကလည်း မြေကြီးပေါ် ဖိအားဖြန့်ဝေပုံကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့အပြင် ဒေသတချို့မှာ ရေကန်ကြီးတွေ ရေခန်းခြောက်သွားတာနဲ့ မြေငလျင်လှုပ်ရှားမှု ဆက်နွယ်နေတယ်လို့ ဖော်ပြထားတဲ့ သုတေသနတွေလည်း ရှိပါတယ်။
"ရာသီဥတုပြောင်းလဲမှု၊ အထူးသဖြင့် ရေလည်ပတ်မှုစနစ် (hydrologic cycle) ပြောင်းလဲလာတာက မြေငလျင် ဘယ်အချိန် ဖြစ်မလဲဆိုတာကို သက်ရောက်မှု ရှိနိုင်တယ်ဆိုတဲ့ သုတေသနတချို့ ရှိပါတယ်" လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) မှ ဒေးဗစ် အာ. ရှယ်လီ က ဘီဘီစီကမ္ဘာတလွှား ကို ပြောပါတယ်။
ဒါပေမယ့် "ဒီသက်ရောက်မှုတွေက မြေငလျင် စုစုပေါင်း ဖြစ်ပွားနှုန်းကိုတော့ မတိုးစေပါဘူး။ မြေငလျင် ဖြစ်ပွားနှုန်း အဓိကကိုတော့ ကမ္ဘာမြေချပ်ပြား (plate tectonics) ရွေ့လျားမှုကပဲ ထိန်းချုပ်ထားပြီး၊ အဲဒီလုပ်ငန်းစဉ်က ရာသီဥတုပြောင်းလဲမှုနဲ့ သီးခြားဖြစ်ပါတယ်" လို့ သူက ရှင်းပြပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် ရေရွေ့လျားပုံ ပြောင်းလဲလာတဲ့ အကျိုးသက်ရောက်မှုကလည်း ဒေသအလိုက် ကွာခြားပါတယ်။
"တချို့နေရာတွေမှာ ဒီပြောင်းလဲမှုတွေကြောင့် အက်ကြောင်း (fault) တွေ မြေငလျင်ဖြစ်ဖို့ ပိုခက်သွားနိုင်ပါတယ်" လို့ ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ရှောင် ဂယ်လန်က ဘီဘီစီ ရဲ့ ရာသီဥတုပြောင်းလဲမှုမေးခွန်းများ အစီအစဉ်ကို ပြောပါတယ်။
"ဒါပေမယ့် တချို့နေရာတွေမှာတော့ အဲဒါရဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး မြေငလျင် ဖြစ်ဖို့ ပိုလွယ်သွားနိုင်ပါတယ်။"
လက်ရှိ သက်သေအထောက်အထားတွေကတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဒေသအလိုက် မြေငလျင်ဖြစ်ပွားတဲ့ အချိန်နဲ့ အကြိမ်ရေမှာ ပြောင်းလဲမှုတွေ ဖြစ်နိုင်ကြောင်း ညွှန်ပြနေပေမယ့်၊ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်း မြေငလျင်တွေ သိသိသာသာ ပိုများလာမယ်လို့တော့ မျှော်လင့်မထားဘူး လို့ သုတေသီတွေက ဆိုပါတယ်။

ဒေါက်တာ ဗီရီနာ ဆိုင်မွန်ကလည်း ဒီအမြင်ကို သဘောတူပါတယ်။
"လက်ရှိအချိန်မှာတော့ အယ်လ်ပ်တောင်တန်းဒေသအတွက် အရမ်းစိုးရိမ်နေစရာ မရှိသေးပါဘူး" လို့ သူက ပြောပါတယ်။
"ငလျင်အသေးတွေ ပိုများလာရင်၊ အဲဒီဖြစ်စဉ်ကြောင့် ငလျင်ကြီးတချို့ ဖြစ်လာနိုင်ခြေကလည်း မြင့်တက်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကိုတော့ သေချာမပြောနိုင်သေးပါဘူး" လို့ သူက ဆက်ပြောပါတယ်။
