တရုတ်မှာ ဥာဏ်ရည်တု"ကျောက်ပုစွန်"ကိုဘာကြောင့်စွဲလမ်းနေကြလဲ - AI ကဘေဂျင်းရဲ့ မျှော်မှန်းချက်တွေအကြောင်းဘယ်လိုပြောလဲ

ဘေဂျင်းမြို့ရှိ Baidu ရုံးချုပ်မှာ OpenClaw (open-source AI assistant) ရဲ့ လိုဂိုကို ကိုယ်စားပြုတဲ့ lobster ပုံစံ ဦးထုပ်တစ်လုံးကို လူတစ်ဦး ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံမှာ OpenClaw အေအိုင်ဟာ လူကြိုက်များမှု အလွန်မြင့်တက်လာခဲ့ပြီး အသုံးပြုသူတွေက "lobster မွေးတယ်" လို့ခေါ်တဲ့ပုံစံနဲ့ ကိုယ်လိုအပ်သလို AI ကို ပုံသွင်းနေကြပါတယ်။
    • ရေးသားသူ, ဖန်ဝမ်
    • ရေးသားသူ, ရန်ချန်
  • ဖတ်ရန်အချိန်: မိနစ် ၆

"ခင်ဗျား ပုစွန်လား" ဆိုတဲ့မေးခွန်းက ဝမ် ဆိုတဲ့လူငယ်တစ်ယောက် က ဘီဘီစီကို ပထမဆုံးမေးခဲ့တဲ့ မေးခွန်းပါ။

မကြာသေးခင်ကာလအတွင်း ဝမ် ဟာ တရုတ်နိုင်ငံမှာ ''lobster-ကျောက်ပုစွန်" လို့ ခေါ်ကြတဲ့ OpenClaw ဆိုတဲ့ AI - အေအိုင်(ဥာဏ်ရည်တု) ကို အလွန်စွဲလမ်းနေခဲ့ပါတယ်။ ဒါကြောင့် သူ ပြောနေတဲ့သူက သတင်းထောက်မဟုတ်ဘဲ AI ဖြစ်နေတာလားဆိုပြီး ဝမ်က ထင်ယောင်ထင်မှား ဖြစ်နေပါတယ်။

AI မဟုတ်ကြောင်း ဝမ် နဲ့ အတည်ပြုပြီးနောက်၊ အဲဒီ နည်းပညာ အင်ဂျင်နီယာလူငယ် ''ဝမ်'' က သူ AI လောကထဲကို ဘယ်လို "နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားခဲ့တယ်" ဆိုတာနဲ့ အထူးသဖြင့် OpenClaw အပေါ် ဘယ်လောက်စွဲလန်းခဲ့တယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။

နိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တွန်းအားပေးမှုကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ်ဟာ AI နည်းပညာကို လက်ခံအသုံးပြုလာခဲ့ပြီး၊ အဲဒီအခြေအနေက လူတွေရဲ့ စူးစမ်းသိလိုစိတ်နဲ့ စိုးရိမ်မှု ဆိုတဲ့ နှစ်မျိုးလုံးကို ဖြစ်စေခဲ့ပါတယ်။

OpenClaw ကို သြစတြီးယား developer တစ်ဦးဖြစ်တဲ့ ပီတာ စတိန်းဘာဂျာက ဖန်တီးခဲ့ပြီး၊ဘယ်လို အပြောင်းအလဲတွေ ဘယ်လိုဖြစ်ပေါ်နေတယ်ဆိုတာကို ပြသတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။

OpenClaw ဟာ open-source data - ပွင့်လင်းအချက်အလက်တွေနဲ့ နည်းပညာအပေါ် အခြေခံထားတာကြောင့်၊ မိမိလိုအပ်သလို ပြုပြင်ပြီး တရုတ် AI မော်ဒယ်တွေနဲ့ တွဲဖက်အသုံးပြုချင်သူတွေ အတွက် လွတ်လပ်စွာ ရယူနိုင်ပါတယ်။ ဒါဟာ အားသာချက်ကြီးတစ်ခုဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ChatGPT နဲ့ Claude တို့လို အနောက်တိုင်း AI မော်ဒယ်တွေကို တရုတ်နိုင်ငံအတွင်းမှာ အသုံးပြုခွင့် မရှိလို့ပါ။

