လူသေဆုံးမှုဆယ်ချီရှိတဲ့ "ဝ" ဒေသက ယမ်းချက်စက်ရုံပေါက်ကွဲမှု

ဓာတ်ပုံ ရင်းမြစ်, Screen Grab
တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ်ရှိတဲ့ပန်ဆန်းမြို့က ယမ်းချက်စက်ရုံမှာ ဧပြီ ၇ ရက်က အကြီးစားပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ပန်ဆန်းမြို့၊ ယောင်ပန်ရွာမှာရှိတဲ့ အဲဒီစက်ရုံပေါက်ကွဲမှုကြောင့် ဧပြီ ၈ ရက်ညနေပိုင်းအထိစာရင်းအရ သေဆုံးသူဆယ်နဲ့ချီရှိတယ်လို့ "ဝ"တပ်ဖွဲ့နဲ့နီးစပ်တဲ့ ပန်ဆန်းဒေသခံသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောပါတယ်။
စက်ရုံပေါက်ကွဲမှုကြောင့် အစိတ်စိတ်အမွှာမွှာကွဲပြီး လွင့်စင်နေတဲ့ အပိုင်းအစတချို့ မီးတောက်လောင်နေပြီး စက်ရုံနေရာမှာ မီးခို့ငွေ့တွေနဲ့ မီးလောင်နေတဲ့ရုပ်သံဖိုင်အတိုတွေလည်း ဧပြီ ၇ ရက်ညနေပိုင်းကစလို့ တရုတ်လူမှုကွန်ရက်စာမျက်နှာ ဝီချက်(WeChat)ပေါ်မှာ ပျံ့နှံ့နေပါတယ်။
ရုပ်သံဖိုင်တွေထဲ မီးငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကိုတွေ့ရသလို "ဝ"တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတချို့ကလည်း နှာခေါင်းစည်းတွေတပ်ပြီး ပေါက်ကွဲမှုဖြစ်နေတဲ့ နေရာကို ကြီးကြပ်စစ်ဆေးနေတာ တွေ့ရပါတယ်။
တရုတ်နိုင်ငံသားကို "ဝ" ဖမ်းဆီးထား

ဓာတ်ပုံ ရင်းမြစ်, တရုတ်လူမှုကွန်ရက်
''ဝ''ဒေသအခြေစိုက် Wa News Land သတင်းဌာနကတော့ UWSA ထိန်းချုပ်နယ်မြေ၊ ပန်ဆန်းမြို့မှာ ယမ်းသိုလှောင်ထားတဲ့စက်ရုံပေါက်ကွဲမှုလို့ဖော်ပြပါတယ်။ ဒါပေမဲ့ ပန်ဆန်းဒေသခံ နှစ်ဦးနဲ့ "ဝ" တပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ ယမ်းချက်စက်ရုံလို့ အတည်ပြုပြောကြပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့စက်ရုံဟာ တရုတ်နိုင်ငံသား ဦးဆောင်လည်ပတ်နေတဲ့စက်ရုံလို့ မြေပြင်သတင်းရင်းမြစ်က ပြောပြီး စက်ရုံရဲ့ တာဝန်ရှိသူ တရုတ်နိုင်ငံသားတစ်ဦးကို "ဝ"တပ်ဖွဲ့ဘက်က ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့ "ဝ"နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပြောပါတယ်။
ဖမ်းဆီးခံ တရုတ်နိုင်ငံသားဟာ "ဖမ်းဆီးခံရချိန်မှာ ပန်ဆန်းမြို့မှာ ရှိနေခဲ့တာ" လို့ သူကဆိုပါတယ်။
အဲဒီတရုတ်နိုင်ငံသားကို "ဝ" တပ်ဖွဲ့ဝင် ၂ ဦးက လက်ပြန်နောက်ချုပ်ပြီး ဖမ်းဆီးနေတဲ့ဓာတ်ပုံကိုလည်း တရုတ်လူမှုကွန်ရက် WeChat မှာ တွေ့ရပါတယ်။ အဲဒီစက်ရုံမှာ "ဝ"လူမျိုးတွေအပါအဝင် မြန်မာတိုင်းရင်းသားတချို့ နဲ့ တရုတ်နိုင်ငံသားတွေလည်း လုပ်ကိုင်နေတဲ့အကြောင်း သတင်းရင်းမြစ်ဆီက သိရှိရပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့ နေရာမှာ ဧပြီ ၈ ရက်ညနေပိုင်းအထိ "ဝ"တပ်က လုံခြုံရေးချထားပြီး ပိတ်ဆို့တင်းကျပ်ထားတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။ "အပြင်လူ ဘယ်သူမှ ဝင်လို့မရဘူး။ "ဝ"စစ်တပ်ပဲ ဝင်၊ ထွက်ခွင့်လုပ်ထားတယ်" လို့ သူက ဆက်ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့ မနေ့ (ဧပြီ ၇ ရက်)ကတော့ ကယ်ဆယ်ရေးနဲ့ မီးငြှိမ်းတာတွေလုပ်ပြီး ဧပြီ ၈ ရက်ညနေပိုင်းအထိ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို ရှင်းလင်းရေးတွေ ဆက်လုပ်နေရတုန်းလို့ သူကဖြည့်ပြောပါတယ်။