တစ်ဖက်မှာတော့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ဒေးဗစ် အာ. ရှယ်လီက ဘီဘီစီကမ္ဘာတလွှားအစီအစဥ် ကို အခုလို ပြောပါတယ်။
"မြေငလျင်တွေက ပိုပြီး မကြာခဏ ဖြစ်လာနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့လူဦးရေ ဆက်ပြီး တိုးလာတာနဲ့အမျှ မြေငလျင်အန္တရာယ် ကြုံတွေ့နိုင်တဲ့ လူဦးရေနဲ့ အခြေခံအဆောက်အအုံတွေ ပိုများလာပါတယ်။"
"ပိုကောင်းတဲ့ အင်ဂျင်နီယာ စံချိန်စံညွှန်းတွေက ဒီအန္တရာယ်ကို တစ်စိတ်တစ်ပိုင်း လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီစံချိန်စံညွှန်းတွေက နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အလွန်ကွာခြားပါတယ်။"
"ဒါ့အပြင် လူမှုအသိုင်းအဝိုင်းတွေက ရေကြီးတာ၊ မိုးခေါင်တာလို ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်နေရပြီးသားဆိုရင်၊ အဲဒီအချိန်မှာ မြေငလျင် ထပ်ဖြစ်လာခဲ့ရင် လူတွေအပေါ် သက်ရောက်တဲ့ အကျိုးဆက်တွေက ပိုပြီး ဆိုးရွားလာနိုင်ပါတယ်" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဒါ့အပြင် လက်ကက် ကလည်း "ကမ္ဘာတစ်ဝန်းမှာ မြေငလျင်တွေရဲ့ ပြင်းအားနဲ့ ဖြစ်ပွားနှုန်းက တိုးလာနေတာ မဟုတ်ပါဘူး" လို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့် လူတွေက မြေငလျင်ဖြစ်လေ့ရှိတဲ့ ဒေသတွေ၊ အထူးသဖြင့် လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ ပိုမိုနေထိုင်လာတာကြောင့် မြေငလျင်ကြောင့် သေဆုံးထိခိုက်မှုတွေက ပိုဆိုးလာနိုင်ပါတယ် လို့ သူက ဆိုပါတယ်။
ရာသီဥတုပြောင်းလဲမှုကလည်း မြေငလျင်အန္တရာယ်ရှိတဲ့ ဒေသတွေကို ပိုမိုထိခိုက်လွယ်စေပြီး၊ မြေပြိုတာလိုမျိုး တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေ ကို ဖြစ်စေနိုင်ပါတယ်။
ဒီအမြင်ကို တွဲဖက်ပါမောက္ခ ရှောင် ဂယ်လန်ကလည်း သဘောတူပါတယ်။
"မြေငလျင်တစ်ခုတည်းကနေ အကြီးအကျယ် မြေပြိုတာတွေ အပါအဝင် နောက်ဆက်တွဲ အကျိုးဆက်မျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်" လို့ ဘီဘီစီ ရဲ့ ရာသီဥတုပြောင်းလဲမှုမေးခွန်းများ အစီအစဉ်ကို ပြောပါတယ်။
"အခုတော့ မြေငလျင်နဲ့ ရာသီဥတုပြောင်းလဲမှုကြားက ဆက်နွယ်မှုကို ပိုပြီး နားလည်လာနေပါပြီ" လို့လည်း သူက ပြောပါတယ်။
ကမ္ဘာကြီးဟာ အပြန်အလှန် ဆက်စပ်နေတဲ့ စနစ်တစ်ခု ဖြစ်ပြီး၊ မြေမျက်နှာပြင်ပေါ်က ပြောင်းလဲမှုတွေနဲ့ မြေအောက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ လုပ်ငန်းစဉ်တွေဟာ အပြန်အလှန် သက်ရောက်မှုရှိကြတယ်လို့ သူက ရှင်းပြပါတယ်။