ဒါကြောင့် လူတွေက သူ့ရဲ့ကုဒ်ကို စမ်းသပ်လာကြတာနဲ့အမျှ OpenClaw ဟာ အရူးအမူးဖြစ်စရာ ဖြစ်လာခဲ့ပါတယ်။ ဝမ် ကလည်း အဲဒီထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ TikTok ပေါ်မှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေ ရောင်းတဲ့ အွန်လိုင်းဆိုင်လေးတစ်ခုကို လျှို့ဝှက်အလုပ်အဖြစ် လုပ်နေတဲ့အတွက် သူ့အမည်အပြည့်အစုံကို မဖော်ပြချင်ပါဘူး။ TikTok ကို တရုတ်နိုင်ငံမှာ ပိတ်ပင်ထားတာကြောင့် လျှို့ဝှက်လုပ်ကိုင်တာပါ။

သူရဲ့ "ကျောက်ပုစွန်" - "lobster" (OpenClaw code ကို အခြေခံပြီး သူ့လိုအပ်ချက်အတွက် ပြုပြင်ထားတဲ့ AI) ဘာတွေ လုပ်နိုင်တယ်ဆိုတာကို ပထမဆုံးတွေ့မြင်တဲ့အခါမှာတော့ သူ အလွန်အံ့အားသင့်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

TikTok Shop မှာ ပစ္စည်းတွေတင်တဲ့အလုပ်က ခက်ခဲပါတယ်။ ပုံတွေတင်ရတယ်၊ ခေါင်းစဉ်နဲ့ ဖော်ပြချက်ရေးရတယ်၊ စျေးနှုန်းနဲ့ လျှော့စျေးတွေသတ်မှတ်တွက်ချက်ရတယ်၊ အွန်လိုင်းပေါ်က ကမ်ပိန်းတွေမှာ ပါဝင်ရတယ်၊ နာမည်ကြီး influencer တွေနဲ့ ဆက်သွယ်ရတယ်။ ပုံမှန်အားဖြင့် သူက တစ်နေ့ကို ပစ္စည်း ၁၂ ခုလောက်ပဲ တင်နိုင်ပါတယ်။

ဒါပေမယ့် သူစမ်းသပ်နေဆဲဖြစ်တဲ့ သူ့ "lobster" ကတော့ ၂ မိနစ်အတွင်း ပစ္စည်း ၂၀၀ လောက်အထိ တင်နိုင်တယ်လို့ သူပြောပါတယ်။

"ဒါက ကြောက်စရာလည်းကောင်းတယ်၊ ဒါပေမယ့် စိတ်လှုပ်ရှားစရာလည်းကောင်းတယ်။ ဒီအလုပ်မှာတော့ ကျွန်တော့်ထက်တောင် 'lobster' က ပိုကောင်းတယ်။ စာရေးတာလည်း ပိုကောင်းတယ်၊ ပြိုင်ဘက်တွေရဲ့ စျေးနှုန်းတွေနဲ့ ချက်ချင်း နှိုင်းယှဉ်နိုင်တယ်။ ကျွန်တော်ဆိုရင် အချိန်မလုံလောက်လို့ မလုပ်နိုင်တဲ့အရာပါ" လို့ ဆိုပါတယ်။

OpenClaw ဟာ ကမ္ဘာလုံးဆိုင်ရာ နည်းပညာလောကထဲမှာလည်း အလွန်လျင်မြန်စွာ လူကြိုက်များလာပြီး Nvidia ရဲ့ CEO ဂျန်ဆန်ဟွမ်း ကတောင် "နောက်ထပ် ChatGPT ဖြစ်လာမယ့် အရာ" လို့ ခေါ်ခဲ့ပါတယ်။ Developer စတိန်းဘာဂျာကလည်း မကြာသေးခင်က OpenAI ကို ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

ဒါပေမယ့် OpenClaw ကို "လူကြိုက်များ"စေခဲ့တဲ့ စိတ်အားထက်သန်မှုဟာ "တရုတ်နိုင်ငံအတွက် ထူးခြားတဲ့ အရာတစ်ခု" ဖြစ်တယ်လို့ MERICS think-tank က ဝင်ဒီချန်း က ပြောပါတယ်။