ဒါဟာ "ဝ"နယ်မြေထဲက ယမ်းချက်စက်ရုံတစ်ခု ပထမဆုံးအကြိမ်ပေါက်ကွဲဖူးတာဖြစ်ပြီး ဒီအပြင်းစားပေါက်ကွဲမှုကြောင့် လူသေဆုံးတဲ့အရေအတွက် ထပ်ပြီးတိုးလာနိုင်တယ်လို့ ပန်ဆန်းဒေသခံမြေမြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
သေဆုံးသူဦးရေ ထပ်တိုးလာနိုင်

ဓာတ်ပုံ ရင်းမြစ်, Screen Grab
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပေါက်ကွဲမှုဖြစ်ပြီး တစ်ရက်ကျော်ကြာ ဧပြီ ၈ ရက်အထိ သေဆုံးသူဦးရေ ၅၀ ကျော်အထိ ရှိလာပြီလို့ ကနဦးသိထားရတဲ့အကြောင်း "ဝ"တပ်ဖွဲ့ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
Wa News Land သတင်းဌာနကတော့ လူ ၅၀ နဲ့ ၆၀ ဝန်းကျင်ထိခိုက်မှုရှိပြီး သေဆုံးသူလည်းရှိတယ်လို့ဖော်ပြပေမဲ့ သေဆုံးသူစာရင်း အတိအကျကို သီးခြားအတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေဆဲလို့ဆိုပါတယ်။
စက်ရုံအနီးနားမှာ နေထိုင်တဲ့ ဒေသခံ ၂ ဦးကတော့ အဲဒီစက်ရုံမှာ ပုံမှန်အလုပ်လုပ်တဲ့ အလုပ်သမား ဦးရေဟာ လူပေါင်း ၅၀ ကနေ ၆၀ ဝန်းကျင်အထိရှိတယ်လို့ ပြောပါတယ်။
"ပေါက်ကွဲမှုပြင်းလွန်းလို့ စက်ရုံနဲ့ လှမ်းတဲ့နေရာက ဒေသခံတွေရဲ့ အိမ်တွေတောင်စုတ်ပြတ်သတ်သွားတယ်။ စက်ရုံထဲကဆို ဘယ်သူမှ အသက်ရှင်မကျန်လောက်ဘူး။ တစစီဖြစ်သွားလောက်ပြီ။" လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက မြေပြင်အခြေအနေကိုတွက်ချက်ပြီး ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူတချို့ရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေ ပေါက်ကွဲမှုဖြစ်တဲ့နေရာတဝိုက်မှာ ပြန့်ကျဲနေတာကို သတင်းရင်းမြစ်ပေးပို့လာတဲ့ ရုပ်သံဖိုင်ထဲမှာလည်း တွေ့ရပါတယ်။
တစ်ဖက်မှာလည်း ဧပြီ ၈ ရက်ညနေပိုင်းအထိ စက်ရုံပေါက်ကွဲမှုကြောင့် သေဆုံးသူလူဦးရေ အတိအကျကို အတည်ပြုဖို့ "ဝ"အာဏာပိုင်တွေက စစ်ဆေးနေဆဲဖြစ်တယ်လို့ သူက ထပ်ဖြည့်ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရတဲ့သူဆယ်ချီရှိပြီး အဲဒီလူတွေကို ပန်ဆန်းဆေးရုံနဲ့ အနီးနားက ဆေးရုံတချို့ကို ပို့ဆောင်ထားတယ်လို့ သိရှိရပါတယ်။ ဒဏ်ရာရတဲ့သူအများအပြားဟာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေကြောင့် မြန်မာဘက်က ဆေးရုံတချို့မှာ သွေးမလုံလောက်မှုနဲ့ ခွဲစိတ်ခန်းမလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ တရုတ်သတင်းမီဒီယာတချို့မှာ ဖော်ပြပါတယ်။
ဒဏ်ရာရတဲ့သူတချို့အနေနဲ့ တစ်ဖက် တရုတ်ဘက်ခြမ်း ပူအယ်မြို့က ဆေးရုံတချို့ကို ပြောင်းရွှေ့ဖို့စီစဉ်သူတချို့ရှိပေမယ့် နယ်စပ်ဖြတ်ကျော်ဖို့ အထောက်အထားတွေ ချက်ချင်းလုပ်ဖို့မရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ပေါက်ကွဲမှု ဘယ်လောက်ပြင်းလဲ