Engineers (front) install and set OpenClaw, an open-source AI assistant at the Baidu headquarter in Beijing on March 11, 2026

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, OpenClaw ဆိုတဲ့ ဥာဏ်ရည်တု အခမဲ့သုံးခွင့်ရနိုင်ဖို့ တန်းစန့်ထ် နဲ့ ဘိုင်ဒူး တို့ရဲ့ ရုံးချုပ်အပြင်ဘက်မှာ သာမန်လူတွေ တန်းစီနေကြ

ဝမ် ကတော့ OpenClaw ကို "AI ခေတ်မှာ သာမန်လူတွေအတွက် အဖြေတစ်ခု" လို့ သူ့အမြင် ကိုပြောပါတယ်။ တရုတ် နည်းပညာကုမ္ပဏီကြီးတွေကလည်း ဒီအမြင်ကို လက်ခံနေကြသလို OpenClaw ကို အခြေခံပြီး အပလီကေးရှင်းတွေကို ဆက်တိုက်ထုတ်နေကြပါတယ်။

ရှန်းကျန်းမြို့ကနေ ဘေဂျင်းမြို့အထိ လူရာနဲ့ချီ ရှိတဲ့ အလယ်တန်းကျောင်းသူကျောင်းသားတွေကနေ အငြိမ်းစားတွေအဆုံး Tencent နဲ့ Baidu ရုံးချုပ်ရှေ့မှာ စိတ်ကြိုက်ဗားရှင်းတွေကို အခမဲ့ရယူဖို့ စောင့်ဆိုင်းနေကြပါတယ်။

လူအများစုက "lobsters" လို့ခေါ်တဲ့ ဒီ AI tools တွေကို ပိုသိချင်လို့ စိတ်ဝင်စားနေကြပါတယ်။ အွန်လိုင်းအသုံးပြုသူတချို့ကတော့ ဒီ tools တွေကို စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံဖို့ အသုံးပြုနေပြီး ဘယ်အချိန်ဝယ်ရမလဲ၊ ရောင်းရမလဲဆိုတာကို သူတို့ရဲ့ "lobster" က ခန့်မှန်းပေးသလို တချို့ကတော့ အဲဒါကိုတောင် လက်တွေ့လုပ်ဆောင်ပေးတယ်လို့ ပြောကြပါတယ်။ဒါပေမယ့် အမှားကြီးဖြစ်နိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ တခြားသူတွေကတော့ ဒီကိရိယာတွေဟာ အလုပ်မျိုးစုံလုပ်တဲ့အတွက်နဲ့ အချိန်ချွေတာရာမှာ အလွန် ကောင်းမွန် အသုံးဝင်တယ်လို့ ဆိုပါတယ်။

တရုတ်က နာမည်ကြီး ဟာသသရုပ်ဆောင်နဲ့ စာရေးဆရာ လီဒန်းကတော့ သူ့ရဲ့ ဒုံရင်း- Douyin (တရုတ်ဘာသာနဲ့ အသုံးပြုရတဲ့ TikTok) ဖော်လိုဝါ- follower သန်းပေါင်းများစွာကို OpenClaw ကို သူကိုယ်တိုင်စွဲလန်းနေပြီး သူ့အိပ်မက်ထဲမှာ "lobster"နဲ့ စကားပြောနေတယ်လို့ပြောထားပါတယ်။

Cheetah Mobile အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဖူရှန်း ကလည်း "lobster မွေးတယ်" လို့ ဆိုပြီးအဲဒါက "lobsterကို ကိုယ်လိုအပ်သလိုဖန်တီးလုပ်ကိုင်စေတာလို့ "သူ့ရဲ့ လူမှုမီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။ ဒီစကားလုံးကိုလည်း အသုံးပြုသူတွေက လိုက်နာအသုံးပြုလာကြပါတယ်။

တရုတ်ကသူ့ရဲ့ အေအိုင် တိုးတက်မှုကိုတောက်လျှောက်ပြင်ဆင်နေတာပါ။ မနှစ်က DeepSeek ဆိုတဲ့ တရုတ် app တစ်ခု AI လောကထဲ ဝင်လာချိန်မှာ လူတော်တော်များများကို အံ့အားသင့်စေခဲ့ပါတယ်။

ဒီ platform က open-source ဖြစ်ပြီး တရုတ်နိုင်ငံအတွင်း အဆင့်မြင့် တက္ကသိုလ်တွေက အင်ဂျင်နီယာတွေက ဖန်တီးထားတာပါ။ ဒီအောင်မြင်မှုကလည်း AI အပါအဝင် အရေးကြီးတဲ့ နည်းပညာတွေကို နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံလာခဲ့တဲ့ အခြေခံပေါ်မှာရှိပါတယ်။

DeepSeek က ပြသခဲ့တာကတော့ တရုတ်နိုင်ငံမှာ နည်းပညာဖန်တီးမှုကန့်သတ်ချက်တွေရှိနေပေမယ့် သုတေသနနဲ့ နည်းပညာဆန်းသစ်တီထွင်မှုအတွက် အခွင့်အလမ်းတွေကို ရှာဖွေနေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဆန္ဒပြင်းပြမှု ဖြစ်ပါတယ်။ ဒါ့အပြင် open-source ပလက်ဖောင်းတွေကို လူတွေ ဘယ်လောက် စိတ်အားထက်သန်စွာ လက်ခံကျင့်သုံးလိုကြောင်းကိုလည်း ဒါက သက်သေပြခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် OpenClaw ထွက်ပေါ်လာဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ဒီ ပလက်ဖောင်းရဲ့ လူကြိုက်များမှုကို တရုတ်အစိုးရကလည်း သတိထားမိခဲ့ပါတယ်။ မြို့အချို့က စီးပွားရေးလုပ်ငန်းရှင်တွေကို OpenClaw အသုံးပြုဖို့ လှုံ့ဆော်တဲ့ အားပေးအစီအစဉ်တွေတောင် ထုတ်ပေးခဲ့ပါတယ်။

ဥပမာ၊ ဝူရှီမြို့မှာ စက်မှုလုပ်ငန်းဆိုင်ရာ အသုံးချမှုတွေ- ဥပမာ စက်ရုံတွေအတွက် ယွမ် ၅ သန်းအထိ ထောက်ပံ့ပေးခဲ့ပါတယ်။

"တရုတ်မှာ လူတိုင်းသိတာက အစိုးရက လမ်းညွှန်ပေးတယ်၊ အခွင့်အလမ်းတွေကိုလည်း အစိုးရက ပြောပြတယ်" လို့ Tech Buzz China newsletter တည်ထောင်သူ ရိုင်မားက ပြောပါတယ်။

"လူအများစုအတွက်တော့ လက်တွေ့ကျတဲ့နည်းလမ်းပါ။ ကိုယ်တိုင် စဉ်းစားရှာဖွေမယ့်အစား အစိုးရညွှန်ကြားချက်ကိုလိုက်နာတာ ပိုကောင်းတယ်လို့တောင် ပြောနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။

ဘေဂျင်းက ဦးစားပေးနယ်ပယ်တွေကို ပြောလိုက်တာနဲ့ စျေးကွက်ကလည်း ချက်ချင်းလိုက်လာပါတယ်။ နောက်ဆုံး နှစ်အနည်းငယ်အတွင်းမှာ နည်းပညာကုမ္ပဏီတွေ ကြီးတာကနေ သေးတာအထိ AI ပြိုင်ပွဲထဲကို ဝင်ရောက်လာကြပြီး ရုံးခန်းငှားခ အထောက်အပံ့၊ ငွေကြေးဆုလာဘ်နဲ့ ချေးငွေတွေကိုလည်း ရရှိနေကြပါတယ်။

ထုတ်လုပ်ရေးကနေ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးကနေ အိမ်သုံးပစ္စည်းအထိ လုပ်ငန်းအမျိုးမျိုးမှာ AI ကို ထည့်သွင်းအသုံးပြုဖို့ ကြိုးပမ်းနေကြပါတယ်။ "ဒါက AI Plus ဆိုတဲ့ အယူအဆပဲ" လို့ ချန်း က ပြောပါတယ်။ "AI ကို ယူပြီး နေရာတိုင်းမှာ အသုံးချလိုက်တာပါ" လို့ ဆိုပါတယ်။