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ပေါက်ကွဲတဲ့အရှိန်ဟာ စက်ရုံရဲ့ ၁ မိုင်ကနေ ၃ မိုင်ဝန်းကျင်အကွာအဝေးလောက်မှာရှိတဲ့ ယောင်ပန်ရွာက လူနေအိမ်တချို့ ကို ထိခိုက်ပျက်စီးစေခဲ့သလို ပေါက်ကွဲမှုပြင်းအားအရှိန်ကိုလည်း သိသိသာသာခံစားခဲ့ရတယ်လို့ ရွာခံ ၂ ဦးက ပြောပါတယ်။ "စက်ရုံရဲ့ ပေါက်ကွဲစတွေက ရွာအထိ လွင့်စင်လာတာ"လို့ မြေပြင်မှာရှိတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့အချိန် မြေကြီးတွေလည်း တုန်၊ အိမ်တွေလည်း တုန်ခါခဲ့သလို အသံလည်း ကျယ်ကျယ်လောင်လောင် ကြားလိုက်ရတဲ့အကြောင်း ပေါက်ကွဲသံကို ကြားခဲ့ရတဲ့ ယောင်ပန်ရွာခံတချို့က သူတို့ရဲ့ WeChat လူမှုကွန်ရက်အကောင့်မှာ မျှဝေထားကြတာ တွေ့ရပါတယ်။
ဘီဘီစီကို လက်ခံရရှိခဲ့တဲ့ ရုပ်သံဖိုင်တချို့မှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ စက်ရုံဝန်းကျင်က လူနေအိမ်ရဲ့ အမိုးတွေနဲ့ ပြတင်းပေါက်တွေ ပျက်စီးကျိုးပဲ့ကုန်ပြီး အိမ်ထဲမှာလည်း နံရံတွေကွာကျနေတဲ့မြင်ကွင်းတွေကို တွေ့ရပါတယ်။
တစ်ဖက်မှာလည်း ပေါက်ကွဲမှုကြောင့် စက်ရုံထဲက အဆောက်အဦတွေကို အပျက်အစီးအပိုင်းအစတွေအဖြစ် မြေပြင်မှာ ပြန့်ကျဲနေတာကို ရုပ်သံဖိုင်ကတဆင့် တွေ့ရပါတယ်။
အလားတူ ပန်ဆန်းနဲ့ ထိစပ်နေတဲ့ တရုတ်ဘက်ခြမ်း ယူနန်တောင်ပိုင်း၊ ပူအယ်မြို့နယ်ထဲမှာလည်း မနေ့တုန်းက ပေါက်ကွဲသံတွေကြားခဲ့ရပြီး နေအိမ်တချို့လည်း ပေါက်ကွဲရှိန်ကြောင့် တုန်ခါမှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ တရုတ်ဘက်က သတင်းမီဒီယာတချို့မှာ ဖော်ပြထားကြပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ စက်ရုံဟာ "ဝ"ထိန်းချုပ်ဒေသထဲက သတ္တုတွင်းလုပ်ငန်းတွေအတွက် ယမ်းထုတ်လုပ်ပေးနေတဲ့ စက်ရုံလို့ ဒေသခံတချို့က ပြောပါတယ်။ မြေပြင်သတင်းရင်းမြစ်ကတော့ စက်ရုံထဲမှာ မီးရှုးမီးပန်းနဲ့ဗျောက်အိုးတွေ ထုတ်ရာကနေ မတော်တဆပေါက်ကွဲသွားတာဖြစ်နိုင်တယ်လို့ သူ့တို့ရဲ့ ရဲ့ ယူဆချက်ကို ပြောပါတယ်။
"ဝ"နယ်ထဲမှာ "ပွဲတော်ရာသီနီးရင် မီးရှူးမီးပန်းတွေထုတ်တယ်၊ ယမ်းတွေထောင်းရတာပေါ့။ ယမ်းများမှာ လည်း မီးပန်းတွေက အမြင့်ကြီးတက်တာ။ သင်္ကြန်ကာလဆို မီးရှူးမီးပန်းတွေ အများကြီးရောင်းရတယ်"
"ဝ"တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ အဲဒီစက်ရုံမှာ "ဝ"ထိန်းချုပ်နယ်မြေထဲက သတ္တုတွင်းလုပ်ငန်းသုံး ဖောက်ခွဲရေးပစ္စည်းတွေအပြင် "ဝ"တပ်ဖွဲ့ရဲ့ လက်နက်ကျည်ထိပ်ဖူးအမျိုးအစားတချို့ကိုလည်း ထုတ်လုပ်တယ်လို့ ပြောပါတယ်။
စက်ရုံပေါက်ကွဲမှုကြောင့် သေဆုံးတဲ့ လူအရေအတွက်၊ပေါက်ကွဲမှုဖြစ်တဲ့အကြောင်းရင်းနဲ့ ဘယ်လိုစက်ရုံဆိုတာတွေကိုတိတိကျကျသိရဖို့ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို ဘီဘီစီက ဧပြီ ၈ ရက်နေ့မှာ မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ဒုတိယအထွေထွေအတွင်းရေးမှူးကတော့ ဖြစ်ခဲ့တဲ့ မတော်တဆပေါက်ကွဲမှုကြောင့် ဝမ်းနည်းကြောင်းကို တရုတ်ဘာသာနဲ့ သုံးရတဲ့ တစ်တော့(Douyin) လူမှုကွန်ရက်ကနေ ပြောကြားထားပါတယ်။