"ဥာဏ်ရည်တု ကိုယူပါ၊ နေရာတိုင်းမှာ အသုံးချပါ" ဆိုတဲ့ စက်မှုလုပ်ငန်းအားလုံးမှာ ဥာဏ်ရည်တုကို ပေါင်းစည်းဖို့ တရုတ်ရဲ့ အမျိုးသားမဟာဗျူဟာကို ရည်ညွှန်းပြီး သူက ပြောပါတယ်။

သူ့ရဲ့ လူကြိုက်များမှုဟာ တရုတ်အစိုးရရဲ့ အာရုံစိုက်ခြင်း မလွတ်ကင်းခဲ့ပါဘူး။ ခရိုင်နဲ့မြို့အများအပြားက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို သူတို့ရဲ့လုပ်ငန်းတွေမှာ OpenClaw ကို အသုံးချဖို့ မက်လုံးတွေ ပေးခဲ့ပါတယ်။

ယှဉ်ပြိုင်မှုက ပြင်းထန်ပါတယ်။ တရုတ်မီဒီယာတွေက "မော်ဒယ်တစ်ရာစစ်ပွဲ" လို့ အမည်ပေးထားတဲ့အထဲမှာ ၂၀၂၃ ခုနှစ်ကတည်းက ဥာဏ်ရည်တု မော်ဒယ် ၁၀၀ ကျော် ပေါ်ထွက်လာခဲ့ပြီး ၁၀ ခုသာ ယှဉ်ပြိုင်နိုင်ဆဲဖြစ်ပါတယ်။

Embodied intelligent robots perform a thousand-hand Guanyin dance in Shenzhen China

ဓာတ်ပုံ ရင်းမြစ်, VCG via Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံ ရှင်ကျန်းမှာ ဥာဏ်ရည်တုသွင်းထားတဲ့ စက်ရုပ်တထောင်လောက်လက်အကနဲ့ ဖျော်ဖြေနေတာဖြစ်ပါတယ်။

AI startup တွေက တရုတ်နိုင်ငံရဲ့ အရေးကြီးပြဿနာတစ်ခုဖြစ်တဲ့ လူငယ်အလုပ်လက်မဲ့နှုန်း ၁၆% ကျော်ကို ဖြေရှင်းနိုင်မယ့် အခွင့်အလမ်းတစ်ခုအဖြစ် မြင်နေကြပါတယ်။

OpenClaw နဲ့ ဆက်စပ်တဲ့ အစိုးရထောက်ပံ့မှုအစီအစဉ်တွေထဲမှာ တချို့ဆိုရင် ယွမ် ၁၀ သန်းအထိ ထောက်ပံ့ပေးတာရှိပြီး "one-person company" လို့ခေါ်တဲ့ လူတစ်ဦးတည်းက AI အကူအညီနဲ့ လုပ်ကိုင်တဲ့ startup မျိုးတွေကို အားပေးထားပါတယ်။

"လူတစ်ယောက်တည်း ကုမ္ပဏီ တည်ထောင်ဖို့ အများဆုံးဖြစ်နိုင်တာက အလုပ်အကိုင်ရှားပါးမှုကြုံနေရတဲ့ လူငယ်တွေပဲ ဖြစ်နိုင်ပါတယ်" လို့ AI ကို လေ့လာနေတဲ့ သုတေသီ ဂျန်နီရှောင်က ပြောပါတယ်။ တရုတ်နိုင်ငံမှာ အလုပ်အကိုင်ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် နောက်ကျသွားမလားဆိုတဲ့ စိုးရိမ်မှုလည်း အရမ်းပြင်းထန်နေပါတယ်။

"၂၀၂၆ ခုနှစ်မှာ 'lobster' မမွေးနိုင်ခဲ့ရင် နောက်ကျသွားပြီ" လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။ IT programmer တစ်ဦးဖြစ်တဲ့ ဂျက်ဆန် ကတော့ "တကယ်ကို ကြောက်စရာကောင်းပါတယ်" လို့ ပြောပါတယ်။ သူ့အဖွဲ့မှာ AI tools သုံးတတ်သူတွေပဲ ခေါ်ယူနေပြီး အလုပ်ထွက်သွားတာများပေမယ့် လူသစ်ခေါ်ယူတာတော့ နည်းနေတယ်လို့ ဆိုပါတယ်။

ဝမ် ကလည်း "လူတိုင်းကို အစားထိုးခံရနိုင်တယ်" လို့ ဆိုပြီး ဒီကာလကို ကြောက်စရာကောင်းတယ်လို့ သဘောတူပါတယ်။ ဒါပေမယ့် သူ့ကိုယ်တိုင်တော့ အရမ်းစိုးရိမ်နေသလို မမြင်ရပါဘူး။

"နောက်ဆို အလုပ်လုပ်ဖို့တောင် မလိုတော့နိုင်ဘူး၊ ဒါကပဲ ကျွန်တော့် full-time အလုပ်ဖြစ်လာနိုင်တယ်" လို့ သူ့ရဲ့ TikTok ပေါ်က စီးပွားရေးကို ရည်ညွှန်းပြီး ပြောပါတယ်။

"lobster" တွေက သူ့လုပ်ငန်းကိုယ်တိုင် လည်ပတ်နိုင်သွားပြီး သူ့ကို ဖယ်ထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲဆိုတာ မေးတဲ့အခါ "AI သုံးပြီး အခြားလုပ်ငန်းတစ်ခု ထပ်ရှာမယ်" လို့ ပြောပါတယ်။

တချို့ကျွမ်းကျင်သူတွေကတော့ တရုတ်က AI platform တွေဟာ အနောက်နိုင်ငံတွေထက် နောက်ကျနေသေးပေမယ့် ကွာဟချက်က လျော့နည်းလာနေပြီလို့ ပြောပါတယ်။ ဒါကြောင့်လည်း OpenClaw ကို တိုးမြှင့်အသုံးပြုဖို့ လှုံ့ဆော်တာဟာ တရုတ်အစိုးရအတွက် မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုလို့ ရှောင် က ဆိုပါတယ်။

ဒါပေမယ့် အသုံးပြုသူတွေက ပါဝင်ပတ်သက်နေတဲ့ ကုန်ကျစရိတ်တွေ အေးဂျင့်နဲ့ အပြန်အလှန်ဆက်သွယ်ဖို့ တိုကင်ကုန်ကျစရိတ်တွေ၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို စဉ်းစားလာတာနဲ့အမျှ အစောပိုင်းက စိုးရိမ်မှုတွေ အထွတ်အထိပ်ရောက်မှုဟာ အေးဆေးသွားပါတယ်။

ပြီးခဲ့တဲ့လမှာလည်း ဘေဂျင်းရဲ့ ဆိုက်ဘာလုံခြုံရေး အာဏာပိုင်တွေက OpenClaw ကို မမှန်ကန်စွာ ထည့်သွင်းခြင်း၊ အသုံးပြုခြင်းနဲ့ ဆက်စပ်နေတဲ့ အန္တရာယ်တွေအကြောင်း သတိပေးခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အစိုးရအဖွဲ့အစည်းတချို့က ဝန်ထမ်းတွေကို OpenClaw ကို ထည့်သွင်းခြင်း မလုပ်ခိုင်းတော့ဘဲ ပိတ်ပင်လာကြပါတယ်။ တချိန်တည်းမှာ ထည့်သွင်းပေးနေတဲ့ ရေပန်းစားမှုကနေ ထည့်သွင်းထားတာကိုဖြုတ်တဲ့ပုံစံကို ပြောင်းလဲသွားပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ အထက် အောက် အုပ်ချုပ်ရေးစနစ်မှာ ဒီလိုဆန့်ကျင်မှုမျိုးဟာ ထူးဆန်းမှုမရှိဘူးလို့ ရိုင်မားက ဆိုပါတယ်။ ဒေသဆိုင်ရာ အစိုးရတွေက ဘေဂျင်းရဲ့ သဘောထားနဲ့ ကိုက်ညီအောင် tool အသစ်တွေကို မြန်မြန်ဆန်ဆန် လက်ခံပြီး ပြဿနာတွေ ပေါ်လာတဲ့အခါ ပြန်လည်နောက်ဆုတ်တတ်ကြပါတယ်။

"ဒါက ထိန်းချုပ်မှုအောက်က ရှုပ်ထွေးမှုတစ်မျိုးပါ" လို့ ရိုင်မားက ပြောပြီး ဘေဂျင်းက ဝင်ရောက်စွက်ဖက်တာဟာ တားမြစ်လိုတဲ့အဓိပ္ပါယ် မဟုတ်ကြောင်းလည်း ထပ်ပြောပါတယ်။